Ling Six-Sound

ကျွန်ုပ် ၏ ကလေး နားကြားသည်ကို ဘယ်လိုသိနိုင်မလဲ ???

ဒီဤမေးခွန်းကို နားကြားကိရိယာ (သို့) ကော်ကလီယာအင်ပလန့် အသုံးပြုသော ကလေးငယ်များ၏ မိဘများမှ မေးလေ့မေးထရှိကြသည်။ တစ်ဦးချင်း သီးသန့် စမ်းသပ်မှုကို နားဘက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ကလေးအားသင်ကြားသူများမှ ပြုလုပ်သည်။ သို့သော် မိဘ၏လေ့လာတွေ့ရှိချက် အကူအညီဖြင့် မိမိ၏ကလေးသည် ဤနားကြားအထောက်အကူကိရိယာဖြင့် အကျိုးရှိသည် မရှိသည်ကို ဆွေးနွေးဖော်ပြနိုင်သည်။

မိဘများမှ လုပ်နိုင်သောစမ်းသပ်နည်း တခုမှာ Ling Six-Sound Test ဖြစ်သည်။ ၎င်းအား ကလေးမှ နားကြားကိရိယာ စတင်တပ်ဆင်သည့် နံနက်တိုင်း စမ်းသပ်ပေးရန် အကြံပြုထားပါသည်။ ၎င်း စမ်းသပ်နည်းသည် ကလေးတစ်ဦးမှ အနိမ့်သံ၊ အလယ်သံ၊ အမြင့်သံ၊ များအား တသမတ်တည်း တုန့်ပြန်မှုရှိ မရှိ ဆုံးဖြတ်နိုင်သော သမရိုးကျ စမ်းသပ်နည်း ဖြစ်သည်။ ထို့ပြင် စကားသံကို ကလေးမှ မည်သည့်အကွာအဝေး၌ ကြားနိုင်သည်ကိုလည်း ဖော်ပြပေးပါသည်။ ထိုနည်းကို တွေ့ရှိသူ ဒေါက်တာ ဒယ်နီရယ်လင်း(ဂ်) ကို အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်သည်။

Ling Six-Sound ဖြင့်နေ့စဉ်စမ်းသပ်ခြင်းဖြင့် ကလေး၏ အကြားအာရုံ အပြောင်းအလဲ ရှိ မရှိ နှင့် ၎င်း၏ အကြား အထောက်အကူ ကိရိယာ ပုံမှန်အလုပ်လုပ်သည် မလုပ်သည်ကို ချက်ချင်းသိရှိနိုင်သည်။ အကယ်၍ မိသားစုမှ တစ်စုံတစ်ခု သံသယရှိပါက ရလဒ်များကို မှတ်တမ်းထားရှိခြင်းဖြင့် အထောက်အကူ ကိရိယာ ပစ္စည်းကြောင့်လား အကြားစွမ်းရည် လျော့နည်းသွားသလား ဆိုသည့် အဖြေကို ထိုမှတ်တမ်းမှ များစွာ အထောက်အကူဖြစ်ပါသည်။

မြန်မြန် စမ်းသပ်နိုင်သောနည်း

၁) ကလေးနှင့် တစ်တန်းတည်းနေပါ။
၂) လက်ဝါးကို ရေပြင်ညီအတိုင်း ပါးစပ်ကိုကာထားပြီး ၄ လက္မအကွာ၌ အသံပေးပါ။ သို့မှသာ ကလေးသည် စမ်းသပ်သူ၏ ပါးစပ်ကို မမြင်ရ၍ မည်သည့်အသံ ပေးနေသည်ကို မသိရှိနိုင်ပါ။
၃) တူညီသော အကွာအဝေးမှ ပုံမှန် အသံဖြင့် အသံ ၆ သံကို ထွက်ပေးပါ။

အသံထွက်

အာ
အူ
အီ
ရႉး

အမ်

အသံပေးသည့်အခါ တိုင်ပင်ကိုက် မပြုလုပ်မိရန် သတိပြုပါ။ တစ်သံပေးပြီး နောက်တစ်သံအား၂ စက္ကန့် အကြာ ခေတ္တခြားပြီး ပေးပါ။ သို့သော် တစ်ကြိမ် နှင့် တစ်ကြိမ်ကြား အချိန် တိုတောင်းရန် လိုပါသည်။ ထိုသို့ ပြုလုပ်ရခြင်းမှာ ကလေးမှ အသံ မကြားသော်လည်း အချိန်ကိုက် တိုင်ပင်ကိုက် တုန့်ပြန်ခြင်းကို ရှောင်ရှားရန် ဖြစ်သည်။

၎င်းအသံကို နားကြားသော လူကြီးများမှ အစပိုင်းတွင် သရုပ်ပြ လုပ်ဆောင်ပေးနိုင်ပါသည်။ ကလေး၏ တုန့်ပြန်မှုသည် သူ၏ ဖွံ့ဖြိုးမှု တိုးတက်မှုအခြေအနေ၊ အသံကြားနိုင်မှု အခြေအနေ နှင့် နားကြားသက် ( နားကြားကိရိယာ/အင်ပလန့် နှင့်ကြားသည့် အသက်) တို့ပေါ်တွင် မူတည်နေမည်။ ဤစမ်းသပ်မှုကို လျင်မြန်စွာပြုလုပ်ခြင်းဖြင့် ကလေးမှ မှန်ကန်စွာ နားထောင်ပြီး ဤလုပ်ငန်းစဉ်၌ ပျော်ပျော်ရွှင်ရွှင် ပူးပေါင်း ပါဝင်မည် ဖြစ်သည်။

ငယ်ရွယ်သော ကလေးများအား အသံကြားလျင် ခေါင်း (သို့) ခန္ဓာကိုယ် လှည့်ကြည့်ခြင်း / နားကို ညွှန်ပြခြင်း တို့ကို သင်ပေးနိုင်ပါသည်။ ကလေးကြီးလာသည် အမျှ အသံကြားတိုင်း အတုံးကလေး (သို့) အခြားပစ္စည်းများကို ခြင်းထဲထည့်ခြင်း/လက်ထောင်ပြခြင်း တို့ကို ပြုလုပ်ခိုင်းနိုင်ပါသည်။

အသံထွက်နိုင်သော ကလေးများအား Ling Six-Sound ကို တုပပြောစေပါ။ မိဘများ မိမိကလေးအားနေ့စဉ်လုပ်နေကျ လုပ်ငန်းစဉ်ထဲမှ ရွေးချယ်ပြီး Ling Sound ကို ကစားပေးပါက သဘာဝကျကျနားထောင်တတ်သော အလေ့အကျင့်ကို ရသွားပါမည်။ အသံကို ခေတ္တရပ်ခြင်း စောင့်ခြင်း ပြုလုပ်ခြင်းဖြင့် ကလေးအား မိမိကြားသောအသံကို တုပပြောဆိုရန် အခွင့်အရေး ရစေမည် ဖြစ်သည်။ အချိန်အတိုင်းအတာ တစ်ခု၌ ကလေးသည် ၎င်းအသံများကို အသံ မပေးသော်လည်း မိမိ သဘာဝအလျှောက် ထုတ်ဖော်ပြောဆိုလာနိုင်မည်။

အသံ နားထောင်ခြင်း၌ အလေ့အကျင့် ရှိပြီးသား ကလေးများမှာမူ Ling Six-Sound ကိုကြားသောအခါ လိုက်ဆိုနိုင်ပါလိမ့်မည်။ ထိုအခြေအနေသည် အသံကြားသည်ဟု ဖော်ပြရုံသာ မဟုတ်တော့ဘဲ အသံကွဲပြား ခြားနားခြင်း ကိုပါ ခွဲခြားနိုင်ပြီ ဖြစ်သည်။ အကယ်၍ ကလေး၌ ဘယ်နှင့်ညာ အကြားအထောက်ကူ ကိရိယာ နှစ်ဖက်စလုံးရှိပါက တစ်ဖက်စီ သီခြားနှင့် နှစ်ဖက် တစ်ပြိုင်နက် စစ်ဆေးရပါမည်။ သို့သော် ကလေး၏ ခံနိုင်ရည်ပေါ် မူတည်ပြီး အချိန် မကြာသင့်ပေ။

ကလေးအား တုန့်ပြန်လာနိုင်အောင် သင်ပေးသောအခါ လူကြီးမှ ကလေးနှင့် ၃/၄ ပေအကွာမှနေ၍ ထိုအသံ ၆ သံပေးပြီး ကူညီပေးပါ။ ထိုအသံကို တစ်ကြိမ်တည်းဖြင့် အမြဲ တုန့်ပြန်နိုင်ပြီဆိုပါက နောက်ထပ် အကွာအဝေး နှစ်ဆ တိုး၍ စမ်းသပ်ပါ။ အကွာအဝေးတိုးသွားသော်လည်း ပုံမှန်အသံဖြင့်သာ စမ်းရပါမည်။ အချိန်ကြာလာသည်နှင့်အမျှ မိမိ၏ ကလေး မည်သည့်အကွာအဝေးထိ ကြားနိုင်သည်ကို မိဘများ သိရှိသွားပါမည်။ မိမိစမ်းသော အကွာအဝေး၌ မကြားပါက ရှေသို့ တစ်လှမ်းတိုးပြီး စမ်းသပ်ရပါမည်။ နားကြားသက် ၄/၅ နှစ် အရွယ်အား ပေ ၄၀ အကွာ၌ စမ်းသပ်ပေးရပါမည်။ ထိုအကွာအဝေးထိ ကြားရပါသည်။ Ling Sound စမ်းခြင်းဖြင့် အသံ အနိမ့်အမြင့် ကြားသည် မကြားသည်ကိုလည်း အထောက်အကူပြုပါသည်။

အနိမ့်သံ __အမ်
အလယ်သံ___အာ
အမြင့်သံ ___စ

စကားသံသည် စကားပြောသောသူအပေါ်မူတည်ပြီး (ဘာသာစကား/ လူမျိုးနွယ်စု စကား) အမျိုးမျိုးကွဲပြားမှု ရှိပါသည်။ Ling Six-Sound အသံကို ကောင်းစွာ ကြားရသောကလေးသည် အပြောဘာသာစကား (Spoken Language) ကို ကောင်းမွန်စွာ ကြားရသည်ဟု ယူဆပါသည်။

Ling Six-Sound ရလဒ်မှ မိဘများ ဖြေဆိုနိုင်သောမေးခွန်းများမှာ…..
၁) မိမိ၏ကလေး မည်သည့် အသံကိုကြားရပါနည်း။
၂) မည်သည့်စကားသံကို မိမိ၏ ကလေးမှ ပြန်ပြောနိုင်ပါသနည်း။
၃) မိမိ၏ကလေး မည်သည်းအကွာအဝးမှနေ၍ အသံကိုကြားပြီး ပြန်ပြောနိုင်ပါသနည်း။

နားကြားနှုန်းဂရပ်(ဖ်) Audiogram သည် နားစမ်းသပ်ထားသောအဖြေကို ဖော်ပြထားပါသည်။ ၎င်း စက်မှ ထုတ်ပေးသော အသံသည် ယောကျ်ားတစ်ဦး ၏ ၆ ပေအကွာမှ ပြောသောအသံဖြင့် စမ်းသပ်ထားပါသည်။ ပြောသူ နဲ့ နီးကပ်စွာ ရှိခြင်းသည် အသံနားထောင်ရ ပိုမိုလွယ်ကူပါသည်။ အကွာအဝေး ထက်ဝက်လျှော့သွားတိုင်း ၆ dB အသံ ပိုကျယ်သွားမည်ဖြစ်သည်။


Audiogram နားကြားနှုန်းပြဂရပ်(ဖ်) မှ “/အူး/” အသံသည် လူတစ်ဦး ပြင်ပမှ ၃ ပေ အကွာအဝေး၌ ပြောသော ၄၅ မှ ၅၁ ဒယ်ဆီဘယ် အသံနှုန်းနှင့် တူညီသည်။ ထိုကြောင့် ပို၍ ကြားရလွယ်ကူပါသည်။ မိဘ (သို့) စမ်းသပ်သူမှ Ling အသံဖြင့် ကလေးကို စမ်းသပ်သောအခါ Audiogram မှ မည်သည့်အသံများ ကြားရသည်ကို သိရှိနိုင်ပါမည်။ ကလေး၏နား အကြားနှုန်းအဆင့်ကို သိရှိနားလည်ရန် အထောက်အကူ ဖြစ်ပါသည်။

Ling Six Sound နှင့်နားစမ်းသပ်ထားသော အဖြေများသည် ကလေး၏ မိသားစုကို မိမိ၏ ကလေးမှ မည်သည့်စကားသံ ကြားရသည်ကို သိရှိစေပြီး စကားပြော ဘာသာစကား စွမ်းရည်ကို မည်သို့တည်ဆောက်ရမည့်အကြောင်း သိရှိစေနိုင်ပါသည်။ မိဘများ၏ လေ့လာတွေရှိချက်များကို ကူညီပေးသူများ (Providers) နှင့် ဝေမျှခြင်းအားဖြင့် ကလေးအတွက် သင့်တော်သည့် အထောက်အပံ့ကို ဆုံးဖြတ်ပေးနိုင်ပါမည်။ ဆရာမများ (Teachers) အတွက်လည်း ကျောင်းပတ်ဝန်းကျင်၌ ၎င်း အချက်အလက်များကို လက်တွေ့အသုံးပြုပြီး ကလေး၏ နားထောင်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါသည်။ ဘာသာစကားပြောသင်ပေးသော ပညာရှင် (Speech-Language Therapist) မှလည်း ကလေး၏ နားထောင်နိုင်သောစွမ်းရည် မည်မျှတိုးတက်လာသည်ကို သိရှိနိုင်ပါသည်။ နားဘက်ဆိုင်ရာ ကျွမ်းကျင်သူ (Audiologist) မှလည်း ၎င်းအဖြေ နှင့် ကလေးသည် မည်သည့်အထောက်အကူကိရိယာဖြင့် အသင့်တော်ဆုံးဖြစ်ကြောင်း ပြန်လည်သုံးသပ်နိုင်ပေမည်။

** လူတိုင်း Ling Six-Sound ကိုအသုံးပြုပြီး ရိုးရှင်း၍ လွယ်ကူသော စစ်ဆေးမှုကို ပြုလုပ်နိုင်သည်။
ထိုစစ်ဆေးချက်မှ ကလေးသည် နားကြားကိရိယာဖြင့် လုံလောက်သည် (သို့) အတွင်းနားအတု/အကြားအာရုံနိုးဆွစက်ဖြင့် နားထောင်ရန် စတင်ရမည်ကို ဆုံးဖြတ်နိုင်ပါသည်။

John Tracy ClinicIdeas & Advice for Parents of Children with Hearing Loss မှ Listening with Ling Six ကို ဆီလျှော်စွာ ဘာသာပြန်ဆိုထားပါသည်။ Ling Sound Check ၏ ဤမျှလောက်တန်ဘိုးရှိသောအရေးပါပုံ ကို သိရှိပြီး မိဘများနှင့် နားစမ်းသပ်သူတိုင်း လုပ်ဆောင်နိုင်ရန် ဘာသာပြန်ဆိုပေးခြင်းဖြစ်ပါသည်။

အကြားအထောက်အကူကိရိယာများကို တန်ဘိုးရှိစွာအသုံးပြုရန် ရည်ရွယ်လျက်
လေးစားစွာဖြင့်
နော်ဗွီတူဖော
၁၉.၁၂.၂၀၁၇