⁉️နားဘာလို့မကြားတော့တာလဲ⁉️3 Types of Hearing Loss ⁉️

လှုပ်ရှားသွားလာနေတဲ့နေ့စဉ်ဘဝတစ်လျှောက် သင် နဲ့ သင့်မိသားစု၊မိတ်ဆွေတစ်ယောက်ယောက်ထဲမှာ နားမကြားတဲ့သူရှိတာကို အရေအတွက်တစ်ခုလောက်ထိ တွေ့ဖူးမှာပါ။

နားမကြားရတဲ့အကြောင်းရင်းဟာ တစ်ခုမကဖြစ်နိုင်တဲ့အပြင် နားမကြားဘူးလို့ဆိုတိုင်း လုံးဝကန်း သွားတာမဟုတ်ဘဲ အတိုင်းအတာ တစ်ခုလောက်ထိပဲ နားလေးသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။

နားကို အပြင်နား (Outer Ear), အလယ်နား (Middle Ear) နဲ့ အတွင်းနား (Inner Ear) ဆိုပြီး သုံးပိုင်းခွဲထားပြီး ပုံမှန်ဖြစ်မနေတဲ့တဲ့နားရဲ့အစိတ်အပိုင်းပေါ်မူတည်ပြီး နားလေးခြင်းကို 

၁။ Sensorineural Hearing Loss

၂။ Conductive Hearing Loss

၃။ Mixed Hearing Loss

ဆိုပြီးအကြမ်းအားဖြင့် သုံးမျိုး ခွဲခြားနိုင်ပါတယ်။

ကဲဒါဆိုရင် သင်နဲ့ သင်ချစ်ရတဲ့ မိသားစု ဒါမှမဟုတ် မိတ်ဆွေတွေက နားမကြာရဘူးလို့ ပြောလာရင် ဘယ်အမျိုးအစားမှာ ကျရောက်တဲ့ နားမကြားခြင်းလဲ သိရအောင် ပုံလေးတွေနဲ့တကွဆက်လက် ဖတ်ကြည့်ပါနော်။

၁။ Sensorineural Hearing Loss

ဒီအမျိုးအစားမှာ အတွင်းနား (Inner Ear) အထူးသဖြင့် Cochlea လို့ခေါ်တဲ့ နားအတွင်းကခရုပတ်ပုံသဏ္ဍန် အစိတ်အပိုင်း နဲ့ အကြားအာရုံနဲ့ဆိုင်တဲ့ နာ့ဗ် (Acoustic Nerve/ Auditory Nerve) ကတစ်ခုခုမှားယွင်းနေတာပါ။

လူတွေအဖြစ်များတဲ့ အသက်ကြီးလို့နားလေးခြင်း နဲ့ အလွန်ကျယ်လောင်တဲ့ဆူညံသံတွေကိုအချိန်ကြာမြင့်စွာ နားထောင်ခြင်းကြောင့် နားလေးသွားခြင်းဟာ ဒီအမျိုးအစားမှာပါပါတယ်။

ရောဂါ (ဥပမာ ဦးနှောက်အမြှေးယောင်ခြင်း) နဲ့ ဆေးသောက်မှားပြီး နားလေးခြင်းဟာလည်းဒီအမျိုးအစားမှာ ပါပါတယ်။

Sensorineural Hearing Loss ဟာ အမြဲတမ်းနားလေးသွားတာဖြစ်ပြီး ပြန်လည် နားကြားတော့မှာ မဟုတ်ပါဘူး။ ကုသခြင်းနည်းလမ်းများက နားကြားကိရိယာ တပ်ဆင်ခြင်း နဲ့  ခွဲစိတ်နားကြားစက်တပ်ခြင်း (Cochlear Implant-CI) တို့ပဲဖြစ်ပါတယ်။

၂။ Conductive Hearing Loss

ဒီအမျိုးအစားမှာ တော့ နာမည်အတိုင်းပဲ အသံကို နားအတွင်းကိုပို့ဆောင်ခြင်း (Conduct) လုပ်တဲ့နေရာမှာ တစ်ခုခုမှားယွင်းနေတာပါ။ နားဖာချေးပိတ်နေတာဖြစ်စေ၊ နားအတွင်းကလမ်းကြောင်းတစ်နေရာမှာ အရည်တွေပိတ်ဆို့နေတာဖြစ်စေ၊ နားစည်မှာပြဿနာ တစ်ခုခုဖြစ်နေတာဖြစ်စေ၊ နားအတွင်းအရိုးခိုင်နေတာဖြစ်စေ တစ်ခုခုကြောင့် နားလေးသွားရင် ဒီအမျိုးအစားအောက်မှာ ကျရောက်မှာပါ။ တစ်ချို့ကလေးတွေမှာ မွေးရာပါ နားပုံစံမမှန်ခြင်းဟာလည်း အသံကို နားအတွင်းပို့ဆောင်ရာမှာ အခက်အခဲဖြစ်စေတဲ့အတွက် ဒီအမျိုးအစားနားလေးခြင်းကို ဖြစ်ပေါ်စေပါတယ်။

ကုသခြင်းနည်းလမ်းများကတော့ ပိတ်ဆို့နေတဲ့အရာကိုဖယ်ထုတ်ခြင်း နဲ့ ပုံသဏ္ဍန်မမှန်တာတွေကို ခွဲစိတ်ကုသခြင်းတို့ဖြစ်ပါတယ်။ လိုအပ်ပါက နားကြားကိရိယာ တပ်ဆင်ခြင်း၊ ခွဲစိတ်နားကြားကိရိယာ တပ်ဆင်ခြင်း နဲ့ အရိုးနှင့်ချိတ်ဆက်ရသော နားကြာကိရိယာ (Bone Anchored Hearing Aid-BAHA) တပ်ဆင်ခြင်း တို့ လုပ်ဆောင်ရနိုင်ပါတယ်။

၃။ Mixed Hearing Loss

ဒီအမျိုးအစားကတော့ အပေါ်က နှစ်ခုရောနေတာပါ။ ဒါကြောင့် ဒီအမျိုးအစား နားမကြားခြင်းက ပိုဆိုးတတ်ပါတယ်။