နားနှင့်အကြားအာရုံမထိခိုက်အောင် ကြိုတင်ကာကွယ်နည်းများ

ကျွန်မတို့ နေစဉ်ဆက်သွယ်နိုင်ဖို့၊ လေ့လာသင်ယူနိုင်ဖို့၊ စိတ်အပန်းပြေအောင် သာယာနာပျော်ဖွယ် အသံတွေကို နားထောင်နိုင်ဖို့ အကြားအာရုံကို ဂရုစိုက်ဖို့ အရေးကြီးပါတယယ်။ ဒါပေမဲ့ လူအများစုဟာ သတိမထားမိဘဲ မိမိအကြားအာရုံ ထိခိုက်စေမယ့် အရာတွေကို လုပ်နေမိတတ်ပါတယ်။

အကြားအာရုံ လျော့နည်းလာခြင်း ကို ဘယ်လို သိရှိနိုင်မလဲ ?

ကျယ်လောင်သောအသံများကို မကြာခဏ သို့မဟုတ် ကြာရှည်စွာ ထိတွေ့ခြင်းဟာအာရုံဆုံးရှုံးခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ ဦးနှောက်ဟာ Cochlea လို့ခေါ်တဲ့ နားအတွင်းက ခရုပတ်ပုံသဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုကြောင့် အသံကို ဦးနှောက်သို့ ပို့ဆောင်နိုင်ပြီး နားလည်နိုင်တာဖြစ်ပါတယ်။ သင့်နားက ကျယ်လောင်တဲ့ ဆူညံသံတွေနဲ့ ထိတွေ့မိတဲ့အခါ Cochlea ထိခိုက်ပျက်စီးသွားနိုင်ပြီး အကြားအာရုံဆုံးရှုံးသွားနိုင်ပါတယ်။

ကျယ်လောင်သော၊ ပြင်းထန်သောဆူညံသံများ ( ဥပမာ- မီးရှူးမီးပန်း သံ၊ သေနတ်သံ) တွေအပြင် ဆူညံသံကို ပုံမှန်ထိတွေ့ခြင်း ( ဥပမာ- သီချင်းကို ကျယ်လောင်စွာနားထောင်ခြင်း၊ ဆူညံသောပတ်ဝန်းကျင်တွင် အလုပ်လုပ်ခြင်း) ကြောင့်လည်းအကြားအာရုံထိခိုက်နိုင်ပါတယ်။

အကြားအာရုံ လျော့နည်းသွားတာက ရုတ်တရက် ချက်ချင်း မဟုတ်ဘဲ တဖြည်းဖြည်း ချို့ယွင်းသွားတာ ဖြစ်လို့ သတိမထားမိခင်လေးမှာပဲ အသံကြားရပေမယ့်လည်း စကား နားထောင်ရတာ နားမလည်တော့တဲ့အထိ နားလေးသွားနိုင်ပါတယ်။

ဒီလို အကြားအာရုံ ထိခိုက်မှုမျိုး ဖြစ်လာတာနဲ့ ပကတိတိုင်း ပြန်ကောင်းအောင် ကုသလို့မရဘူး ဆိုတာ သိထားဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အချိန်မနှောင်းမီ သင့်ရဲ့အကြားအာရုံကို ဂရုစိုက်ကာကွယ်ဖို့ အလွန်အရေးကြီးပါတယ်။

အန္တရာယ် ရှိနိုင်သော ဆူညံသံ အဆင့်များ

သင့်အကြားအာရုံကို ကာကွယ်နိုင်ဖို့ အရေးအကြီးဆုံးနားလည်ရမဲ့အချက်ကတော့ အန္တရာယ်ရှိနိုင်သော ဆူညံသံအဆင့်တွေကို သိရှိနားလည်ဖို့ဖြစ်ပါတယ်။

85 decibels အထက် ဆူညံသံတွေကို ရေရှည် ထိတွေ့ခြင်းက သင့်အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။

ကျွန်မတို့နေ့စဥ်ထိတွေ့နေရတဲ့ ဆူညံသံတုန်ခါနှုန်းတွေကတော့ –

  1. ပုံမှန်စကားပြောဆိုမှု – 60 မှ 65 dB
  2. ဆိုင်ကယ် သို့မဟုတ် မြက်ရိတ်စက်အသံ – 85 မှ 95 dB
  3. နိုက်ကလပ် တေးဂီတသံ – 110 dB
  4. အမြင့်ဆုံးအသံအတိုးအကျယ်ရှိ MP3 player အသံ – 112 dB
  5. လူနာတင်ယာဉ်အသံ – 120 dB စတာတွေပဲဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ 85 dB အသံကို ရှစ်နာရီ အထိ အကြားအာရုံထိခိုက်မှုမရှိဘဲ လုံခြုံစွာ နားထောင်နိုင်သော်လည်း 100 dB အထက် ဆူညံသံများနှင့် ထိတွေ့ဖို့ကတော့ 15 မိနစ်သာ အချိန်ပေးသင့်ပါတယ်။

သင်နဲ့ 2မီတာ၊ 6ပေ အကွာ မှာ ရပ်နေတဲ့သူက ပုံမှန်လေသံနဲ့ စကား‌‌ပြောတာကို မကြားနိုင်တော့ဘူး ဆိုရင် အကြားအာရုံစွမ်းရည် လျော့နည်းလာပြီ လို့ သတ်မှတ်နိုင်ပါတယ်။

ကြိုတင်ကာကွယ်နည်းများ

သီချင်း နားထောင်တဲ့အခါ

ယနေ့ခေတ်လူငယ်များအတွက် နားကြပ်များမှတစ်ဆင့် ကျယ်လောင်သောတေးဂီတကို နားထောင်ခြင်းက အကြားအာရုံဆုံးရှုံးခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

သီချင်းအသံ အကျယ်က နောက်ခံဆူညံသံ အားလုံးကို လုံးဝတိမ်မြုပ်သွားရင် သို့မဟုတ် နားထောင်ရန် အရမ်းဆူပြီး အဆင်မပြေဖြစ်နေပြီ ဆိုရင် သင်ဖွင့်ထားတဲ့ သီချင်းသံအကျယ်က အလွန်မြင့်နေလို့ ဖြစ်ပါတယ်။

အကြားအာရုံကို မပျက်စီးစေဖို့ သီချင်းနားထောင်တဲ့အခါ 60/60 စည်းမျဉ်းကို လိုက်နာကြည့်ပါ။ ဆိုလိုတာကတော့ အမြင့်ဆုံး အသံအတိုးအကျယ် ရဲ့ 60% ထက် မပိုဘဲ တစ်ကြိမ်လျှင် အများဆုံး မိနစ် 60 ပဲ နားထောင်ကြည့်ပါ။
ကားထဲမှာလို အလုံပိတ်နေရာတွေမှာ သီချင်း နားထောင်တဲ့အခါလည်း သတိထားဖို့ လိုပါတယ်။ အသံအတိုးအကျယ် ဒိုင်ခွက်ကို အနည်းငယ်မျှသာ လျှော့လိုက်ခြင်းဖြင့် သင့်အကြားအာရုံအတွက် ကြီးမားသော ခြားနားချက် ဖြစ်စေနိုင်ပါတယ်။

ကျယ်ကျယ် နားထောင်တတ်ခြင်း နှင့် နားလေးခြင်း [https://aura.biocaremm.com/listensafely/]

အလုပ်တွင် သင့်အကြားအာရုံ ကို ကာကွယ်ပါ

အချို့သော လုပ်ငန်းခွင်များမှာ အလုပ်သမားများအတွက် အချိန်ကြာမြင့်စွာ ကျယ်လောင်သောဆူညံသံများနှင့် ထိတွေ့နေရသည့်အတွက် အန္တရာယ်များပါတယ်။ (ဥပမာ – ဆူညံသော စက်ယန္တရားများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ)
ပျမ်းမျှ နေ့စဉ်ဆူညံသံ 85dB အထက်ရှိပါက နားကြပ်များ Earplug သို့မဟုတ် နားအုပ် နားကြပ်များ Earmuff ဝတ်ဆင်ရန် လိုအပ်ပါတယ်။

ဒါ့အပြင် ကိုယ်ပိုင် အလုပ်လုပ်ကိုင်သူများကလည်း မိမိတို့၏အကြားအာရုံကို ကိုယ်တိုင်ကာကွယ်ဖို့ လိုအပ်ပါတယ်။ မြက်ရိတ်ခြင်း သို့မဟုတ် အိမ်ပြုပြင်ခြင်းကဲ့သို့ ဆူညံသံများတဲ့ အလုပ်တွေ လုပ်တော့မယ်ဆိုရင် အကြားအာရုံ ကာကွယ်ရေးအတွက် လုပ်ငန်းသုံး နားကြပ်တွေကို မမေ့မလျော့ တပ်ဆင်ဖို့ လိုအပ်ပါတယ်။

တိုက်ရိုက်ဖျော်ဖြေပွဲများ နှင့် ရှိုးပွဲများ

ဖျော်ဖြေပွဲ သို့မဟုတ် ရှိုးပွဲတွေရဲ့ ကျယ်လောင်တဲ့ ဂီတသံတွေက သင့်အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။ ဥပမာအနေနဲ့ လူများစွာသည် ဖျော်ဖြေပွဲပြီးနောက် နားအူတာ၊နားလေထွက်တာမျိုးတွေခံစားရပြီး ဒါကိုသတိပေးလက္ခဏာအဖြစ် မှတ်ယူသင့်ပါတယ်။

အကြားအာရုံ ကို ကာကွယ်ရန် အသံချဲ့စက်များ၊ စပီကာများ နဲ့‌ ‌ဝေးတဲ့နေရာမှာ နေပါ။ အသံရဲ့ အရင်းအမြစ်နဲ့ ပိုဝေးလေလေ၊ ပိုကောင်းလေဖြစ်ပါတယ်။

တကယ်လို့ သင်က ညဘက် ဂီတဘား သို့မဟုတ် ကလပ် သွားတတ်တဲ့သူ ဆိုရင် တစ်နာရီကို တစ်ကြိမ်လောက် ငါးမိနစ်ခန့် ဆူညံသံ မရှိတဲ့နေရာမှာ သင့်ရဲ့ နားကို အနားပေးနိုင်ဖို့ ကြိုးစားကြည့်ပါ။ အဆက်မပြတ် ဆူညံသံများကို ထိတွေ့နေရာကနေ သင့်နားများကို ခေတ္တနားထားလိုက်ရုံဖြင့် အကြားအာရုံ ပျက်စီးတာကို လျှော့ချပေးနိုင်ပါတယ်။

နောက်ထပ် ရွေးချယ်စရာတစ်ခုကတော့ သင့်သွားတဲ့နေရာက ဂီတသံက အရမ်းကျယ်လောင်နေပြီ ဆိုရင် နားကို ကာကွယ်ပေးတဲ့ နားကြပ်တပ်ဖို့ပါပဲ။ ဒီနားကြပ်လေးတွေက အသံအဆင့်ကို 15 မှ 35 decibels ထိ လျှော့ချနိုင်ပါတယ်။

ဆေးဝါးများ နှင့် ဓာတုပစ္စည်းများ

Ototoxic ဆေးဝါးများနှင့် ဓာတုပစ္စည်းများသည် သင့်အကြားအာရုံကို ပျက်စီးစေမည့် အလားအလာများဖြစ်ပါတယ်။ အဖြစ်အများဆုံး Ototoxic ဆေးဝါးများကတော့ Salicylates (ဥပမာ အက်စပရင်) နှင့် ငှက်ဖျားဆေး၊ တီဘီဆေးများ ပါဝင်ပါတယ်။ စက်ရုံသုံး ဓာတုဆေးရည်များကလည်း အကြားအာရုံဆုံးရှုံးမှုနှင့် ဆက်စပ်နေပါတယ်။

ဆေးဝါးများနှင့် ဓာတုပစ္စည်းများကြောင့် အကြားအာရုံထိခိုက်မှုကို ရှောင်ရှားရန် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးအားလုံးကို သောက်ပြီး ပုံမှန်မဟုတ်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်လာပါက သင့်ဆရာဝန်ထံ သတင်းပို့ပါ။ အကယ်၍ သင်က ဓာတုဗေဒအရည်ပျော်ဆေးများနှင့် အလုပ်လုပ်ပါက သင်လုပ်ဆောင်နိုင်တဲ့ ကာကွယ်မှု အစီအမံများကို ထိရောက်စွာ လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။

နား အဆိပ်သင့်ခြင်း Ototoxicity [https://aura.biocaremm.com/ototoxicity/]

အကြားအာရုံ ဆုံးရှုံးစေနိုင်သော ရောဂါများ

အကြားအာရုံဆုံးရှုံးစေနိုင်သော ရောဂါများနှင့် ရောဂါများစွာရှိပါတယ်။ အဖြစ်အများဆုံးတွေကတော့ ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး၊ ကြက်ညှာချောင်းဆိုး၊ ဦးနှောက်အမြှေးရောင်နှင့် ကာလသားရောဂါ (Syphilis) တို့ ဖြစ်ပါတယ်။
အထက်ပါရောဂါများကြောင့် အကြားအာရုံဆုံးရှုံးခြင်းမှ ရှောင်ရှားရန် အကောင်းဆုံးနည်းလမ်းမှာ မကူးစက်အောင် ကာကွယ်ခြင်း ဖြစ်ပါတယ်။

ကလေးများတွင် ကာကွယ်ဆေးထိုးပြီး ဖျားသောအခါ ဆရာဝန်နှင့် ချက်ချင်းပြသပါ။ စောစီးစွာ ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုခံယူခြင်းက အကြားအာရုံဆုံးရှုံးခြင်းကဲ့သို့သော ပြင်းထန်သောနောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာခြင်းကို တားဆီးပေးနိုင်ပါတယ်။

လိင်ဆက်ဆံစဉ် ကွန်ဒုံးအသုံးပြုခြင်းဖြင့် ကာလသားရောဂါ (Syphilis) ကဲ့သို့သော လိင်မှတဆင့်ကူးစက်တတ်သောရောဂါများကို ထိရောက်စွာကာကွယ်ပေးပါတယ်။

ဦးခေါင်း ထိခိုက်ဒဏ်ရာ

ဦးခေါင်းဒဏ်ရာ သို့မဟုတ် ဒဏ်ရာကြောင့် နားအလယ်နှင့် အတွင်းပိုင်း ထိခိုက်ပျက်စီးနိုင်ပြီး အကြားအာရုံ ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ကြောင့် ဦးခေါင်းဒဏ်ရာ ကို တတ်နိုင်သမျှ ကာကွယ်ရန် အရေးကြီးပါတယ်။

စက်ဘီး၊ ဆိုင်ကယ် စီးသည့်အခါ သို့မဟုတ် ဦးခေါင်းဒဏ်ရာ ရနိုင်တဲ့ အားကစားတစ်ခုခု ကစားတဲ့အခါ ဦးထုပ်ဆောင်းထားရန် နှင့် ကားဖြင့် ခရီးသွားတဲ့အခါ ထိုင်ခုံခါးပတ်ကို အမြဲတပ်ဖို့ လိုပါတယ်။

ရေငုပ်သည့်အခါ လိုအပ်သော သတိထားချက်များ အားလုံးကို လိုက်နာခြင်းက သင့်နားကို လေဖိအားပြောင်းလဲခြင်းကြောင့် ပျက်စီးခြင်းမှ ကာကွယ်‌ပေးနိုင်ပါတယ်။

နားကြပ်ဂွမ်း

လူအတော်များများက နားကြပ်ဂွမ်းကို အသုံးပြုပြီး နားများကို သန့်ရှင်းလေ့ရှိပါတယ်။

ဒီလို လုပ်ခြင်း က နားဖာချေးများကို ပိုမိုနက်ရှိုင်းတဲ့ နေရာကို တွန်းပို့ပေးသလို ဖြစ်စေတဲ့အပြင် ပါးလွှာပြီး ထိခိုက်လွယ်သော အရေပြားကို ဒဏ်ရာ ရစေပြီး သင့်အကြားအာရုံကို ထိခိုက်စေနိုင်ချေရှိပါတယ်။

ကျန်းမာသော လူနေမှုပုံစံ

ကျန်းမာသောလူနေမှုပုံက သင့်အကြားအာရုံကို ကာကွယ်နိုင်ပြီး နောင်နှစ်ပေါင်းများစွာအထိ အကြားအာရုံဆုံးရှုံးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း

လမ်းလျှောက်ခြင်း၊ ပြေးခြင်း သို့မဟုတ် စက်ဘီးစီးခြင်းကဲ့သို့သော Cardio လေ့ကျင့်ခန်းများက သင့်နားအတွင်း သွေးလှည့်ပတ်မှုကို ကောင်းစေတာကြောင့် သင့်အကြားအာရုံအတွက် ကောင်းမွန်စေပါတယ် ။

ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်သူများ သို့မဟုတ် အခြားသူ၏ ဆေးလိပ်‌‌‌ငွေ့ ကို အမြဲလိုလိုရှုနေရသူများသည် အကြားအာရုံဆုံးရှုံးနိုင်ခြေ ပိုများကြောင်း တွေ့ရှိထားပါတယ်။

ကဖင်းဓာတ် နှင့် ဆိုဒီယမ် စားသုံးမှုကို လျှော့ချခြင်း

ကဖင်းနှင့် ဆိုဒီယမ် နှစ်မျိုးလုံးသည် သင့်အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။

ကဖင်းဓာတ်က နားအတွင်း‌ သွေးလှည့်ပတ်မှုကို လျော့နည်းစေပြီး ဆိုဒီယမ်က နားအတွင်းပိုင်းကို ရောင်ရမ်းစေနိုင်ပါတယ်။

ဒါကြောင့် ကဖင်းမါသော ကော်ဖီ၊ လက်ဖက်ရည်များနှင့် အငန်ဓာတ် စားသုံးမှု ကို လျှော့ချသင့်ပါတယ်။