လေ့ကျင့်ခန်းနှင့် အိပ်ဟောက်ရှူပိတ်ရောဂါ

အိပ်ဟောက်ရှူပိတ်ရောဂါနှင့် ပတ်သက်ပြီး အမေးအများဆုံး မေးခွန်းကတော့ လေ့ကျင့်ခန်းလုပ်ပြီး ဝိတ်ချခြင်းက ရောဂါကုသရာမှာ ထိ‌ရောက်မှုရှိပါသလား ဆိုတဲ့ မေးခွန်းပါပဲ။

ကိုယ်အလေးချိန်များတဲ့သူတွေမှာ လည်ပင်းတစ်ဝိုက် အဆီစုတာများတဲ့အတွက်ကြောင့် အသက်ရှူလမ်းကြောင်းပိတ်ပြီး OSA ‌ရောဂါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချခြင်းက အဝလွန်ရောဂါအပြင် အိပ်‌‌‌‌ဟောက်ရှူပိတ်ရောဂါကို ကုသရာမှာ ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် မိမိကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်း လျှော့ချခြင်းက လည်ပင်းနားက အဆီတွေလည်း ကျသွားတာကြောင့် အသက်ရှူလမ်းကြောင်းပိတ်တာ သက်သာစေပြီး လူနာရဲ့ AHI ပမာဏကို ၂၆ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်လျှော့ချရန် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်း ဖြစ်ပါ‌တယ်။ အောက်ပါအချက်တွေက လေ့ကျင့်ခန်းစတင်လုပ်ရန်နှင့် ပုံမှန်လုပ်ရန် အသုံးဝင်ပါတယ်။

(၁) သင့်တော်မည့် ကိုယ်အလေးချိန်ကို ရောက်ရန် သတ်မှတ်ပါ။

အချိန်တိုအတွင်း ဝိတ်အများကြီးကျဖို့က အရေးမကြီးပါဘူး။ ဖြည်းဖြည်းနှင့် ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကျန်းမာရေးနှင့် ညီညွတ်သော ဝိတ်ချနည်း ဖြစ်ပါတယ်။ ဥပမာ – တစ်ပတ်ကို တစ်‌ပေါင် ကျရမယ် ဆိုပြီး သတ်မှတ်ကြည့်ပါ။

(၂) လွယ်ကူသော လေ့ကျင့်ခန်းများနှင့် စတင်ပါ။

လေ့ကျင့်ခန်းလုပ်စမရှိတဲ့သူများအနေနှင့် ပြင်းထန်သော လေ့ကျင့်ခန်းများကို စလုပ်ခြင်းက ခန္ဓာကိုယ်ကို ထိခိုက်စေတာကြောင့် ‌ပေါ့ပါးသော လေ့ကျင့်ခန်းများနှင့် စတင်ကြည့်ပါ။ ဥပမာ – လမ်းလျှောက်ခြင်း၊ အကြောလျှော့ခြင်းတို့ကို တစ်နေ့ ၁၀ မိနစ်ခန့် ပြုလုပ်ကြည့်ပါ။

(၃) ပျော်ပျော်ပါးပါး နှင့် သက်တောင့်သက်သာဖြစ်ပါစေ။

လေ့ကျင့်ခန်းလုပ်ခြင်းကို နေ့စဥ်လုပ်ငန်းဆောင်တာ တစ်ခုအဖြစ်သတ်မှတ်ဖို့က အ‌ရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်ရန်သပ်သပ်ကြီး အချိန်ပေးရမယ်လို့ စဥ်းစားတဲ့အခါ စိတ်ဖိစီးပြီး မှန်မှန်လုပ်ဖို့ ပျက်ကွက်တတ်ပါတယ်။ ပြေးစက်ပေါ် တက်နေမှ လေ့ကျင့်ခန်းလုပ်တာ မဟုတ်ပါဘူး။ မိမိနှစ်သက်ရာကို ပြုလုပ်နိုင်ပါတယ်။ (ဥပမာ- မိသားစုနှင့် အတူ ကိုယ်လက်လှုပ်ရှားပြုလုပ်တာ၊ အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ လမ်းလျှောက်ထွက်တာကလည်း လေ့ကျင့်ခန်းဖြစ်ပါတယ်။)

(၄) မိမိဘဝနေထိုင်မှုပုံစံကို ပြောင်းလဲကြည့်ပါ။

သေးငယ်သော ပြောင်းလဲမှုတွေကလည်း မိမိခန္ဓာကိုယ်ကို ပိုမိုကျန်းမာစေပါတယ်။ (ဥပမာ-ဓာတ်လှေကားအသုံးပြုမည့်အစား လှေကားအသုံးပြုခြင်း၊ ကားဖြင့်သွားမည့်အစား စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း ကိုပြုလုပ်ပါ။)

(၅) မိမိပတ်ဝန်းကျင်ကလူတွေကိုလည်း လက်တွဲခေါ် ကြည့်ပါ။

လေ့ကျင့်ခန်းပြုလုပ်ရာမှာ တစ်ဦးတည်းထက် မိသားစုဝင် သို့မဟုတ် သူငယ်ချင်းမိတ်ဆွေများနှင့် အတူတူ လုပ်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ‌ရော၊ စိတ်ပိုင်းဆိုင်ရာပါပိုမိုတက်ကြွစွာ လုပ်ဆောင်နိုင်တာကြောင့် ထိရောက်စွာ ကိုယ်အလေးချိန်လျှော့ချနိုင်မှာဖြစ်ပါတယ်။