နား အဆိပ်သင့်ခြင်း Ototoxicity

ဆရာဝန် ဆေးညွှန်းစာနဲ့ ဝယ်ရတဲ့ ဆေးတွေ (Prescription Drugs) နှင့် ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ ဆေးတွေ (Over-the-counter – OTC Drugs) ထဲက ဆေးအချို့ သည် နား ကို အန္တရာယ်ပေးနိုင်သော ဆိုးကျိုး ရှိတတ်သည်။ တနည်းအားဖြင့် နား အဆိပ်သင့် Ototoxicity စေနိုင်သည်။

နား အဆိပ်သင့်ခြင်း သည် နား ၏ အကြားစွမ်းရည်ပိုင်း ကို ထိခိုက်ပါက နားလေးခြင်း Hearing Loss နှင့် Tinnitus လို့ခေါ်တဲ့ နားထဲ အသံ တဝီဝီ မြည်နေခြင်း တို့ ဖြစ်စေနိုင်သလို ခန္ဓာကိုယ်ဟန်ချက်ပိုင်း ကို ထိခိုက်မိပါက Vertigo လို့ခေါ်တဲ့ လူက ရပ်နေသော်လည်း ရွေ့နေတယ်လို့ ခံစားရတဲ့ မူးဝေတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါသည်။

နား အဆိပ်သင့်ခြင်း သည် ဆေးသောက်ရပ်လိုက်တာနဲ့ ပြန်ပျောက်သွားနိုင်တာ ရှိသလို အချို့မှာတော့ ပြန်မပျောက်နိုင်တော့တဲ့ အထိ ဖြစ်စေနိုင်တဲ့ အတွက် အထူးသတိပြုမိဖို့ လိုအပ်လှပါသည်။

နား အဆိပ်သင့်စေနိုင်သော အမျိုးအစားများ

၁။ နား အဆိပ်သင့်စေသော ဆေးဝါးများ Ototoxic drugs နှင့်
၂။ နား အဆိပ်သင့်စေသော အရာဝတ္ထုများ Ototoxic substances
ဆိုပြီး (၂)မျိုး အကြမ်းဖျင်း ခွဲခြားလို့ ရနိုင်ပါသည်။

ဘယ် ဆေးဝါး တွေက နား အဆိပ်သင့်စေတာလဲ ?

အဖြစ်အများဆုံး ဆေးတွေ ကို အဓိကထား ပြောပြပေးသွားပါမယ်။ ပါးစပ်မှ တဆင့် ဆေးသောက်ခြင်းတွေထက် အကြောဆေးသွင်းတာတွေက ဆေးပမာဏများသည့်အတွက် အဆိပ်သင့်နိုင်ချေ ပိုများပါတယ်။

Aminoglycosides

ဘက်တီးရီးယား ပိုးသတ်ဆေး Antibacterial drugs ထဲက တမျိုးဖြစ်တဲ့ Aminoglycosides (-mycin) က အကြားပိုင်း နှင့် ဟန်ချက်ပိုင်း ကိုရော ထိခိုက်စေနိုင်ပါတယ်။ Streptomyin, Gentamicin, Tobramycin တွေက ဟန်ချက်ပိုင်း ကို ထိခိုက်စေပြီး Vertigo မူးဝေခြင်း ကို ဖြစ်စေနိုင်ပါတယ်။ Neomycin, Amikacin, Kanamycin တွေကတော့ အကြားပိုင်း ကို ထိခိုက်စေပြီး နားလေးခြင်း နှင့် အသံတဝီဝီကြားရခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။ အဆိုပါဆေးမျိုး ကို သောက်ဆေး သောက်တာ ထက် အကြောဆေး သွင်း IV သို့ ထိုး IM ရရင် ပိုသတိထားဖို့တော့ လိုပါသည်။

Loop Diuretics

ဆီးဆေး လို့ခေါ်တဲ့ အဆိုပါဆေးတွေက ခန္ဓာကိုယ်ဖောနေသည့် ရောဂါများတွင် အဖောကျအောင် ပေးရလေ့ရှိပါသည်။ Furosemide, Bumetanide, Ethacrynic Acid, Torsemide တို့ဖြစ်ပြီး ဆေးရပ်လိုက်ရင် ၁ရက် မှ ၂ရက် အတွင်း ပြန်ကောင်းလာတတ်ပါတယ်။

NSAIDs

အကိုက်အခဲပျောက်ဆေး ဖြစ်တဲ့ Aspirin, Ibuprofen, Celecoxib, Naproxen တို့သည်လည်း နား အဆိပ်သင့်စေနိုင်ပြီး ဆေးရပ်ပြီး ၁ရက် ကနေ ၃ရက်လောက် အကြာတွင် ပြန်ကောင်းလာတတ်ပါသည်။

Chemotherapeutic Agents / Cytotoxic Drugs

Anticancer drugs ကင်ဆာကုသဆေးဖြစ်တဲ့ Cisplatin, Carboplatin, Vinblastine, Vincristine, Nitrogen Mustard (Mechlorethamine) တို့သည်လည်း နား အဆိပ်သင့်စေနိုင်သည်။ ကင်ဆာ ဆက်ကုမလား၊ အကြားအာရုံ အဆုံးရှုံးခံမလား ဆိုသည့် အခြေအနေမျိုးတွေ အထိ ဖြစ်လာပါသည်။ ပြန်ကောင်းမလာနိုင်ပဲ မကြားရတော့သဖြင့် နားကြားကိရိယာ တပ်ဆင်ဖို့ နောက်ပိုင်း လိုအပ်လာပါလိမ့်မည်။

Antimalarial Agents

ငှက်ဖျားပျောက်ဆေး ထဲက Quinine, Chloroquine, Hydroxychloroquine ဆေးသောက်ရင် နား အဆိပ်သင့်ကာ နားလေးစေတတ်သည်။ အခုနောက်ပိုင်း ငှက်ဖျားပျောက်ဆေး ကို Artesunate အမျိုးအစား က ပထမဦးစားပေးဖြစ်သော်လည်း မြန်မာနိုင်ငံတွင်တော့ ဆေးဝါး ရှားပါးမှုကြောင့် Quinine အမျိုးအစား က အသုံးပြုနေတုန်းပဲ ဖြစ်ပါသည်။ ငှက်ဖျားပျောက်ဖို့ က ငှက်ဖျားပျောက်ဆေး အမြန်သောက်ဖို့က အလွန်အရေးကြီးပါတယ်။ နားလေးတာက ပြန်ကောင်းလာတာ များပါတယ်။

Miscellaneous Drugs

အခြား နား အဆိပ်သင့်ခြင်း ဖြစ်စေနိုင်သော ဆေးတွေကတော့

  1. Erythromycin
  2. Ampicillin
  3. Propanolol
  4. Propylthiaouracil
  5. Deferoxamine
  6. Topical Ear drops – Chlorhexidine, Polymyxin B
  7. Hydrocodone

ဘယ် အရာဝတ္ထုတွေ က နား အဆိပ်သင့်စေတာလဲ?

  1. Heavy Metal သတ္ထု အမျိုးအစားတွေ ထဲက မာကျူရီ Mercury, Manganese, ခဲ Lead
  2. ဓာတုပစ္စည်း Chemial Agents – Styreene, Toluene, Trichloroethylene, Butyl Nitrate အဝတ်လျှော်ဆပ်ပြာမှုန့်
  3. အရက် Alcohol
  4. ဆေးလိပ် Tobacco
  5. ဆေးခြောက် Marijuana
  6. ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်း Carbon Monoxide (CO) Poisoning