ခြေထောက်သွေးပြန်ကြော သွေးစီးဆင်းမှုမကောင်းခြင်းကြောင့် ဖြစ်သော ခြေထောက်အနာ (Venous Leg Ulcers)

ခြေထောက်အနာတွေရဲ့ 90%လောက်က ခြေထောက်ရဲ့ သွေးပြန်ကြောမှာ ပြဿနာရှိလို့ ဖြစ်လာရတာပါ။ အနာဖြစ်ရင် ခြေကျင်းဝတ်နားမှာ အဖြစ်များလေ့ရှိပါတယ်။

သွေးပြန်ကြောဆိုတာဘာလဲ❓

ကျနော်တို့ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုစနစ်ကို အဓိကအားဖြင့် သွေးလွှတ်ကြောစနစ် (Arterial System) နှင့် သွေးပြန်ကြောစနစ် (Venous System) ဆိုတဲ့ ၂မျိုးက အဓိကလုပ်ဆောင်ပေးတယ်။ သွေးပြန်ကြောတွေ (Veins) က ခန္ဓာကိုယ်က သွေးညစ်တွေကို အဆုတ်ကိုပို့ပြီး သန့်စင်ပေးတယ်။ သန့်စင်ပြီးသားသွေးတွေကို သွေးလွှတ်ကြောတွေ (Arteries) က ခန္ဓာကိုယ်နေရာအနှံ့ကို ပြန်ပို့ပေးတယ်။

သွေးလွှတ်ကြော သွေးပြန်ကြောတွေက သူ့ဟာနဲ့သူ ပြဿနာမရှိ သွေးစီးဆင်းမှုကောင်းနေတယ်ဆိုရင် ကျနော်တို့ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေ တစ်သျှူးတွေက လုံလောက်တဲ့ အောက်ဆီဂျင်၊ အာဟာရဓာတ်တွေကို ရရှိနိုင်ပြီး မကောင်းတဲ့အညစ်အကြေး အဆိပ်အတောက်တွေကို စွန့်ထုတ်နိုင်မှာပါ။

✅ ဒီနေ့ပြောပြမယ့် Venous leg ulcer က ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောတွေ သွေးစီးဆင်းမှုမကောင်းတာကြောင့် ခြေထောက်မှာ အနာဖြစ်တာမျိုးပါ။ ခြေထောက်အနာတွေရဲ့ 90% က သွေးပြန်ကြောမကောင်းလို့ဖြစ်တာပါ။ သွေးညစ်တွေက အဆုတ်ကိုမရောက်ဘဲ ခြေထောက်မှာစုနေတဲ့အခါ ခြေထောက်သွေးကြောတွေနဲ့ အပေါ်ကအရေပြား တင်းလာပြီး တစ်ခုခုထိခိုက်မိတာနဲ့ အနာဖြစ်လွယ်တယ်။

ဘယ်လိုလူတွေမှာ အဖြစ်များလဲ❓

  • အဝလွန်သူများ
  • လမ်းလျှောက်ရန်အဆင်မပြေသူများ (ဥပမာ နာတာရှည်ရောဂါသည်များ၊ ခြေထောက်ခွဲစိတ်ထားသူများ ကဲ့သို့ လှုပ်ရှားမှုနည်းသူများ)
  • ခြေထောက်သွေးခဲပိတ်ဖူးသူများ
  • ခြေထောက်သွေးကြောထုံးဖြစ်နေသူများ
  • ခြေထောက်ခွဲစိတ်ထားသူများ၊ အရိုးကျိုးထားသူများ
  • သက်ကြီးရွယ်အိုများ မှာ ခြေထောက်သွေးပြန်ကြော သွေးစီးဆင်းမှုမကောင်းလို့ အနာဖြစ်တာပိုများပါတယ်။

ဘယ်လို လက္ခဏာတွေပြလဲ❓

အနာက ခြေကျင်းဝတ်နားမှာအဖြစ်များတယ်။ တစ်ချို့လူတွေမှာတော့ ၂ ပတ်ကျော်ရင် ပြန်ကောင်းကြပေမယ့် တစ်ချို့ကတော့ ပြန်ကောင်းဖို့ လနဲ့ချီပြီးကြာတတ်ကြပါတယ်။ အနာဖြစ်တဲ့ခြေထောက်နေရာက ရောင်ကိုင်းပြီး နာနေမယ် ယားယံတာမျိုး တွေဖြစ်မယ်။ အနာပတ်ပတ်လည်တစ်ဝိုက်က ပုံမှန်အသားရောင်မဟုတ်ဘဲ မဲနေတာ၊ အပေါ်အရေပြားမာနေတာ အပြင် အနံ့ဆိုးတဲ့ အရည်တွေ အနာကနေစိမ့်ထွက်တာမျိုး အထိဖြစ်နိုင်ပါတယ်။

ဘယ်လိုကာကွယ်လို့ရလဲ❓

အထက်မှာဖော်ပြထားသလို ဘယ်လိုလူတွေမှာ အဖြစ်များလဲဆိုတာသိထားရင် မိမိမှာလည်း ဖြစ်နိုင်ချေရှိမရှိကို မှန်းကြည့်လို့ရပါတယ်။

  • အဝလွန်နေရင် ဝိတ်ချရမယ်။
  • ဆရာဝန်နဲ့တိုင်ပင်ပြီး Compression Stockings ဝတ်သင့်ရင်ဝတ်ရပါမယ်။
  • ခြေထောက် သွေးကြောထုံးနေတာတွေ ရှိတယ်ဆိုရင် မပေါ့ဆဘဲ သေချာကုရပါမယ်။
Compression Stockings

Venous leg ulcer တွေက စဖြစ်ဖြစ်ချင်းမှာ ဆရာဝန်ပြသပြီး ကုသမှုခံယူဖို့လိုအပ်ပါတယ်။

မှန်ကန်သင့်တော်တဲ့ ကုသမှုကို စောစီးစွာရရှိတယ်တယ်ဆိုရင် ၃-၄ လအတွင်းမှာ ပြန်ကောင်းကြပါတယ်။

အချိန်မှီကုသမှုမခံယူဘူးဆိုရင်တော့ ခြေထောက်ဆုံးရှုံးခြင်း၊ အသက်အန္တရာယ်ဆုံးရှုံးမှုအထိပါ ဖြစ်လာနိုင်တဲ့အတွက် မပေါ့ဆသင့်ပါဘူး။

Reference – Venous leg ulcer – NHS