မိသားစုဝင်တွေထဲမှာ အိပ်ဟောက်ရှူပိတ်ရောဂါရှိနေသူကို ဘယ်လိုကူညီပေးနိုင်မလဲ?

အိပ်ဟောက်ရှူပိတ်ရောဂါဟာ အမျိုးသားများမှာ ပိုမိုဖြစ်ပွားလေ့ရှိပြီး အချိန်ကြာကြာအိပ်သော်လည်း အိပ်ရေးမဝဘဲ အိပ်ယာထချိန်မှာခေါင်းကိုက်တာ၊ နေ့လယ်ဘက်အလုပ်ချိန်တွေမှာ အာရုံမစိုက်နိုင်နိုင်အောင်အိပ်ငိုက်တာ၊ စိတ်အပြောင်းလဲမြန်တာ၊ အိပ်နေရင်း အသက်ရှူရပ်သလိုဖြစ်ပြီး လန့်နိုးလာတာ၊ အိပ်ရင်ဟောက်သံကျယ်တာ မျိုးတွေကို နေ့စဉ်နဲ့အမျှ ခံစားနေကြရပြီး လူမှုရေးမှာသာမက အိမ်ထောင်ရေးမှာပါ ပြဿနာများ ကြုံတွေ့လေ့ရှိပါတယ်။ အိပ်ဟောက်ရှူပိတ်ရောဂါရှင်များနေနဲ့ ဝိတ်ချတာမျိုး၊ အရက်ဆေးလိပ်ရှောင်တာမျိုး၊ လိုအပ်ပါက ခွဲစိတ်ကုသခြင်း၊ နေ့စဉ်အသက်ရှူစက် (CPAP) တပ်ဆင်ခြင်းစသည်ဖြင့် ကုသမှုခံယူလေ့ရှိပါတယ်။ ယနေ့မှာတော့ CPAP ကုထုံး ခံယူခြင်းအားဖြင့် အိပ်ဟောက်ရှူပိတ်ရောဂါရှင်များအနေနဲ့ မိမိနဲ့ အတူနေမိသားစုဝင်၊ အိမ်ထောင်ဖက်များနဲ့ အကြား ပိုမိုကောင်းမွန်သော မိသားစုအသိုက်ဝန်းတစ်ခုတည်ဆောက်နိုင်တယ်ဆိုတဲ့အကြောင်းကို မျှဝေပေးသွားပါမယ်။

အိပ်ဟောက်ရှူပိတ်ရောဂါရှင်များက မိသားစုဝင်အိမ်ထောင်ဖက်များအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်မှာစိုးရိမ်ပြီး မကြာခဏဆိုသလို အိပ်ယာခွဲအိပ်လေ့ရှိပါတယ်။ အိမ်ထောင်ဖက်များကလည်း လူနာဟောက်သံကျယ်ခြင်းကြောင့်သော်လည်းကောင်း၊ ခဏခဏလန့်နိုးတာမျိုးကြောင့်သော်လည်းကောင်း၊ လူနာအပေါ် စိုးရိမ်ပူပန်စိတ်များကြောင့် ညဘက်ကောင်းကောင်းအိပ်မပျော်ကြဘူးလို့ ပြောကြပါတယ်။ အိပ်နေစဉ်ဟောက်တတ်လေ့ရှိသောအမျိုးသားများကို လေ့လာချက်များအရ သူတိုရဲ့အိမ်ထောင်ဖက်တစ်ဝက်နီးပါးဟာ ညတိုင်းနီးပါး အိပ်ရေးကောင်းကောင်းမဝဘဲ တစ်ခါတစ်ခါ အိပ်ခန်းထဲကပါ ထွက်သွားကြရတယ်လို့ ဆိုပါတယ်။ တစ်ညတစ်လေ အိပ်ယာခွဲအိပ်တောင်မှ အိမ်ထောင်ဖက်များအနေနဲ့ စိတ်သက်သာမှုမရှိပဲ ယခင်နေ့တွေလို အိပ်ရေးမဝတာမျိုး ဆက်လက်ပြီးခံစားနေရကြောင်းလေ့လာတွေ့ရှိရပါတယ်။ အိပ်နေစဉ် ဟောက်တတ်လေ့ရှိသူများနှင့် အတူနေအိမ်ထောင်ဖက်များမှာ အခြားပုံမှန်အိမ်ထောင်ရှင်များနှင့်နှိုင်းယှဉ်ပါက အိပ်ရေးပျက်ခြင်း ကို ခံစားကြရလေ့ရှိကြပါတယ်။

CPAP အသုံးပြုခြင်းအားဖြင့် ရရှိနိုင်မည့် အကျိုးများ

လေ့လာချက်များအရ CPAP ကုထုံးဖြင့် ကုသမှုခံယူပြီးသော လူနာများသာမက သူတိုရဲ့ အိမ်ထောင်ဖက်၊ မိသားစုဝင်များပါ ယခင်လို အိပ်ရေးပျက်ခြင်းများ လျော့နည်းလာပြီး မိမိတိုရဲ့ လူမှုရေး၊ အိမ်ထောင်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ စိတ်ခံစားမှုများ စသည်ဖြင့်တိုးတက်ကောင်းမွန်လာပြီး လူနေမှုဘဝမှာ ပိုမိုအဆင်ပြေချောမွေ့လာတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။အထူးသဖြင့် CPAP ကုထုံးအသုံးပြုပြီးနောက် လူနာများရဲ့ အိမ်ထောင်ဖက်များမှာ ယခင်ထက်ပိုမိုအဆင်ပြေစွာ အိပ်စက်အနားယူလာနိုင်ကြောင်းတွေ့ရှိရပြီး လူနာကိုယ်တိုင်လည်း ပိုမိုကောင်းမွန်စွာ အိပ်စက်လာနိုင်သဖြင့် CPAP အသုံးပြုပြီး ၃လအတွင်းမှာ အိမ်ထောင်ရေးပြဿနာများကိုလည်း သိသာစွာလျော့ကျလာပြီး အတူနေမိသားစုဝင်များနှင့်လည်း ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေး ကိုတည်ဆောက်လာနိုင်မှာဖြစ်ပါတယ်။

သင့်ရဲ့ အိမ်ထောင်ဖက်အား CPAP ကုထုံးအကြောင်း ဘယ်လိုတိုင်သင့်လဲ?

(၁) အိပ်ဟောက်ရှူပိတ်ရောဂါ ကို တစ်ယောက်တည်းနှင့်သက်ဆိုင်သော ပြဿနာဟု မစဥ်းစားဘဲ ၂ ဦးလုံးနှင့်သက်ဆိုင်သော အရာဟုစဥ်းစားပြီး ဖြေရှင်းသင့်ပါတယ်။

(၂) မိမိအိမ်ထောင်ဖက်တွင် အိပ်ဟောက်ရှူပိတ်ရောဂါရှိနေပါက စိတ်ရှည်သည်းခံပြီး ကိုယ်ချင်းစာနားလည်ပေးရပါမယ်။

(၃) မိမိအိမ်ထောင်ဖက်အား CPAP ကုထုံးကုသမှုခံယူခြင်းအားဖြင့် ရရှိနိုင်အကျိုးကျေးဇူးများကို နားလည်လက်ခံနိုင်သည်အထိ ရှင်းလင်းစွာ ဆွေးနွေးပြောဆိုသင့်ပါတယ်။

ကောင်းမွန်သောအိပ်စက်ခြင်းကို နေ့စဉ် ရယူနိုင်ကြပါစေ။