Autism က အကြားအာရုံကို ဘယ်လိုသက်ရောက်မှုတွေ ရှိလဲ?

အော်တစ်ဇင်ကလေးတစ်ယောက်က ဘေးပတ်ဝန်းကျင်နဲ့ ပြောဆိုဆက်သွယ်မှုမရှိဘူး၊ တုန့်ပြန်မှုမရှိဘူးဆိုရင်

  • အကြားအာရုံဆုံးရှုံး‌နေလို့လား၊
  • အော်တစ်ဇင်လက္ခဏာတွေထဲက အများဆုံးတွေ့ရတဲ့ ပြောဆိုဆက်သွယ်မှုစွမ်းရည်အားနည်းခြင်းလား

ဆိုတာကို သေချာခွဲဖို့ လိုအပ်ပါတယ်။

အော်တစ်ဇင်ကလေးတစ်ယောက် သူ့ဘေးကလူတွေနဲ့ ပြောဆိုဆက်သွယ်မှုမရှိဘူး၊တစ်စုံတစ်ယောက် စကားပြောနေစဥ်မှာ အာရုံမစိုက်ဘူးဆိုတိုင်း ဒီကလေးက အကြားအာရုံဆုံးရှုံးမှု (Hearing Loss) ဖြစ်နေတယ်လို့ သတ်မှတ်လို့မရပါဘူး။

အော်တစ်ဇင်ထဲမှာမှ ဗီဇကွဲတွေရှိသေးတာကြောင့် အော်တစ်ဇင်ဖြစ်တဲ့သူတိုင်း အကြားအာရုံချို့ယွင်းတာတော့မဟုတ်ပါဘူး။ အချို့အော်တစ်ဇင်တွေမှာ အကြားအာရုံစွမ်းရည်က ပုံမှန်အတိုင်းဖြစ်ပေမဲ့ အချို့မှာတော့ အနည်းနဲ့အများ အကြားအာရုံချို့ယွင်းတတ်ကြပါတယ်။

အော်တစ်ဇင်မှာ အကြားအာရုံဆုံးရှုံးမှု တွဲဖြစ်တယ်ဆိုတာအလွန်ရှားပါတယ်။ ကလေးက တုန့်ပြန်မှုမရှိတာဟာ အသံတွေကိုမကြားရလို့ ဆိုပြီး တစ်ထစ်ချမှတ်ယူလို့ မရပါဘူး။ နားကနေကြားရတဲ့အသံကို ဦးနှောက်က ဘာသာပြန်တဲ့နေရာမှာ ချို့ယွင်းနေလို့ ပုံမှန် တုန့်ပြန်ရမည့် တုန့်ပြန်မှုမရှိတဲ့ အခြေအနေမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကို Auditory Processing Disorder (APD) လို့ ခေါ်ပါတယ်။

Auditory Processing Disorder (APD)

APD ဆိုတာ အကြားအာရုံဆုံးရှုံးတာမဟုတ်ပါဘူး။ နားရဲ့နားထောင်နိုင်စွမ်းက က ကောင်းနေပေမဲ့ ကြားရတဲ့အသံကို ဦးနှောက်က မှန်ကန်စွာ ဘာသာမပြန်နိုင်တာကြောင့် ပြောဆိုဆက်ဆံမှုစွမ်းရည်မှာ ပြဿနာရှိတာပါ။

APD ရဲ့ လက္ခဏာများ

APD ရဲ့ လက္ခဏာတွေကတော့ –

? စကားပြောဆိုဆက်သွယ်ဖို့ ခက်ခဲခြင်း။

(အခြားသူကမေးတာကို ပြန်မဖြေခြင်း၊ စကားအဓိပ္ပာယ်ကို နားမလည်ခြင်း၊ ရိုးရှင်းသော လမ်းညွှန်ချက်များကိုပင် လုပ်ဆောင်ရန် ခက်ခဲနေခြင်း)

?နောက်ခံဆူညံသံများသော အနေအထားတွင် အသံများကို နားထောင်ရန်၊ ဖုန်းပြောရန် ခက်ခဲခြင်း။

?အသံလာရာနေရာကို ရှာမတွေ့ခြင်း။

Autism and Hyperacusis

အော်တစ်ဇင်တော်တော်များများမှာ Hyperacusis လို့ခေါ် တဲ့ ဆူညံသံတွေကို မခံစားနိုင်တဲ့ လက္ခဏာကို တွေ့ရနိုင်ပါတယ်။ ဆူညံသံဆိုတဲ့နေရာမှာ ပုံမှန်အသံအချို့ကိုတောင် ဆူညံသံအဖြစ်ကြားရပြီး အသံကျယ်လောင်ခြင်းကို နားမခံနိုင်တာမျိုးပါ။ ဒါကြောင့် အသံဆူညံတာတွေကို လျှော့ချရန် Noise Isolating Headphone တပ်ထားလေ့ရှိတယ်။

Noise Isolating Headphone

မိဘတွေအနေနဲ့ မိမိကလေးက ပတ်ဝန်းကျင်ကိုစိတ်ဝင်စားမှုမရှိဘူး၊ စကားမပြောဘူး၊ နာမည်ခေါ်ရင်တုန့်ပြန်မှုမရှိဘူးဆိုရင် ကလေးက –

▪️အော်တစ်ဇင်မဟုတ်ဘဲ အကြားအာရုံချို့ယွင်းနေတာသီးသန့်လား❓

▪️အော်တစ်ဇင်မှာ တွေ့ရတဲ့ APD ကြောင့်လား❓

▪အော်တစ်ဇင်နှင့်အတူ အကြားအာရုံဆုံးရှုံးမှုပါ တွဲနေတာလား ဆိုတာ သေချာသိဖို့ ဆရာဝန်ပြသဖို့ လိုအပ်ပါတယ်။