APAP Vs CPAP Vs BiPAP

အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) ရှိသူများအတွက်တော့ APAP/ CPAP/ BiPAP တွေဆိုတာ ရင်းနှီးနေကြမှာပါ။ ဒီနေ့မှာတော့ OSA ရောဂါကုသမှုမှာ အသုံးပြုတဲ့ APAP/ CPAP/ BiPAP စက်တွေရဲ့ ကွာခြားချက်ကို ဖော်ပြပေးသွားပါမယ်။

APAP ဆိုတာဘာလဲ❓

  • Auto-adjustable positive airway pressure (APAP) ကတော့ အသက်ရှူသွင်းချိန် အသက်ရှူလမ်းကြောင်းမှာ ဖြစ်တဲ့ ပြောင်းလဲမှုကိုလိုက်ပြီး လေဖိအားကို သူ့အလိုလို ပြောင်းလဲပေးတာပါ။
  • လေဖိအားကို 4 – 20 cmH2O ပမာဏတစ်ခုအတွင်း သတ်မှတ်ထားပြီး လူနာရဲ့ အသက်ရှူလမ်းကြောင်းအခြေအနေ၊ အသက်ရှူသွင်းချိန် နှင့် ညဘက်အိပ်စက်ပုံ အနေအထား အပေါ်မူတည်ပြီး အသင့်တော်ဆုံးဖြစ်တဲ့ လေဖိအားကို အလိုအလျောက် ထုတ်ပေးနိုင်ပါတယ်။
  • လူနာက ညအိပ်နေစဥ် လေဖိအားပိုလိုလာတဲ့အခါ စက်က လေဖိအားကို အလိုအလျောက်မြှင့်ပေးနိုင်ပေမဲ့ အသက်ရှူသွင်းချိန်ရော ရှူထုတ်ချိန်ရော လေဖိအားတစ်သမတ်တည်းသာဖြစ်ပါတယ်။

CPAP ဆိုတာ ဘာလဲ❓

  • Continuous positive airway pressure (CPAP) ကတော့ အိပ်စက်နေချိန်အတွင်းမှာ သတ်မှတ်ထားတဲ့ လေဖိအားတစ်မျိုးတည်းနဲ့သာ အသက်ရှူလမ်းကြောင်းကို ဖွင့်ပေးတာဖြစ်ပါတယ်။
  • APAP ကဲ့သို့ အသက်ရှူလမ်းကြောင်း အခြေအနေနဲ့ လိုက်ပြီး အလိုအလျောက် လေဖိအားတင်ပေးနိုင်တာမျိုး မလုပ်ပေးနိုင်ပါဘူး။ ဒါ့အပြင် လေဖိအားများများလိုအပ်တဲ့ Severe OSA လူနာတွေမှာဆိုရင် ရိုးရိုး CPAP သုံးတဲ့အခါ အသက်ရှူထုတ်တဲ့အချိန် အားစိုက်ထုတ်ရတာကြောင့် သက်တောင့်သက်သာ မရှိတာမျိုး ဖြစ်နိုင်ပါတယ်။
  • ဒီလိုအခြေအနေမျိုးကြုံရရင်တော့ လေဖိအားကိုအနည်းငယ်ပြန်လျှော့ရပါမယ်။ လေဖိအားလျှော့ထားတာလည်း အဆင်မပြေသေးရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး APAP သို့မဟုတ် BiPAP စက်ပြောင်းသင့်ရင်ပြောင်းရပါမယ်။

BiPAP ဆိုတာ ဘာလဲ❓

  • စက်အမျိုးအစား ၃ ခုထဲမှာ အကောင်းဆုံး လို့ပြောလို့ရပါတယ်။
  • Bilevel or two-level positive airway pressure ဆိုတဲ့အတိုင်း အသက်ရှူသွင်းချိန်အတွက် လေဖိအားပမာဏအတိုင်းအတာတစ်မျိုး၊ အသက်ရှူထုတ်ချိန်အတွက် ပမာဏတစ်မျိုး သတ်မှတ်ထားလို့ရပါတယ်။
  • အိပ်ဟောက်ရှူပိတ်ရောဂါ အဆင့် ပြင်းထန်တဲ့သူတွေက အသက်ရှူသွင်းချိန်မှာ လေဖိအားပမာဏ များများနဲ့ အသက်ရှူလမ်းကြောင်းကိုဖွင့်ဖို့ လိုအပ်တာကြောင့် အသက်ရှူထုတ်တဲ့အချိန်မှာ လေဖိအားအများကြီးကို ဆန့်ကျင်ပြီး ရှူထုတ်ရတဲ့အတွက် သာမန် CPAP တွေနဲ့ဆိုရင် အဆင်မပြေနိုင်ပါဘူး။ OSA ပြင်းထန်အဆင့်ဆိုရင် ထိရောက်တဲ့ ကုသမှုရလဒ်ကို ရရှိဖို့အတွက် BiPAP ကို အသုံးပြုသင့်ပါတယ်။
  • ဒါ့အပြင် BiPAP ကို Obstructive Sleep Apnea မှာသာမက Central Sleep Apnea/ Mixed Type (OSA & CSA) နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါအခံရှိသူများကို ကုသရာမှာလည်း အသုံးပြုလို့ရပါတယ်။

ကောင်းမွန်သော အိပ်စက်ခြင်းကို နေ့စဉ် ရယူနိုင်ကြပါစေ??