BiPAP စက်တွင်ပါဝင်သော Modes များအကြောင်း

ဒီနေ့မှာတော့ BiPAP စက်နဲ့ ပတ်သက်ပြီး အသုံးပြုလို့ရတဲ့ စနစ်တွေအကြောင်း အနည်းငယ် ရှင်းပြပေးပါမယ်။

BiPAP မှာဆိုရင် အသက်ရှူသွင်းချိန် အတွက် လေဖိအားတစ်မျိုး (IPAP)၊ အသက်ရှူထုတ်ချိန်အတွက် လေဖိအားတစ်မျိုး (EPAP) သတ်မှတ်လို့ ရတဲ့အပြင်

  • CPAP Mode
  • S Mode (Spontaneous)
  • Auto S Mode
  • T Mode (Timed)
  • S/T Mode (Spontaneous Timed) ဆိုပြီး လူနာရဲ့ အသက်ရှူနိုင်မှု အခြေအနေနဲ့အညီ လေဖိအားပေးလို့ရတဲ့ စနစ်တွေ လည်း ပါဝင်ပါတယ်။

✅CPAP Mode

ရိုးရိုး CPAP တွေလိုပဲ လေဖိအားတစ်ခုတည်းကိုသာ သတ်မှတ်လို့ရပြီး ရှူသွင်းတာအတွက်သပ်သပ်၊ ရှူထုတ်တာအတွက် သပ်သပ် ခွဲထားခြင်း မရှိပါဘူး။

✅ S Mode – Spontaneous Mode

လူနာရဲ့ အသက်ရှူသွင်းမှုကို အာရုံခံနိုင်တဲ့စနစ်ပါဝင်ပြီး လူနာကိုယ်တိုင်အသက်ရှူမှ ကြိုတင်သတ်မှတ်ထားတဲ့အသက် ရှူသွင်းမှုအတွက် လေဖိအားတစ်မျိုး၊ အသက်ရှူထုတ်ခြင်းအတွက် လေဖိအားတစ်မျိုး ကို စက်မှထုတ်ပေးတယ်။ လူနာဘက်က စပြီး အသက်ရှူသွင်းမှုမလုပ်ရင် စက်ကလည်း လေဖိအားကိုထုတ်မပေးပါဘူး။ စက်က လူနာကို မှီခိုနေလို့ Patient-triggered လို့လည်းခေါ် ပါတယ်။

✅Auto S Mode

သူကတော့ ‌အပေါ် က Mode ၂ ခုထက်ပိုပြီး ကောင်းတယ်လို့ ပြောလို့ရပါတယ်။ S Mode မှာကတော့ အသက်ရှူသွင်းတဲ့ အတွက် IPAP Pressure/ အသက်ရှူထုတ်အချိန်အတွက် EPAP Pressure ကိန်းဂဏန်းတစ်ခုတည်းသာ သတ်မှတ်လို့ရပြီး Auto S Mode မှာတော့ အသက်ရှူသွင်းချိန်မှာ ထားရှိမဲ့ အမြင့်ဆုံး လေဖိအားပမာဏ (Max IPAP)၊ အသက်ရှူထုတ်ချိန်မှာ ရှိမဲ့ အနိမ့်ဆုံး လေဖိအားပမာဏ (Min EPAP) ကို သတ်မှတ်လို့ရတာကြောင့် လိုအပ်သလို အတိုး‌အလျှော့ လုပ်နိုင်ပါတယ်။

✅ T Mode – Timed Mode

T Mode ကိုအသုံးပြုရန်အတွက် စက်ရဲ့ setting ထဲမှာ အသက်ရှူသွင်းရန်ကြာချိန် (Ti-Inspiration Time) နှင့် တစ်မိနစ်မှာ အသက်ရှူနှုန်း (Respiratory Rate) ကို ကြိုတင်သတ်မှတ်ထားရပါတယ်။ တစ်မိနစ်မှာပုံမှန်အသက်ရှူနှုန်းက ၁၂ ကြိမ်မှ အကြိမ် ၂၀ အထိရှိပါတယ်။
လူနာရဲ့ အသက်ရှူသွင်းမှုကို အာရုံခံတာမျိူးမဟုတ်တဲ့ အတွက် လူနာအသက်ရှူသွင်းနေသည်ဖြစ်စေ၊ မရှူသည်ဖြစ်စေ တစ်မိနစ်မှာ သတ်မှတ်ထားတဲ့ အတိုင်းအတာပမာဏ ကိုသာ အခြေခံပြီး စက်မှ အလိုအလျောက် လေဖိအားထုတ်လွှတ်ပေးသောစနစ်ဖြစ်ပါတယ်။ လူနာကို မမှီခိုဘဲ စက်ကသာ လုပ်ဆောင်သွားသောစနစ်ဖြစ်တာကြောင့် Machine-triggered လို့လည်းခေါ် ပါတယ်။

✅ S/T Mode – Spontaneous Timed Mode

S/T Mode ကတော့ အထက်မှာဖော်ပြခဲ့တဲ့ S Mode နှင့် T Mode ကို ပေါင်းထားတာပါ။ သူ့ရဲ့ လုပ််ဆောင်ပုံက alarm ပေးထားတဲ့ နာရီတစ်ခုလိုပါပဲ။ ဥပမာ ကျနော်တို့မနက် ၆ နာရီ ထမယ်ဆိုပြီး alarm ပေးထားမယ်။ ၆နာရီမတိုင်ခင် နိုးခဲ့လျှင် ဒီ alarm ကို အသုံးပြုစရာမလိုတော့ပါဘူး။ အကယ်၍ ကျနော်တို့ ၆ နာရီမှာ မနိုးဘူးဆိုရင်တော့ alarm က အလုပ်လုပ်မှာဖြစ်ပါတယ်။

S/T Mode ကလည်း ထိုနည်းအတူပါပဲ။ တစ်မိနစ်မှာပုံမှန်အသက်ရှူနှုန်းက ၁၂ ကြိမ်မှ အကြိမ် ၂၀ အထိရှိပါတယ်။

ကျနော်တို့ရဲ့ အသက်ရှူနှုန်းကို တစ်မိနစ်မှာ ၁၂ ကြိမ်အောက် ကျမသွားစေချင်လျှင် ကျနော်တို့ Back Up Frequency ကို ၁၂ သတ်မှတ်ထားလို့ ရပါတယ်။ ဒီလိုသတ်မှတ်လိုက်ပြီဆိုတာနဲ့ စက်က alarm clock နဲ့ လုပ်ဆောင်ပုံသဘောတရားတူသွားပါပြီ။

ကျနော်တို့က ပုံမှန်အသက်ရှူနှုန်းနဲ့ ရှူနေတယ်ဆိုလျှင် စက်က အသက်ရှူနှုန်းနှင့် လိုက်ပြီး လေကိုထုတ်လွှတ်ပေးမှာပါ။ ဒီအချိန်ထိက Patient-triggered ပါ။ ကျနော်တို့ back up ထားထားတဲ့ ၁၂ ကြိမ်အောက်ကို ကျသွားပြီဆိုလျှင်တော့ စက်က အလိုအလျောက်လေထုတ်တဲ့ Machine-triggered စနစ်ကို ပြောင်းသွားမှာဖြစ်ပါတယ်။

BiPAP Mode တွေထဲက ဘယ် Mode အသုံးပြုရမလဲ ဆိုတာကတော့ လူနာ တစ်ဦးချင်းစီရဲ့ အခြေအနေပေါ် မူတည်တာကြောင့် တတ်ကျွမ်း နားလည်သူတွေနဲ့ တိုင်ပင်ပြီးမှ အသုံးပြုဖို့ အကြံပြုချင်ပါတယ်။