မပေါ့ဆသင့်တဲ့ အာသီးရောင်ရောဂါ (Tonsillitis)❗❗

ကျနော်တို့ သာမန်ရာသီဥတု အပြောင်းအလဲကြောင့် အအေးမိ လည်ချောင်းနာတာမျိုးက စိတ်ပူစရာ မရှိပေမဲ့ ထိုမှတစ်ဆင့် တံတွေးမျိုရခက်လာပြီး အဖျားဝင်၊ အာသီးရောင်တာတွေ ဖြစ်လာခဲ့ရင် (အထူးသဖြင့်) အာသီးနားမှာ ပြည်တည်တဲ့အထိ ဖြစ်လာခဲ့ရင်တော့ မပေါ့ဆသင့်ပါဘူး❗❗

✔ အာသီး (Tonsil) က ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်တဲ့ ပြန်ရည်စနစ် (Lymphatic System) တွေထဲက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်း လေပြွန်ကနေ ရောဂါပိုးတွေ ဝင်ရောက်မှုကို ရှေ့တန်းကနေ ခုခံကာကွယ်ပေးတယ်။

ဘာကြောင့်အာသီးရောင်တာမျိုး ဖြစ်ရသလဲ❓

အာသီးရောင်တာက ရာသီအကူး‌အပြောင်းကာလတွေမှာ ပိုဖြစ်တတ်ပါတယ်?️☀️

?️ဘာကြောင့်လဲဆိုရင် ရာသီအကူးအပြောင်းကာလမှာ ပတ်ဝန်းကျင်အပူချိန် အပြောင်းအလဲကြောင့် ဗိုင်းရပ်စ်ပိုးတွေ ပိုပြီးပေါက်ပွားလာပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့ အာသီးရောင်တာက ၂-၃ရက်နေရင် ပျောက်သွားတတ်ပါတယ်။ သို့ပေမဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အာသီးရောင်တာမျိုးဆိုရင်တော့ အာသီးရောင်တာပိုမိုပြင်းထန်ပြီး ရောဂါလက္ခဏာတွေကလည်း ပိုဆိုးလာတတ်ပါတယ်။ ကိုယ်အပူချိန်မြင့်ပြီး တံတွေးမျိုရပိုခက်လာမယ်။ နောက်ဆက်တွဲအနေနဲ့ အာသီးအပြင်နဲ့ လည်ပင်းအတွင်းမှာ ပြည်တည်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အာသီးရောင်တာက အဖြစ်များပေမဲ့ ရေရှည်ဖြစ်လာပြီဆိုရင်တော့ သတိထားသင့်ပါတယ်။

လည်ချောင်းနာတာနဲ့ အာသီးရောင်တာ တူလား❓

❎လည်ချောင်းနာတာနဲ့ အာသီးရောင်တာ မတူပါဘူး။ သို့ပေမဲ့ လည်ချောင်းနာတာမှတစ်ဆင့် အာသီးရောင်တာဆက်ဖြစ်နိုင်ပါတယ်။ အစောပိုင်းမှာတော့ လည်ချောင်းမျိုလိုက်တိုင်းနာတတ်ပေမဲ့ အစာစားလို့ရသေးတယ်။ အဖျားလည်း သိပ်မကြီးတတ်ပါဘူး။ ဒါပေမဲ့ အာသီးရောင်လာပြီဆိုလျှင် တံတွေးမျိုတိုင်းနားအထိပါ နာတတ်ခြင်း၊ နေမကောင်း အဖျားတတ်လာခြင်း၊ အခြေအနေအရမ်းဆိုးရင် အစာမစားနိုင်တော့ဘဲ လက်နှိပ်ဓာတ်မီးနဲ့ ကြည့်ရင်လည်း အာသီး (၂) ခုလုံးရောင်ရမ်း နေပြီး အဖြူဖတ်၊ ပြည်ဖတ်တွေ ပေါ် လာတတ်ပါတယ်။

ဘယ်လိုအခြေအနေမျိုးဆို ဆရာဝန်ပြသင့်သလဲ❓

ရေများများသောက်ပြီး ‌ကောင်းကောင်းအနားယူရပါမယ်။ သာမန်ဗိုင်းရပ်စ် ပိုးဝင်တာဆိုရင် ၂-၃ ရက်လောက်နေရင်ပြန်ကောင်းတတ်သော်လည်း ဘက်တီးရီးယားကြောင့်ဖြစ်တာဆိုလျှင်တော့ အချိန်ပိုကြာပြီး လက္ခဏာတွေလည်း ပိုပြင်းထန်ပါတယ်။ ဒါကြောင့် ၂-၃ ရက်စောင့်ကြည့်ပြီး ရောဂါလက္ခဏာ မသက်သာလျှင် (သို့မဟုတ်) ‌အစာ၊ ရေမျိုရပိုခက်လာတယ်၊ အသက်ရှူရတာခက်လာတယ်ဆိုရင် ဆရာဝန်ပြသပြီး လိုအပ်တဲ့ ကုသမှုတွေကို ခံယူရပါမယ်။

အာသီးရောင်တာက ကူးစက်တတ်လို့ အခြားသူတွေကို ကူးစက်မှုမဖြစ်အောင် အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်⚠️⚠️⚠️

  • လူထူထပ်တဲ့ နေရာတွေကို ‌မသွားပါနဲ့။ နှာခေါင်းစည်း Mask တပ်ပါ။
  • နှာချေ၊ ချောင်းဆိုးလျှင် တစ်သျှူး သို့မဟုတ် လက်ကိုင်ပုဝါအသုံးပြုပြီးပါ။
  • အသုံးပြုပြီးသား တစ်သျှူး များကို စနစ်တကျစွန့်ပစ်ပါ။
  • တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို သီးသန့်ထားပါ။
  • လက်ကိုမကြာခဏ ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးပါ။

အာသီးရောင်ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ?

အထက်မှာပြောခဲ့သလိုဘဲ ဘက်တီးရီးယားဝင်တဲ့လက္ခဏာတွေရှိလာရင် ဆေးခန်းသွားသင့်ပါတယ်။

ဘက်တီးရီးယားကြောင့် နားပိုးဝင်ခြင်း၊ အာသီးရောင်ပြီးကြီးလာတဲ့အတွက်ကြောင့် အထူးသဖြင့် ကလေးတွေမှာ အိပ်ဟောက်ရှူပိတ်ရောဂါဖြစ်လာတတ်ပြီအိပ်ရေးမဝတာ လိုအပ်တဲ့ အောက်ဆီဂျင်ပမာဏမရတာ တွေ ဖြစ်နိုင်တဲ့အပြင်အာသီးမှာ ပြည်တည်တဲ့အထိဖြစ်ရင် အဆုတ်အတွင်းက အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ကူးစက်ထိခိုက်နိုင်လို့ လျစ်လျူမရှုသင့်ပါဘူး။

ဘယ်လိုအချိန်မှာ အာသီးခွဲဖို့ လိုအပ်ပြီလဲ❓

အာသီးရောင်တာကြောင့် အလုပ်အကိုင်ကျောင်းပျက်လာရင် အထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ပြီး အာသီးခွဲသင့် မခွဲသင့်ကို ဆုံးဖြတ်ကြပါတယ်။

UK နိုင်ငံရဲ့ SIGN Criteria Guideline အရ

  • တစ်နှစ်မှာ ၇ကြိမ် အာသီးခဏခဏရောင်ပြီး ဖျားခြင်း (သို့မဟုတ်)
  • တစ်နှစ် ၅ကြိမ် အာသီးခဏခဏရောင်ပြီး ဖျားခြင်း (၂နှစ်ဆက်တိုက်ဖြစ်လျှင်) (သို့မဟုတ်)
  • တစ်နှစ် ၃ကြိမ် အာသီးခဏခဏရောင်ပြီး ဖျားခြင်း (၃နှစ်ဆက်တိုက်ဖြစ်) ခွဲစိတ်ကုသဖို့ စဥ်းစားသင့်ပါတယ်။

ဂရုပြုရမည့်အချက်များ❗❗

လူကြီးတွေ၊‌ ဆေးလိပ်သောက်သူတွေမှာ အာသီးရောင်လျှင် မပေါ့ဆသင့်ပါဘူး။ ဆေးလိပ်သောက်သူတွေမှာ လည်ပင်းမှာ အကြိတ်ထွက်ရင် လျစ်လျူမရှုဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ကြီးများနှင့် အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

အာသီးမရောင်အောင် ဘယ်လိုကာကွယ်နိုင်သလဲ❓

ကိုယ်ခံအားကောင်းစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပါ။ နေ့စဥ်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ပေးပါ။ ရာသီအကူးအပြောင်းကာလ‌ရောက်လျှင် တုပ်ကွေးကာကွယ်ဆေးကြိုထိုးထားပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတာကြောင့် ‌အာသီးရောင်ခြင်းနဲ့ သက်ဆိုင်တဲ့အကြောင်းအရာလေးတွေကို ‌ဗဟုသုတရစေရန် မျှဝေပေးလိုက်ပါတယ်???