အိပ်ဟောက်ရှူပိတ်ရောဂါ (Obstructive Sleep Apnoea – OSA) နှင့် ပြောင်းလဲရမယ့်လူနေမှုပုံစံ

အိပ်ဟောက်ရှူပိတ်ရောဂါဟာ အကြောင်းအမျိုးမျိုးကြောင့် လည်ပင်းအနောက်ဘက်တွင် ရှိသော ကြွက်သားပြေလျော့မှုကြောင့်အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့သွားစေခြင်း သို့မဟုတ် ကျဉ်းသွားစေခြင်းကြာင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းကြောင့် အောက်ဆီဂျင်လုံလောက်စွာမရရှိတော့သောအခါ ဦးနှောက်က သင့်ကို အသက်ရှူရန်အတွက် ရုတ်တရက် နိုးထ လာစေပါတယ်။

အဲ့အချိန်မှာလည်း မွန်းကြပ်ခြင်း၊ နှာမှုတ်ခြင်း၊ မောဟိုက်ခြင်း တို့ကိုဖြစ်စေပါတယ်။

ဒီဖြစ်စဉ်ဟာ တစ်ညလုံးတွင် အကြိမ် ရာနဲ့ချီ ဖြစ်ပွါးနိုင်ပြီး AHI (Apnoea Hypopnea Index) နဲ့ရောဂါအခြေအနေကိုတိုင်းတာပါတယ်။ ဒီရောဂါဟာ ကောင်းမွန်သောအိပ်စက်ခြင်းကို များစွာ အနှောင့်အယှက်ဖြစ် ဖြစ်စေပါတယ်။

ဒီစက်တွေကို သုံးနေရင်းကနေ ပိုမို ကောင်းမွန်တဲ့ လူနေမှု ဘဝ ကို ရရှိဖို့ဆိုရင်တော့ မိမိ လူနေမှုပုံစံကိုပြောင်းလဲပစ်တာကတော့ အသင့်တော်ဆုံး အဖြေတစ်ခုဖြစ်ပါလိမ့်မယ်။

OSA ရောဂါကို အလျင်မြန်ဆုံးကုသဖို့ဆိုရင်တော့ CPAP စက်များအသုံးပြုခြင်း လို့ ဆရာဝန်များနဲ့ သုတေသနပညာရှင်များက လက်ခံထားပါတယ်။

⁉️ဘာတွေ ပြောင်းလဲဖို့လိုအပ်သလဲ?

ဝိတ်ချခြင်း

အိပ်ဟောက်ရှူပိတ်ရောဂါဟာ အဝလွန်ခြင်းနဲ့ ဆက်စပ်တဲ့ရောဂါဖြစ်တဲ့အတွက် ရှိရင်းစွဲ ကိုယ်အလေးချိန်အောက် လျော့ကျသွားရင် ဆိုးရွားနေတဲ့ရောဂါလက္ခဏာတွေပိုမိုသက်သာလာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ချို့ လူတွေအတွက်တော့ ဝိတ်ကျသွားရင် CPAPစက် ကို လုံးလုံးတပ်ဖို့မလိုတော့တာဖြစ်နိုင်ပြီး တစ်ချို့အတွက် ကတော့ ဆက်လက် တပ်ဆင်နေရတတ်တာကိုသတိပြုသင့်ပါတယ်။

လေ့ကျင့်ခန်း ပိုမိုလုပ်ခြင်း

လေ့ကျင့်ခန်းလုပ်ခြင်းက အသက်ရှူလမ်းကြောင်းမှာ ပိတ်ဆို့စေတဲ့ အဆီခဲတွေ အဆီစိုင်တွေကိုလျော့ကျစေတဲ့အတွက် အိပ်ဟောက်ရှူပိတ်ရောဂါကို သိသိသာသာ သက်သာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းက အိပ်ဟောက်ရှူပိတ်ရောဂါအတွက်တင်မဟုတ်ဘဲ မိမိ ခန္ဓာကိုယ်တစ်ကိုယ်လုံး အတွက် ကောင်းမွန်တာဖြစ်တဲ့အတွက် လေ့ကျင့်ခန်းကတော့ လုပ်ကိုလုပ်သင့်တဲ့အရာဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းက

၁။ ပိုမို မြန်ဆန်ပြီး ပိုမိုပြင်းထန်သော အသက်ရှူနှုန်းအပြောင်းအလဲကြောင့် သွေးတွင်း အောက်ဆီဂျင်ကို တိုးပွါးစေတယ်။

၂။ ခန္ဓာကိုယ်က လှုပ်ရှားနေတဲ့အတွက် အိပ်ငိုက်ခြင်းကို လျော့ကျစေတယ်

၃။ နေ့ဘက်မှာ လှုပ်ရှားထားတဲ့အတွက် ညဘက်မှာ ပိုမိုကောင်းမွန်စွာအိပ်ပျော်စေတယ်။

၄။ လှုပ်ရှားမှုကြောင့်အသက်ရှူလမ်းကြောင်းရှိအဆီတွေ လျော့ကျသွားတဲ့အခါ အိပ်ဟောက်ရှူပိတ်ရောဂါလက္ခဏာတွေကို လျော့ကျစေတယ်။

ဒါကြောင့်တစ်နေ့ကို အနည်းဆုံး နာရီဝက်နဲ့ တစ်ပတ် ငါးရက် လောက် ကိုယ်လက် လှုပ်ရှားမှုကိုဂရုစိုက်ပြီးလုပ်ပေးသင့်ပါတယ်။ ဒီနေရာမှာ သာမန် အလုပ်သွားလမ်းလျှောက်ခြင်းကို ဆိုလိုတာမဟုတ်ဘဲ Aerobic နှင့် Cardio ကဲ့သို့ မြန်မြန်ဆန်ဆန်လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းမျိုးကို ဆိုလိုတာဖြစ်ကြောင်းသတိပြုရပါမယ်။

ဆေးလိပ်နှင့်အရက် ဖြတ်ခြင်း

ဆေးလိပ်နဲ့အရက်ဟာ အသက်ရှူလမ်းကြောင်းမှာ ရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကြွက်သားရဲ့Tone တွေကို လျော့ကျစေတဲ့အတွက် OSA ဖြစ်ဖို့ ပိုမို လွယ်ကူစေတယ်လို့ သုတေသန ပြုလုပ်ချက်များအရ သိရပါတယ်။

အရက်သောက်ခြင်းက ဝိတ်တက်ခြင်းနဲ့လည်းဆက်စပ်မှုရှိတဲ့အတွက် ဖြစ်နိုင်ရင် အရက်ရောဆေးလိပ်ပါဖြတ်လိုက်ခြင်းက အကောင်းမွန်ဆုံး ဖြစ်ပါလိမ့်မယ်။

တကယ်လို့ကိုယ်က အရက်ကို အပြတ်မဖြတ်နိုင်ဘူးဆိုရင်

၁။ အရက်သောက်ခြင်းကို တစ်ပတ်မှာ တစ်ရက်လောက်သာ သောက်ဖို့ မိမိဘာသာ ကန့်သတ်ထားခြင်း

၂။ အိပ်ချိန်နှင့် သုံးလေးနာရီ ခွါထားခြင်း

၃။ အရက်ကို အလွန်အမင်းသောက်သုံးတတ်သူဖြစ်ပါက တစ်ရက် နှစ်ရက်လောက် မသောက်ပဲ ဖြတ်ထားကြည့်ခြင်း

ဆေးလိပ်မှာပါဝင်တဲ့ ဓာတုပစ္စည်းများက အသက်ရှူလမ်းကြောင်းကိုတိုက်ရိုက်ထိခိုက်စေတဲ့အတွက်ကောင်းမွန်သောအိပ်စက်ခြင်း ကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ဆေးလိပ်ကို အတတ်နိုင်ဆုံး မသောက်ဘဲ နေသင့်ပါတယ်။ လုံးဝမဖြတ်နိုင်ပါကလည်း တတ်နိုင်သလောက် လျှော့ချဖို့ကြိုးစားသင့်ပါတယ်။

အိပ်စက်ပုံ အနေအထားပြောင်းလဲကြည့်ခြင်း

ဘေးတစ်စောင်းလှဲအိပ်ခြင်းက အိပ်ဟောက်ရှူပိတ်ရောဂါကို သက်သာစေကြာင်းလေ့လာချက်အရတွေ့ရှိရပါတယ်။

ခေါင်းအုံးမြင့်မြင့်အုံးခြင်းကလည်း အချို့သူများအတွက် အကူအညီဖြစ်စေကြောင်းတွေ့ရှိရပါတယ်။

သောက်သုံးနေတဲ့ဆေးဝါးများကို ဆန်းစစ်ကြည့်ခြင်း

တစ်ချို့သော ဆေးဝါးများနဲ့ အကိုက်အခဲပျောက်ဆေးများက အသက်ရှူနှုန်း နဲ့ အသက်ရှူလမ်းကြောင်းရှိ ကြွက်သားများကို ပြေလျော့စေပြီး အိပ်ဟောက်ရှူပိတ်ရောဂါကို ပိုမို ဆိုးရွားစေနိုင်ပါတယ်။

ဒါကြောင့်မိမိသောက်သုံးနေတဲ့ဆေးဝါးက အိပ်ဟောက်ရှူပိတ်ရောဂါနဲ့များဆက်စပ်နေမလားဆိုတာကိုတစ်ချက် သတိပြုကြည့်သင့်ပြီး ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

နှာခေါင်းပိတ်ခြင်း ကို သတိထားပြီးကုသခြင်း

နှာခေါင်းပိတ်ခြင်းသီးသန့်ကတော့ အိပ်ဟောက်ရှူပိတ်ရောဂါကို မဖြစ်စေပါဘူး။ ဒါပေမဲ့ သိပ်မဆိုးသေးတဲ့ အိပ်ဟောက်ရှူပိတ်ရောဂါဆိုရင်တော့ နှာခေါင်းပိတ်ခြင်းနဲ့ ဆက်စပ်မှုရှိမရှိသတိထားကြည့်သင့်ပါတယ်။

နှာခေါင်းဖြန်းဆေးသုံးခြင်း နဲ့ ဆားထုပ်(Saline) ကို ဖျော်ပြီး အသုံးပြုခြင်းက တစ်ချို့ သော သူများအတွက် အိပ်ဟောက်ရှူပိတ်ရောဂါကြောင့် အသက်ရှူကြပ်ခြင်းကို များစွာအကူအညီပေးတာကို တွေ့ရတတ်ပါတယ်။

အိပ်ချိန်ပုံမှန်ထားခြင်း

အိပ်ရာဝင်ချိန် နှင့် အိပ်စက်ချိန်ပမာဏ (၇ နာရီမှ ၉နာရီ) တစ်ခုကို တသီးတသန့်ထားခြင်းက ခန္ဓာကိုယ်ကို လေ့ကျင့်ပေးပြီးသားဖြစ်သွားစေတဲ့အတွက် ကောင်းမွန်သော အိပ်စက်ခြင်းအတွက် များစွာအထောက်အကူဖြစ်စေနိုင်ပါတယ်။

၁။ ပုံမှန်သတ်မှတ်ထားသော အချိန် တစ်ခုရဲ့ ဆယ့်ငါးမိနစ် မှ နာရီဝက် အတွင်း အိပ်ရာဝင်ခြင်း

၂။ ပိတ်ရက် တွင် ပိတ်ရက်အလျောက် နောက်ကျမှ အိပ်ရာဝင်ဖြစ်ခဲ့လျှင်လည်း အနောက်ကျဆုံးအိပ်ရာဝင်ချိန်ကို ပုံမှန်သတ်မှတ်ထားခြင်း

၃။ နေ့ခင်းဘက်တွင် တစ်ရေးတမော အိပ်စက်ခြင်းကို ရှောင်ရှားကြည့်ခြင်း

၄။ အိပ်ခါနီး နှစ်နာရီမှ သုံးနာရီ အတွင်း လျှပ်စစ် ဖုန်းနှင့်TV ကဲ့သို့ လျှပ်စစ်ပစ္စည်းများအသုံးပြုခြင်းကိုရှောင်ရှားခြင်း

ကာဖိန်းဓာတ် (Caffeine) နှင့် အစပ်လွန်ကဲသော အစားအစာ များရှောင်ကြဉ်ခြင်း

အပူအစပ်တွေက အစာခြေရည်များ အစာအိမ်မှ လည်ချောင်းထဲသို့ဆန်တက်ခြင်း (Heartburn) ကိုဖြစ်ပေါ်စေသောကြောင့်

အခန့်မသင့်လျှင် လေပြွန်အပေါ်ပိုင်း (Upper Breathing Passage) ထိပါ ရောက်နိုင်ပြီး OSA ကို ပိုမိုဆိုးရွားစေ သောကြောင့် ညဘက်တွင် စားသောက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။

ပိုမိုကောင်းမွန်သော အိပ်စက်ခြင်းကို ပိုင်ဆိုင်နိုင်ကြပါစေ ??

Leave a Reply

Your email address will not be published. Required fields are marked *