နား အကြားအာရုံ စမ်းသပ် စစ်ဆေးခြင်း

နား အကြားအာရုံ လျော့နည်းလာသည့် လက္ခဏာများ ရှိပါက စမ်းသပ် စစ်ဆေးဖို့ လိုပါသည်။ စစ်ဆေးခြင်း များစွာရှိသည့်အနက် Pure Tone Audiometry (PTA) နှင့် Tympanometry တို့သည် အစမ်းသပ် အများဆုံး ဖြစ်သည်။

Pure Tone Audiometry

ပုံမှန် အလုပ်ခွင် ဝင်ခါနီး လူတွေမှာ စစ်ဆေးရသည့်အထဲတွင် နားအကြားအာရုံ ကို Screening စစ်ဆေးရသည်။ စစ်ဆေးခြင်း ဖြင့် နား ပုံမှန်ပဲလား ဒါမှမဟုတ် နား ဘယ်လောက်အထိ လေးလဲ ဆိုတဲ့ Degree of Hearing Loss ကို သိနိုင်ပါသည်။

Diagnostic PTA ဆိုပါက နားနောက်အရိုးပေါ်ထောက်ပြီး စမ်းတဲ့ စမ်းသပ်ခြင်း တစ်ခု ပိုသွားပြီး နား ဘယ်လောက်အထိ လေးလဲ Degree of Hearing Loss အပြင် ဘယ်လိုမျိုး လေးလဲ ဆိုတဲ့ Types of Hearing Loss ကိုပါ သိနိုင်ပါသည်။

Tympanometry

နားစည် ကောင်းကောင်း အလုပ်လုပ် မလုပ် စမ်းသပ် စစ်ဆေးခြင်း ဖြစ်သည်။ နားစည် ပေါက်နေသလား၊ နားစည် ရောင်ပြီး တင်းနေသလား စသဖြင့် နား အကြားအာရုံ နှင့် ပတ်သက်၍ နားစည် ၏ အခန်းကဏ္ဍ ကို သိနိုင်ပါသည်။

Otoacoustic Emission (OAE)

OAE စမ်းသပ် စစ်ဆေးခြင်း ကို မွေးကင်းစကလေးတွေ နား ကြား မကြား Screening စစ်ဆေးကြသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် OAE သည် မွေးကင်းစကလေးတိုင်း စမ်းသပ်စစ်ဆေးဖြစ်ကြသည်။ မြန်မာနိုင်ငံတွင်တော့ ဆေးရုံကြီး တချို့တွင်သာ စမ်းသပ်စစ်ဆေးပေးနိုင်သည်။ Screening မလုပ်ဖြစ်လိုက်ပါက နားမကြားသော/နားလေးသော ကလေးများ ရှိလာနိုင်သည်။ စကားပြောသင့်သော အသက်အရွယ် ရောက်လာပါရက်နဲ့ စကား မပြောနိုင် (သို့) စကား မပီပါက OAE စမ်းသပ် စစ်ဆေးကြည့်သင့်သည်။

အဖြေ တွင် ဘယ်နား နှင့် ညာနား အတွက် Refer နှင့် Pass ၂မျိုးသာ ရှိသည်။ Pass ဆိုပါက ဒီကလေး နားကြားသည်။ Refer ဆိုပါက နားမကြားလို့ ပြောလို့ မရသေးဘဲ အကြားအာရုံအတွက် စောင့်ကြည့်သင့်သည့် ကလေး ဟုသာ သတ်မှတ်ပြီး ရက်သတ္တပတ် အကြာ ပြန်လည် စမ်းသပ်ကြည့်ကြသည်။ ၂ခါ ၃ခါလောက် Refer ဆက်တိုက်ထွက်နေပါက သူ့ထက် အချက်အလက် ပိုပေးနိုင်သော ABR, ASSR စတဲ့ နား အကြားအာရုံ စမ်းသပ်နည်းများဖြင့် ဆက်လက် စစ်ဆေးကြည့်ရပါသည်။