ကလေးငယ်များနှင့် အကြားအာရုံချို့ယွင်းခြင်း

ကလေးတွေမှာ နားမကြားခြင်းက ဘယ်လောက်အဖြစ်များသလဲ?

ကမ္ဘာပေါ်မှာ ၃၂ မီလီယံသောကလေးငယ်များက နားမကြားခြင်းကို ခံစားနေရပါတယ်။ ဒီအရေအတွက်ဟာ ကလေး ၁၀၀၀မှာ ၅ယောက် ပမာဏဖြစ်ပြီး ၆၀ ရာခိုင်နှုန်းသော အရေအတွက်ဟာ ကာကွယ်လို့ရရဲ့သားနဲ့ မကာကွယ်လိုက်မိတဲ့အတွက်ကြောင့် အကြားအာရုံဆုံးရှုံးသွားတာဖြစ်ပါတယ်။

ကလေးဘဝ နားမကြားခြင်းကို မွေးပြီး ၂၄-၄၈ နာရီအတွင်စစ်ဆေးရတဲ့ Newborn Hearing Screening ကနေ သိရတာများပါတယ်။ (Newborn Hearing Screening အကြောင်းအသေးစိတ်ကို ဒီမှာ ဖတ်ပါ။) ဒါပေမဲ့ ဒီ Test ဟာ Screening သီးသန့်မို့လို့ အဖြေက Pass (အကြားအာရုံကောင်းပါတယ်) ဆိုပြီးထွက်ရင်တောင်မှ အသက်ကြီးလာတဲ့အခါ အကြားအာရုံချို့ယွင်းတာမျိုးဖြစ်နိုင်ပါသေးတယ်။ အသက် ၁၂ မှ ၃၅ အတွင်း နားမကြားခြင်းမှာ ၁.၁ ဘီလီယံသောကလေးတွေဟာ နားကြပ်နှင့် ပါတီကဲ့သို့ ဆူညံသံများသော ပတ်ဝန်းကျင်နှင့် ဖျော်ဖြေရေးတွေကြောင့် အကြားအာရုံထိခိုက်တာဖြစ်ပြီး အဲ့ထဲမှာမှ ၁၂.၅ ရာခိုင်နှုန်ကတော့ Permanent Hearing Loss ရသွားတတ်ကြပါတယ်။

ကလေးတွေမှာ အကြားအာရုံနဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုက ဘယ်လောက်ချိတ်ဆက်နေလဲ?

သုတေသနစာတမ်းတွေအရ အကြားအာရုံဟာ ကလေးတစ်ယောက်ရဲ့ စကားပြောဆိုနိုင်မှု စွမ်းရည်၊ ဘာသာစကားနားလည်နိုင်မှု၊ လူတွေနဲ့ပြောဆိုဆက်ဆံနိုင်မှုအရည်အသွေးနဲ့ သင်ကြားရေးတွေမှာ အရေးပါတယ်ဆိုတာ သိရှိပြီးဖြစ်ပါတယ်။ ဒါကြောင့်အကြားအာရုံဆုံးရှုံးသွားတဲ့ကလေးတွေဟာ စာသင်ကြားရာမှာမလိုက်နိုင်ခြင်း၊ မိသားစုနဲ့သူငယ်ချင်းတွေနဲ့ ပြေဆိုချိတ်ဆက်ရာမှာ အားနည်းခြင်း စတဲ့ ပြဿနာတွေကြုံလာရနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှု အားနည်းလာတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေပါ ခံစားလာရနိုင်ပါတယ်။

✨ဒါကြောင့် ငယ်ရွယ်စဉ်မှာ အကြားအာရုံ ချို့ယွင်းတာကိုစောစောသိရင် စောစောကုသနိုင်မှာဖြစ်တဲ့အတွက် Newborn Hearing Screening ကိုမဖြစ်မနေလုပ်ကြဖို့အရေးကြီးပါတယ်။ ဒါမှသာ ကလေးက ပတ်ဝန်းကျင်နဲ့ချိတ်တက်ပြောဆိုမှုမှာ မနောက်ကျဘဲ သူတို့နဲ့ရွယ်တူ သူငယ်ချင်းတွေနဲ့တန်းတူ ဖွံ့ဖြိုးရေးဆိုင်ရာမှာကောင်းမွန်စွာ တိုးတက်နိုင်မှာဖြစ်ပါတယ်။✨

တကယ်လို့ကလေးတစ်ယောက်က အကြားအာရုံချို့ယွင်းမှုရှိခဲ့ရင် ဘာတွေလုပ်ပေးနိုင်မလဲ?

ကလေးတစ်ယောက်ရဲ့အကြားအာရုံချို့ယွင်းမှုနဲ့ပတ်သတ်ပြီး စောစီးစွာသိရှိခြင်းနဲ့ ချက်ချင်းကုသမှုခံယူခြင်းဟာ ကလေးတစ်ယောက်ကောင်းမွန်စွာကြီးပြင်းနိုင်မှုနဲ့ ကောင်းမွန်တဲ့အနာဂတ်အတွက် အလွန်အရေးပါပါတယ်။ ဒါကြောင့် အုပ်ထိန်းသူများဟာ မိမိကလေးအကြားအာရုံနဲ့ပတ်သတ်ပြီး ကျန်းမာရေးဗဟုသုတရှိဖို့နဲ့ တကယ်လို့ အကြားအာရုံချို့ယွင်းမှုရှိခဲ့ရင် ဘာတွေလုပ်နိုင်မလဲ သိရှိထားဖို့ အလွန်အရေးကြီးပါတယ်။ ကုသမှုနဲ့ပတ်သတ်ပြီးဘာတွေလုပ်နိုင်မလဲ အောက်မှာ ဆက်လက်ဖတ်ရှုကြည့်ပါနော်။

  • နားကြားကိရိယာတပ်ဆင်ခြင်း(Hearing Aid) – နားကြားကိရိယာတွေဟာ မူလအကြားအာရုံနဲ့အနီးစပ်ဆုံး ရနိုင်မဲ့ကုသမှုတစ်ခုပါ။ အမြဲတပ်ဆင်ထားရန်လိုအပ်ပြီး အသံတွေကို ချဲ့ပေးမဲ့ Electronic Device တစ်ခုပါ။
  • နားကြားစက်တပ်ဆင်ခြင်း (Cochlear Implant) – CI တွေဟာ အတွင်နား (Inner Ear) မှာ ခွဲစိတ်ပြီး တပ်ဆင်ထားရတဲ့ စက်ပစ္စည်းတွေဖြစ်ပြီး အကြားအာရုံနဲ့ပတ်သတ်တဲ့ Nerve (Auditory Nerve) တွေကို Electrical Stimulation နဲ့တိုက်ရိုက်လှုံ့ဆော်ပေးတဲ့ စက်တစ်မျိုးပါ။
Speech therapist teaching letter pronunciation to a young boy in a classroom
  • Assistive Hearing Devices – နားကြားကိရိယာနဲ့ CI ဆီကို အသံတွေတိုက်ရိုက်ပို့ဆောင်ပေးတဲ့ ကိရိယာတစ်မျိုးပါ။

မိမိကလေးကို ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ဘယ်လိုဖန်တီးပေးနိုင်မလဲ?

  • မိမိကလေးနဲ့ အမြဲစကားပြောပေးခြင်း နဲ့ တိုးတက်မှုကို အမြဲ စောင့်ကြည့်ပေးခြင်းက အကောင်းဆုံးသော ဂရုစိုက်ခြင်းပါ။ စာအုပ်တွေတူတူဖတ်ပေးခြင်းနဲ့ စကားပြောဖို့အချိန်ပေးခြင်းကို ဂရုစိုက်ပြီး လုပ်ဆောင်ပေးသင့်ပါတယ်။ စကားပြောတဲ့အခါမှာလည်း ခြောက်ပေထက်မဝေးတဲ့အကွာအဝေးကနေသာ ပြောပေးရပါမယ်။
  • နားကြားကိရိယာတပ်ဆင်ရတဲ့ကလေးဆိုရင်လည်း နားကြားကိရိယာကို အမြဲ တပ်ဆင်ဖြစ်အောင် အားပေးရပါမယ်။ ကလေးတွေဖြစ်တဲ့အလျောက် နားကြားကိရိယာကို တပ်ချင်မှာ မဟုတ်တဲ့အတွက်တစ်ရက်နည်းနည်းစီတပ်ပေးပြီး အမြဲတပ်ဖြစ်လာအောင် အားပေးရပါမယ်။
  • နားကြပ်အတွက် ဓာတ်ခဲအပိုတွေဆောင်ထားရပါမယ်။ ကလေးတွေဖြစ်တဲ့အတွက် ဆော့ကစားတဲ့အခါ ပြုတ်ကျနိုင်လို့ ကြိုးနဲ့တပ်ပေးဖို့လိုရင် ကြိုးနဲ့တပ်ပေးရပါမယ်။
  • အလွန်ဆူညံတဲ့ပတ်ဝန်းကျင်တွေက နားကြားကိရိယာတပ်ဆင်ရတဲ့ကလေးတွေအတွက် အာရုံစူးစိုက်ရခက်ခဲပြီး စိ်တ်ရှုပ်နိုင်တဲ့အတွက် အတတ်နိုင်ဆုံးမိမိကလေးကို အဲ့လိုနေရာတွေမသွားဖို့ သတိပြုပေးရပါမယ်။

ပိုမိုကောင်းမွန်တဲဲ့ ပတ်ဝန်းကျင်အကြောင်း အသေးစိတ်ဖတ်ရန်

One Reply to “ကလေးငယ်များနှင့် အကြားအာရုံချို့ယွင်းခြင်း”

Leave a Reply

Your email address will not be published. Required fields are marked *