အလွယ်ကူဆုံး CPAP ခေါင်းအုံးပြုလုပ်နည်း 3 မျိုး

နည်းလမ်း ၁။ ပထမနည်းလမ်းအတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကတော့- ခေါင်းအုံးကျစ်ကျစ်လေးတစ်လုံး၊ ကြိုးတစ်ချောင်း ( ပိတ်စကြိုး )ပဲလိုအပ်ပါတယ်။

ကျစ်ကျစ်လစ်လစ်ခေါင်းအုံးလေးက အိမ်မှာအဆင်သင့်ရှိတယ်ဆို ဒီနည်းလမ်းလေးက အလွယ်ကူဆုံးနဲ့ အဆင်အပြေဆုံးဖြစ်မှာပါ!

တကယ်လို့မရှိဘူးဆိုရင်လည်း နီးစပ်ရာဆိုင်မှာဝယ်ပြီး ပြုလုပ်လို့ရပါတယ်ရှင်။ ကျစ်လစ်တဲ့ခေါင်းအုံးလေးဘာလို့ လိုအပ်လဲဆိုတော့ သူက ခေါင်းအုံးအပျော့ထက်စာရင် မိမိရဲ့ ခေါင်းနဲ့ လည်ပင်းပုံသဏ္ဍာန်မှန်အောင် ထိန်းပေးထားနိုင်လို့ပါ။

အဝတ်စအဟောင်း သို့ ဖဲကြိုးစ တစ်ခုနှင့် ခေါင်းအုံး၏ 3 ပုံ 2 ပုံနေရာတွင်ချည်လိုက်ပါ။

ခေါင်းအုံးကိုအိပ်ရာပေါ်တွင် ဒေါင်လိုက်နေရာချပါ။
ကြိုးနှင့်စည်းထားသောကြောင့် သင်ဘေးစောင်းအိပ်တဲ့အခါ CPAP mask အတွက် နေရာချထားပြီးသားဖြစ်သွားလို့ အိပ်တဲ့အခါ သက်တောင့်သက်သာရှိစေမှာပါနော်။

နည်းလမ်း ၂။ ဒုတိယနည်းလမ်းအတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ ဖော့/ ရေမြုပ်ခေါင်းအုံး၊ marker pen၊ ဓား၊ ခေါင်းအုံးစွပ် တို့ပဲဖြစ်ပါတယ်။

ခေါင်းအုံးပေါ်ဘေးတစ်စောင်းလှဲလိုက်ပါ။ ထို့နောက် marker pen နှင့် မိမိ CPAP mask ရဲ့နေရာကိုမှတ်လိုက်ပါ။ ဘယ်ဘက်ရောညာဘက်ရော ၂ ဖက်လုံးမှတ်ရင်ပိုကောင်းပါတယ်နော်!

ခုနကမှတ်ထားတဲ့ အမှတ်အသားအတိုင်း ခေါင်းအုံးကို Cပုံလှီးထုတ်လိုက်ပါ။ လိုအပ်ပါက ခေါင်းအုံးရဲ့ အောက်ဘက်မှာလဲ မိမိပခုံးအတွက် နေရာရအောင် ထိုနည်းအတိုင်း လှီးထုတ်လို့ရပါတယ်။

ဒီအဆင့်က လိုအပ်မှသာလုပ်လည်းရပါတယ်နော်။ ခေါင်းအုံးစွပ်ကို မိမိရဲ့ခေါင်းအုံးရဲ့ပုံထောင့်အတိုင်း တွဲချုပ်ပေးပါ။ တကယ်လို့ ခေါင်းအုံးစွပ်ကကြီးနေရင် CPAP mask အတွက်နေရာမကျန်ဖြစ်တတ်လို့ ခေါင်းအုံးရဲ့အတိုင်းအတာထက်အနည်းငယ်ကြီးအောင်ညှပ်ပြီးမှ တွဲချုပ်ပေးရင်ပိုကောင်းပါတယ်ရှင်။

နည်းလမ်း ၃။ တတိယနည်းအတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့ မိမိနှစ်သက်ရာပိတ်စ ၁ကိုက်ခန့်၊ အပ်နှင့်အပ်ချည်၊ ကတ်ကြေး၊

ဆီလီကွန်/လဲမှို့၊ ပင်အပ်တို့ပဲဖြစ်ပါတယ်။

ပိတ်စရွေးချယ်ရာမှာ အရေးအကြီးဆုံးကတော့ နူးညံ့မှုရှိပြီး မပူတဲ့အသားမျိုးလေးဖြစ်ဖို့ပါပဲ။ မိမိ ပြုလုပ်မဲ့ခေါင်းအုံးဆိုဒ်ပေါ်မူတည်ပြီး ပိတ်စ ကိုက်ဝက်/ ၁ကိုက်လောက်လိုအပ်ပါတယ်။ ပိတ်စရွေးချယ်ပြီးပြီဆိုရင် မချုပ်ခင် တစ်ရေလျှော်ထားရင်

ပိုကောင်းပါတယ်ရှင်။

ပြီးရင်တော့ ပိတ်စလေးကို C ပုံစံအတိုင်း ဘယ်ရောညာဘက်ရောညှပ်ပေးရမှာဖြစ်ပါတယ်။

ညှပ်ထားတဲ့ပိတ်စ၂ခုကို ပင်အပ်လေးနဲ့ အကြမ်းကပ်ထားပြီး အနား ၃ဖက်ကို အပ်လေးနဲ့ချုပ်ပေးပါ။

ခုနကချုပ်ထားသောခေါင်းအုံးစွပ်ကိုအတွင်းမှအပြင်လှန်လိုက်ပါ။ ထို့နောက် လဲမှို့ သို့ ဆီလီကွန် မိမိနှစ်သက်ရာကိုထည့်လို့ရပါတယ်။

နောက်ဆုံးချုပ်ရန်ကျန်သော တစ်ဖက်ကိုချုပ်လိုက်ပြီဆိုရင် သေသပ်ပြီး သုံးရတာအဆင်ပြေတဲ့ CPAP ခေါင်းအုံးလေးရပါပြီ!!