အသံ ကြားရပုံ အဆင့်ဆင့်

ကျွန်မတို့တွေ နေ့စဉ်ဓူဝ ကြားနေရတဲ့အသံအမျိုးမျိုးက ဘယ်လိုဖြစ်ပေါ်လာလဲ သိပါသလား?

ကျွန်မတို့နေ့စဉ်ကြားနေရတဲ့ အသံတွေဟာ အသံထွက်ပေါ်လာတဲ့ နေရာ (Source Of The Sound) ကစပြီး မိမိတို့ နားရွက်ထဲမှတစ်ဆင့် ဦးနှောက်မှ “အသံ”ဆိုပြီး တိကျစွာဘာသာပြန်ပေးတဲ့အထိ ခရီးလမ်းကြောင်းအရှည်ကြီးကို အဆင့်ဆင့်ဖြတ်သန်းလာရတာပါ။

ဥပမာ အနေ နဲ့တူရိယာတစ်ခုတီးမှုတ် လိုက်တဲ့အခါ လူတွေက တူရိယာသံဆိုပြီး ကြားရခြင်းအဆင့်ဆင့်ကို သာဓကပေးပြပါမယ်။

၁။ တူရိယာမှ နားသို့

တူရိယာတစ်ခုကိုတီးမှုတ်လိုက်တဲ့အခါ အသံဖြစ်ပေါ်လာစေမဲ့ အသံလှိုင်း (Sound Wave) တွေကို လေထဲကို ထုတ်လွှင့်ပေးလိုက်ပါတယ်။ ဒီ အသံလှိုင်းက လေထဲက အမှုန်လေးတွေ (Particles) ကို အဆင့်ဆင့် တုန်ခါစေပြီး အဲ့ အသံလှိုင်းတွေကို Mechanical Wave အဖြစ် နားအဝသို့ပို့ဆောင်ပေးပါတယ်။

၂။ နားအတွင်းရှိ အပိုင်းသုံးပိုင်း (Outer Ear, Middle Ear,Inner Ear)တစ်လျှောက် အသံလှိုင်းဖြတ်သန်းပုံ

ဒီ Mechanical Wave တွေကို အပြင်နား (Outer Ear) က ဖမ်းယူပြီး သေးငယ်တဲ့ နားလမ်းကြောင်း (Ear Canal) တစ်လျှောက် ဖြတ်သန်း​စေပါတယ်။ ဒီအသံလှိုင်းဟာ ဒဂါးစေ့တစ်ဝက်လောက်အရွယ်အစား သာရှိတဲ့ နားစည် (Ear Drum) ကို တုန်ခါစေပြီး အသံလှိုင်းကို အလယ်နား (Middle Ear) ကို ပို့ဆောင်ပေးပါတယ်။ ဒီ တုန်ခါမှုကတစ်ဆင့် အလယ်နား(Middle Ear) မှာ ရှိတဲ့ Ossicles လို့ခေါ်တဲ့ အသံတစ်ခုကြားရဖို့ အရေးကြီးတဲ့ အရိုးငယ်လေးသုံးခု (Malleus, Incus, Stapes) ကို တုန်ခါစေပါတယ်။ ဒီအရိုးလေးသုံးခု တုန်ခါမှုကအသံလှိုင်းကို ပိုကြီးတဲ့ တုန်ခါမှု (Vibration) အဖြစ်သို့ပြောင်းပေးပြီး အတွင်းနား(Inner Ear) မှာရှိတဲ့ ခရုပတ်ပုံ အင်္ဂါ (Cochlea) ကို ပို့ဆောင်ပေးပါတယ်။ ဒီ Cochlea ဟာ အရည်တွေနဲ့ပြည့်နေတဲ့ နားတွင်း အင်္ဂါတစ်ခုဖြစ်ပြီး ပြင်ကအဆင့်ဆင့်ရောက်ရှိလာတဲ့ တုန်ခါမှုက အရည်တွေကို တစ်ဆင့်တုန်ခါစေပြီး Ripples တွေအဖြစ် နောက်ထပ် လှိုင်းတွေဖြစ်ပေါ်စေပါတယ်။ဒီလှိုင်းတွေက Cochlea ထဲက Hair Cell လို့ခေါ်တဲ့ Cell အမျိုးအစားပေါ်မှာရှိတဲ့ အမျှင်ပုံ Cell လေးအစုအဝေးတွေ ကို တစ်ဆင့်တုန်ခါစေပါတယ်။ ဒီတုန်ခါမှုက Ion တွေကနေတစ်ဆင့်Hair Cell အောက်ခြေမှာရှိတဲ့ Neurotransmitter တွေကနေ  Electrical Signal အနေနဲ့အကြားအာရုံနဲ့ဆိုင်တဲ့ အာရုံကြော လေးတွေဆီကို သတင်းပေးပို့ပေးပါတယ်။ ဒီနေရာမှာ မတူညီတဲ့ Hair Cell လေးတွေက မတူညီတဲ့ အသံလှိုင်း ကြိမ်နှုန်း (Frequency) တွေကို ဖမ်းယူပေးတာမို့လို့ တစ်ချို့အသံတွေကို မကြားရဘူးဆိုတာဟာ မကြားရတော့တဲ့ Frequency တစ်ချို့ကို ဖမ်းယူပေးတဲ့ Hair Cellလေးတွေပျက်စီးသွာလို့ ဖြစ်နိုင်တယ်ဆိုတာ သတိပြုရမှာပါ။ 

၃။ နားမှ ဦးနှောက်သို့

အကြားအာရုံကနေတစ်ဆင့်ဖမ်းယူရရှိလိုက်တဲ့ သတင်းအချက်အလက်တွေကို အာရုံကြောတွေကနေတစ်ဆင့် ဦးနှောက်ကို ပို့ဆောင်ပေးပါတယ်။ ဦးနှောက်ရဲ့ သက်ဆိုင်တဲ့ နေရာကနေဒီသတင်းအချက်အလက်တွေကို အသံတစ်ခုကြားရတယ်ဆိုတဲ့ အသိရစေတဲ့ အခါ ကျွန်မတို့က ဒီအသံဟာ သာယာနာပျော်ဖွယ်လား၊ ဆူညံသံလား ဆုံးဖြတ်နိုင်ကြတာပါ။

လူတွေဟာ နားမကြားတာဆိုရင် အရေးမကြီးဘူးလို့ထင်ကြပါတယ်။ တကယ်တော့ နားမကြားတော့တာကတစ်ဆင့် အခြား ပိုဆိုးတဲ့ အကျိုးသက်ရောက်မှုတွေပါဖြစ်လာနိုင်တာပါ။(အသေးစိတ်ကို ဒီ link မှာ ဖတ်ရှူပါ) ဒါကြောင့် နားကျန်းမာရေးကို အခြားခန္ဓာကိုယ်အစိတ်အပိုင်းကျန်းမာရေးတွေလိုပဲ ဂရုစိုက်ဖို့လိုအပ်ပါတယ်။

YouTube: National Institutes Of Health (NIH)