ချာချာလည် မူးခြင်း Vertigo

Vertigo ဆိုတာဘာလဲ

Vertigo ဆိုတာ လူက ငြိမ်ငြိမ်ရပ်နေတဲ့ အချိန်မှာတောင် ‌ဘေးပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်အောင် မူးနေတာမျိုးကို ခေါ် ပါတယ်။

Vertigo အမျိုး‌အစားများ

✅နားကြောင့်ချာချာလည် မူးခြင်း (Peripheral Vertigo) – ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းပေးတဲ့ အတွင်းနား (inner ear) မှာ ပြဿနာရှိနေလို့ဖြစ်တာပါ။ အတွင်းနားမှာရှိတဲ့ အစိတ်အပိုင်းတွေ ထိခိုက်သွားတယ်ဆိုရင် Peripheral Vertigo ရနိုင်ပါတယ်။

✅ဦးနှောက်ကြောင့် ချာချာလည်မူးခြင်း (Central Vertigo) – ခန္ဓာကိုယ် ဟန်ချက်ထိန်းပေးတဲ့နေရာမှာ ပါဝင်တဲ့ ဦး‌နှောက်ရဲ့ အစိတ်အပိုင်းမှာ ပြဿနာရှိနေရင် Central Vertigo ရတတ်ပါတယ်။

Vertigo ဖြစ်စေတဲ့ အကြောင်းရင်းများ

နားကြောင့်ချာချာလည်မူးတာ (Peripheral Vertigo) ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့

  • Benign paroxysmal positional vertigo/ BPPV ရောဂါ
  • ပိုးသတ်ဆေး၊ နားကိုထိခိုက်စေသော ကင်ဆာဆေး၊ ဆီးဆေး နှင့် အခြား‌ဆေးများ။
  • ခေါင်းထိခိုက်ဒဏ်ရာရခြင်း
  • Inner Ear အတွင်းနား နှင့် ဦးနှောက်ကို ချိတ်ဆက်ပေးတဲ့ အာရုံကြော (Vestibular Nerve) ရောင်ခြင်း
  • အတွင်းနား‌ရောင်ခြင်း
  • Meniere ရောဂါ
  • Vestibular Nerve အဖိခံရခြင်း စတာတွေက (Peripheral Vertigo) နားကြောင့် ချာချာလည်မူးခြင်း တွေ ဖြစ်နိုင်ပါတယ်။

ဦးနှောက်မှာရှိတဲ့ Balance System ပျက်လို့ဖြစ်တဲ့ (Central Vertigo) ဖြစ်စေတဲ့ အကြောင်းရင်းတွေက

  • သွေးကြောဆိုင်ရာ‌ရောဂါများ၊ လေဖြတ်ခြင်း
  • အချို့ဆေးများ – အတက်ရောဂါဆေးများ၊ သွေးကြဲဆေး
  • အရက် (alcohol)
  • အလုံး အကြိတ်နှင့် ကင်ဆာရောဂါ
  • ခေါင်းကိုက်ခြင်း

Vertigo ဖြစ်ရင် ဘယ်လို လက္ခဏာတွေပြလဲ❓

အများစုကတော့ မိမိပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေအကုန် ချာချာလည်‌ပြီး မူးနေတယ် ဆိုတဲ့ လက္ခဏာမျိုးကို ကြုံ တွေ့ရလေ့ရှိပါတယ်။ မအီမသာဖြစ်ပြီး အော့အန်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

ဘာကြောင့်ဖြစ်လဲအပေါ် မူတည်ပြီး ‌‌အောက်မှာဖော်ပြထားတဲ့ အခြားလက္ခဏာတွေလည်း အမျိုးမျိုးပြနိုင်ပါတယ်။

  • မျက်လုံးအာရုံစိုက်မှုပြဿနာရှိခြင်း
  • နားတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး အကြားအာရုံချို့ ယွင်းခြင်း
  • ခန္ဓာကိုယ်ဟန်ချက်မထိန်းနိုင်ခြင်း
  • နားထဲတွင် ပုံမှန်မဟုတ်သော အသံများကြားနေရခြင်း

ဦး‌နှောက်ကြောင့်ဖြစ်တဲ့ Central Vertigo ဆိုရင်တော့

  • အစာမျိုချရခက်ခြင်း
  • မြင်ကွင်း ၂ထပ်ဖြစ်ခြင်း
  • မျက်လုံးလှုပ်ရှားမှုပြဿနာရှိနေခြင်း
  • မျက်နှာ အကြောသေခြင်း
  • စကားပြောမသဲကွဲတော့ခြင်း
  • ခြေလက်များအားနည်းလာခြင်း

ချာချာလည်မူးနေချိန်မှာ ဆောင်ရန်ရှောင်ရန်များ❗️

၁။ တတ်နိုင်သလောက် ငြိမ်ငြိမ်လေးနေပါ။ မူးတာထက် ချော်လဲတဲ့ အန္တရာယ်ကပိုများတတ်ပါတယ်။ ချော်လဲပြီး ခါးရိုး၊ ‌ပေါင်ရိုး၊ ဦးခေါင်းခွံရိုးထိသွားရင် ပိုအန္တရာယ်များပါတယ်။

၂။ ခေါင်းကို ခဏခဏသိပ်မလှုပ်ပါနဲ့။ ဘေးဘက် ‌ရှေ့နောက်လှည့်ချင်ရင် ခေါင်းနဲ့အတူ ခန္ဓာကိုယ်ပါ လိုက်လှည့်ပေးပါ။

၃။ ဇက်ခဏခဏချိုးတဲ့ အကျင့်ကို ဖျောက်ပါ။

၄။ နားကလော် ခြင်း၊ နား‌ရေဆေးခြင်းများကို ရှောင်ပါ။

၅။ Vertigo ရှိတဲ့သူတွေက ရေကူးတဲ့ အချိန်၊ အမြင့်တက်နေတဲ့အချိန်တွေဆို သတိထားသင့်ပါတယ်။ မူးပြီး ရေနစ်တာ၊ အမြင့်က ပြုတ်ကျနိုင်ချေတွေရှိပါတယ်။