နားလမ်းကြောင်းကျဉ်းခြင်း ကရောဂါတစ်ခုလား?

ကျမတို့က အသံတွေကြားရဖို့ဆိုရင်ပြင်ပက အသံတွေဟာ အပြင်နားလမ်းကြောင်းကိုဖြတ်ပြီး နားစည်ကို တုန်ခါစေပါတယ် အဲ့ကနေတစ်ဆင့် အလယ်နား၊ အတွင်းနားနဲ့ အာရုံကြောလှုံ့ဆော်မှုတွေကနေ ဒီအချက်အလက်တွေက ဦးနှောက်ကိုရောက်ရှိပြီး အသံကြားရတယ်ဆိုတာကို ဖြစ်စေတာပါ။

ဒါကြောင့် အသံကြားရဖို့ ပထမဆုံး ဖြတ်ကျော်ရတဲ့ အပြင်နားက ပိတ်ဆို့နေတာ ဒါမှမဟုတ် ကျဉ်းနေတာမျိုးဆို အသံကြားရခြင်းမှာ အနှောင့်အယှက်ရှိနိုင်ပါတယ်။


ပုံမှန်အပြင်နားလမ်းကြောင်းက ဘယ်လောက်ရှည်သလဲ? ဘယ်လောက်ကျယ်သလဲ?

ပုံမှန် အပြင်နားလမ်းကြောင်းဟာ S shape ပြေပြေလေး ဖြစ်ပြီး ၂.၅ cm ရှည်ပြီး ၀.၆ cm အချင်း ကျယ်ပါတယ်။ ဒါဟာ ပုံမှန် လူအများစုမှာ ရှိတဲ့ အတိုင်းအတာ ဖြစ်ပြီး တစ်ချို့လူတွေမှာတော့ မွေးရာပါ နားလမ်းကြောင်းကျဉ်းနေတာမျိုး ရှိနိုင်ပါတယ်။ တစ်ချို့ကလည်း နားတွင်းမှာ ပိုးဝင်အလို့အနာ မကြာခဏဖြစ်ပြီး အမာရွတ် ဖြစ်ရာကနေ လမ်းကြောင်းက တဖြည်းဖြည်းကျဉ်းသွားတာ ဖြစ်နိုင်ပါတယ်။ ဒီလို လူမျိုးတွေမှာဆိုရင်တော့ လမ်းကြောင်းကျဉ်းလို့ နားမကြားတာမျိုး ဖြစ်နိုင်ပါတယ်။

နားမကြားခြင်းက နားလမ်းကြောင်းကျဉ်းခြင်းနဲ့ ဆက်စပ်နေလား?

ရံဖန်ရံခါမှာ နားမကြားခြင်းက နားလမ်းကြောင်းကျဉ်းခြင်းနဲ့ ဆက်စပ်နေပါတယ်။

တစ်ခါတစ်လေ နားမကြားခြင်းက နားဖာချေး (Earwax/Ceruman) တွေပိတ်နေတာကြောင့်ဖြစ်နိုင်ပြီး ပုံမှန် အကျယ်ရှိတဲ့ နားမှာဆိုရင် Over-The-Counter Saline Drop ထည့်ပြီး ဖယ်ရှားပစ်တာနဲ့ လုံလောက်ပါတယ်။

ဒါပေမဲ့ နားလမ်းကြောင်းကျဉ်းနေတဲ့အခြေအနေမှာဆိုရင်တော့ ဖယ်ရှားရခက်ပြီး ဒီနားဖာချေးတွေဟာ နားအတွင်းမှာ ပိတ်ဆို့နေတတ်ပါတယ်။ လမ်းကြောင်းကျဉ်းနေတဲ့နားမှာ နားဖာချေးဟာ ပိတ်ဆို့နေတာတစ်ခုတည်းတင်မဟုတ်ဘဲ ပိုးဝင်လာတဲ့အခါ နားတွင်းယောင်ယမ်းခြင်း (Otitis Externa) ကိုဖြစ်စေပြီး ဒါကနေတစ်ဆင့် အမာရွတ်နဲ့ အသားမာတက်လာပြီး နားလမ်းကြောင်းလုံးဝပိတ်ဆို့သွားကာ နားမကြားရတဲ့အဆင့်ထိရောက်သွားနိုင်ပါတယ်။

နားတွင်းယောင်ယမ်းခြင်း (Otitis Externa)

ဒီရောဂါကို ‘Swimmer’s Ear’ လို့လည်း ခေါ်ကြပါတယ်။ ဒီရောဂါဟာ အပြင်နားယောင်ယမ်းခြင်း ဖြစ်ပြီးသေချာကုသရင် မြန်မြန်ပျောက်တဲ့ ရောဂါတစ်ခုပါ။ ရေကူးသမားတွေ နားထဲဝင်ပြီး ဖြစ်လေ့ရှိတဲ့ရောဂါမို့လို့ ဒီ နာမည်ပေးထားတာပါ။

ရောဂါလက္ခဏာများနားတွင်းနာခြင်း၊ အစားဝါးလိုက်ရင် အပြင်နား ယောင်ယမ်းခြင်းနဲ့ နာကျင်ခြင်းက ပိုဆိုးလာခြင်း၊ အသံတွေ ဝါးလာခြင်း သိပ်မကြားရတော့ခြင်း၊ နားရွက် တစ်ဝိုက်နီမြန်းယောင်ယမ်းခြင်း၊ မေးရိုးလှုပ်လိုက်ချိန် နာကျင်ခြင်း၊ အနံ့ ဆိုးသော အဝါ သို့မဟုတ် အစိမ်းရောင် ပြည်ကဲ့သို့ အဖတ်များနားတွင်းမှ ထွက်ခြင်း။

ဒီရောဂါဟာ မကုသဘဲ ကြာကြာထားရင် နှစ်ပေါင်းများစွာ ကြာလာပြီး skin အသေများစုပုံလာကာ နားကို ပိုဆိုးသွားစေပြီး နားမကြားရတော့တဲ့ထိ ဖြစ်နိုင်ပါတယ်။

Allery, Infection နဲ့ ရေခဏခဏဝင်ရောက်ခြင်းက ဒီရောဂါကို ဖြစ်စေနိုင်ပါတယ်။ Eczema ကဲ့သို့ အရေပြားရောဂါ၊ နားမကြာခဏ ကြပ်ခြင်း၊ Hairspray နဲ့ Shampoo၊ ဆီးချို နဲ့ နားလမ်းကြောင်းကျဉ်းခြင်းကလည်း Otitis Externa ကို ဖြစ်စေနိုင်တဲ့ အချက်များပါ။

ဒါကြောင့် နားလမ်းကြောင်းကျဉ်းခြင်းဟာ Otitis Externa ရဲ့ ဖြစ်စေနိုင်တဲ့ အကြောင်းတစ်ခု ဖြစ်တဲ့အပြင် ရောဂါလက္ခဏာ တစ်ခုလည်းဖြစ်ပါတယ်။

ကုသရန် – နားကိုခြောက်သွေ့အောင်ထားခြင်း၊ ပိုးသတ်ဆေးနဲ့ အရောင်ကျဆေးပါသော Ear Drop များသုံးခြင်း၊ Q tip ဖြင့် နားကြပ်ခြင်းကို ရှောင်ရှားခြင်း။

ကလေးငယ်များတွင်ဖြစ်တတ်သော မွေးရာပါ နားလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုများ

တစ်ချို့သောကလေးငယ်များမှာတော့ မွေးရာပါ နားလမ်းကြောင်းဆိုင်ရာပြဿနာတွေရှိတတ်ပါတယ်။ သတိပြုရမှာတစ်ခုက နားလမ်းကြောင်းကိုကျဉ်းစေတဲ့ အခြေအနေတစ်ချို့အပြင် နားရွက်ရဲ့ပုံစံ ပျက်နေတာတွေကပါ ပုံမှန်အကြားအာရုံကိုထိခိုက်စေပါတယ်။ အောက်ဖော်ပြပါတွေကတော့ ကလေးငယ်များမှာ တွေ့ရအများဆုံး နားလမ်းကြောင်းကျဉ်းခြင်းကိုဖြစ်စေနိုင်တဲ့အခြေအနေတွေပါ။

  • နားလမ်းကြောင်းကောင်းစွာမဖွံ့ဖြိုးခြင်း ( Microtia ) – US research တစ်ခုအရ ၎င်တို့နိုင်ငံရှိ ကလေးငယ် ၂၀၀၀ ကနေ ၁၀၀၀၀ မှာ တစ်ယောက်တွေ့ရလေ့ရှိပြီး နားရွက်ပါသော်လည်း နားလမ်းကြောင်းကျဉ်းနေခြင်း မှစ၍ နားရွက်လည်းမပါ နားလမ်းကြောင်းလည်း ပျောက်ဆုံးခြင်းအထိ တွေ့ရတတ်ပါတယ်။ Gene နဲ့ပတ်သတ်တဲ့ပြဿနာတွေကြောင့်ဖြစ်တာများပြီး ၂၀% ကနေ ၄၀% သော Microtia ရှိတဲ့ကလေးတွေကတော့ အခြား မျက်နှာ အချိုးအစားဆိုင်ရာ၊ ကျောက်ကပ် နှင့် နှလုံး ဆိုင်ရာ မွေးရာပါရောဂါများနဲ့တွဲပြီး တွေ့ရတတ်ပါတယ်။ ကုသနည်းကတော့ နားလမ်းကြောင်းအတု တည်ဆောက်ပေးခြင်းဖြစ်ပြီးတော့ ဒါကို အသက် ၇နှစ် နှင့်အထက် ကလေးငယ်များကိုသာ ပြုလုပ်ပါတယ်။
  • နားလမ်းကြောင်းပိတ်ဆို့နေခြင်း (Aura Atresia) – ဒီအခြေအနေမှာတော့နားလမ်းကြောင်းအပေါက်ဝသို့မဟုတ်နားလမ်းကြောင်းတစ်ခုလုံးကပျောက်ဆုံးနေတာပါ။နားစည်နဲ့အလယ်နားအရိုးလေးများကတော့ရှိကောင်းရှိနေနိုင်ပါတယ်။တစ်ချို့သောခဲယဉ်းတဲ့အခြေအနေတွေမှာတော့ကလေးဘဝမှာဖြစ်ဖူးတဲ့ပြင်းထန်တဲ့ရောဂါတွေကြောင့်နားလမ်းကြောင်းပိတ်သွားတာမျိုးဖြစ်နိုင်ပါတယ်။ဒီလိုအခြေအနေမျိုးမှာငယ်ဘဝမှာအတွင်းနားကိုအသံလှိုင်းတိုက်ရိုက်ပို့ဆောင်ပေးနိုင်မဲ့နားကြာကိရိယာတပ်ပေးပြီးအကြားအာရုံကိုလှုံ့ဆော်ပေးထားကာ Surgery လုပ်လို့ရတဲ့အရွယ်ရောက်ရင်နားလမ်းကြောင်းအတုတည်ဆောက်ပေးခြင်းဖြင့်အစစ်နီးပါးတူတဲ့အကြားအာရုံတစ်ခုကိုလက်ဆောင်ပေးနိုင်မှာပါ။
  • ပြင်ပ နားလမ်းကြောင်းကျဉ်းနေခြင်း (External Auditory Canal Stenosis) – ဒီအခြေအနေကတော့ မွေးရာပါဖြစ်ကြတာများပါတယ်။ ပြင်ပ အသံဝင်ရာ နားလမ်းကြောင်းက ကျဉ်းနေခြင်း ဖြစ်ပြီး ကျန်တဲ့အစိတ်အပိုင်းများကတော့ပုံမှန်ဖြစ်တဲ့အတွက် နားလေးခြင်းကို Degree တစ်ခုအထိဖြစ်စေတာပါ။ နားတွင်းရောဂါတစ်ခုခုကြောင့် အနာဘေးတက်ပြီး နားလမ်းကြောင်းကျဉ်းသွားတာမျိုးလည်းဖြစ်နိုင်ပါသေးတယ်။ ကုသပုံကတော့ ကျဉ်းနေတဲ့ နားလမ်းကြောင်းကို ချဲ့ပေးခြင်းပါ။
  • အခြားရောဂါများ – နားရွက်အထဲခေါက်ဝင်ခြင်း( Lop Ear) ၊ နားရွက်အပြင်ဘက်ကို လန်နေခြင်း ( Prominent Ear) ၊ Stahl’s ear or pointed ear ( ကုသပုံ – Earmold or Plastic surgery)
Lop Ear
Prominent Ear
Stahl’s Ear