သင် နေ့ခင်းဘက်တွေ ရုတ်တရက် အိပ်ပျော်တတ်သလား?

တကယ်လို့ သင်ဟာ နေ့ခင်းဘက်တွေ အလုပ်ခွင် သို့မဟုတ် စာသင်ချိန်တွေမှာ သင်မသိလိုက်ဘဲ ရုတ်တရက် အိပ်ပျော်သွားတာမျိုး မကြာခဏ ဖြစ်တတ်ပါသလား?

ဒီလိုဖြစ်တာက အချိန်ကာလ ကြာပြီး အကြိမ်ရေ စိတ်လာပြီ ဆိုရင်တော့ သင်ဟာ Narcolepsy လို့ခေါ်တဲ့ အိပ်စက်ခြင်းဆိုင်ရာ ရောဂါတစ်မျိုးကို ခံစားနေရပြီလားဆိုတာ စစ်ဆေးဖို့ လိုအပ်လာပါပြီ။

နေ့ခင်းဘက်တွေ ရုတ်တရက်အိပ်ပျော်ခြင်းရောဂါ (Narcolepsy) ဟာ အဖြစ်များသလား ?

နေ့ခင်းဘက်တွေ ရုတ်တရက် အိပ်ပျော်ခြင်းရောဂါ (Narcolepsy) ဟာ 3000 မှာ 1ယောက် သာဖြစ်လေ့ရှိပြီး အလွန်အဖြစ်နည်းတဲ့ အိပ်စက်ခြင်းဆိုင်ရာ ရောဂါ တစ်မျိုးဖြစ်ပါတယ်။
ငယ်ရွယ်စဉ် မှာ ဖြစ်လေ့ရှိပြီး တချို့လူတွေအတွက်တော့ အသက်လေးဆယ်ကျော်တဲ့အထိ ရောဂါရှိမှန်း မသိလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

နေ့ခင်းဘက်တွေ ရုတ်တရက် အိပ်ပျော်ခြင်းရောဂါ (Narcolepsy) ဟာ အရှင်း ပျောက်နိုင်သလား ?

ဒီရောဂါဟာ လုံးဝပျောက်ကင်းအောင် ကုသနိုင်တဲ့ ရောဂါတော့ မဟုတ်ပေမယ့် အိပ်စက်ခြင်းပုံစံ၊ Lifestyle နေထိုင်စားသောက်မှု ဘဝပုံစံ ပြောင်းခြင်း သို့မဟုတ် လိုအပ်သော ဆေးဝါးများ သောက်သုံးခြင်းဖြင့် လူနေမှုဘဝ ကို ထိခိုက်မှု နည်းပါးအောင်တော့ အတတ်နိုင်ဆုံး ထိန်းချုပ်လို့ ရပါတယ်။

ဘာလက္ခဏာတွေ ဖြစ်လာရင် ရောဂါ ရှိမရှိ စစ်ဆေး ကြည့်သင့်သလဲ ?

သင်ဟာ –
☀️ နေ့ခင်းဘက်မှာ ပုံမှန်ထက် လွန်ကဲစွာ အိပ်မောကျနေတတ်ခြင်း (Daytime Sleepiness)
? အိပ်တစ်ဝက် နိုးတစ်ဝက် အခြေအနေတွင် ကိုယ်ခန္ခာကို ထိန်းချုပ်ရခက်ခြင်း (အရပ်အခေါ် ဘီလူးစီးခြင်း) (Sleep Paralysis)
? အိပ်ပျော်နေစဉ် ပုံမှန်ထက် လွန်ကဲသော အိပ်မက်ဆိုးများ မက်တာ အကြိမ်ရေ စိတ်လာခြင်း (Hypnagogic Hallucinations)
?? စိတ်ခံစားမှု ပြင်းထန်လာတဲ့အခါ ကိုယ်ခန္ဓာကြွက်သားများပျော့ခွေကျသွားခြင်း နှင့် အထိအတွေ့အာရုံ ခံစားမှု နည်းပါးလာခြင်း (Cataplexy) စတဲ့ လက္ခဏာများ ခံစားလာရပြီ ဆိုရင် ဆရာဝန်ဆီမှာ ရောဂါရှိမရှိ တိုင်ပင်ကြည့်ဖို့ လိုအပ်လာပါပြီ။

ဘာကြောင့် ဖြစ်ရသလဲ❓

ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ Hypothalamus လို့ခေါ်တဲ့ နေရာကို

၁။ ဦးခေါင်းထိခိုက်ဒဏ်ရာ ကြောင့်ဖြစ်စေ၊
၂။ ပတ်ဝန်းကျင်မှ ဓာတ်မတည့်သော လှုံ့ဆော်မှု တစ်ခုကြောင့် ဖြစ်စေ၊
၃။ မျိုးရိုးဗီဇဆိုင်ရာ ရောဂါတစ်ခုခု (Autoimmune Disease) ကြောင့်ဖြစ်စေ

ထိခိုက်ဒဏ်ရာ ရသွားစေတဲ့အခါ Hypocretin လို့ခေါ်တဲ့ အိပ်စက်ခြင်း ကို ထိန်းချုပ်ပေးတဲ့ ဓာတ်တစ်မျိုး ကို ခန္ဓာကိုယ် က လိုအပ်တဲ့ ပမာဏ ကို မထုတ်ပေးနိုင်တော့တဲ့ အခြေအနေကို ရောက်သွားပါတယ်။

Hypocretin မထုတ်နိုင်တော့လို့ ဖြစ်တဲ့ Narcolepsy ကို Type 1 လို့ သတ်မှတ်ပြီး
Hypocretin နဲ့ ဆက်စပ်မှု မရှိတဲ့ Narcolepsy ကို Type 2 လို့ခေါ်ပါတယ်။

ဘာတွေ လုပ်လို့ ရနိုင်သလဲ ?

ဒီရောဂါဟာ စိတ်ကျခြင်းနဲ့ များစွာ ဆက်စပ်မှုရှိတယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။
ဒါကြောင့် ဆရာဝန်နဲ့ သေချာစွာ ပြသပြီး

  • လိုအပ်တဲ့ ဆေးဝါးတွေကို အချိန်မှန်သောက်သုံးခြင်း
  • အိပ်စက်ချိန် ပုံမှန်သတ်မှတ်ပြီး အိပ်ရေးဝအောင် အိပ်စက်ခြင်း
  • နေ့ခင်းဘက် တရေးတမော အိပ်စက်ခြင်း
  • အရက်၊ ကော်ဖီ၊ ဆေးလိပ် ရှောင်ရှားခြင်း
  • လေ့ကျင့်ခန်း ပုံမှန် လုပ်ခြင်း
  • သက်တောင့်သက်သာ ရှိသော နေရာ တွင် အိပ်စက်ခြင်း

ဖြင့် ရောဂါလက္ခဏာ များကို အတတ်နိုင်ဆုံးလျှော့ချလို့ရပါတယ်။

ကောင်းမွန်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။