နား‌ပိုးဝင်ခြင်းအကြောင်းသိကောင်းစရာ

ကျနော်တို့နားကို အပြင်နား (External Ear)၊ အလယ်နား (Middle Ear) နဲ့ အတွင်းနား (Internal Ear) ဆိုပြီး (၃)ပိုင်း ခွဲခြားထားပါတယ်။

အပြင်နားပိုးဝင်ခြင်း (External Ear Infection)

အချို့လူတွေက နားထဲမှာ နားဖာချေးပိတ်လို့ ဆိုပြီး နားကလော်တာ၊ နားကိုရေနဲ့ဆေးပြီး အဝတ်နဲ့သုတ်တာမျိုးတွေလုပ်ကြတဲ့အခါမှာ သန့်ရှင်းမှုမရှိတာကြောင့် နားပိုးဝင်တာတွေ ဖြစ်ကြပါတယ်။ နားပိုးဝင်တာ အစပိုင်းမှာတော့ နားကပုံမှန်မဟုတ်ဘဲ ယားတာ၊ နာတာ ကနေ စဖြစ်တတ်ပြီး နောက်ပိုင်းမှာ အရည်စိုလာပြီး နားပြည်ယိုတာတွေဖြစ်နိုင်ပါတယ်။ ပထမပိုင်းမှာတော့ နားထဲကနေ ရိုးရိုးအရည်ကြည် စထွက်ပြီး နောက်ပိုင်းမှာပိုများလာတတ်တယ်။ ပြည်လို အရောင်စိမ်းဝါ‌ရောင်တွေ ထွက်ပြီး နားသိပ်မကြားရတော့ဘဲ အရမ်းဆိုးလာတယ်။ နားရွက်ရဲ့ အရေပြား အရိုးနုမှာပါ ရောင်ကိုင်းလာပြီး မျက်နှာအထိပါ နီရဲရောင်လာတဲ့ အခြေအနေအထိ ဖြစ်နိုင်ပါတယ်။

အလယ်နားပိုးဝင်ခြင်း (Middle Ear Infection) ‌

ကလေးတွေမှာအဖြစ်များတယ်။ ဆောင်းရာသီနဲ့ ကလေးတွေသွားပေါက်တဲ့အချိန်မှာ ဖြစ်လေ့ရှိတယ်။ ကလေးတွေအနေနဲ့ ထုတ်မပြောတတ်တာကြောင့် ငိုတာ၊ နားကို ခဏခဏကိုင်တာ၊ နားကိုရိုက်တာမျိုးတွေ လုပ်နေတတ်တယ်။ အဲ့လိုဖြစ်တဲ့အချိန်မှာဆိုရင် အဖျားရှိနေတာမျိုးလည်းတွေ့ရနိုင်တယ်။ ပိုးဝင်တဲ့နားဘက်က သိပ်မကြားရတော့တာအပြင် ပိုဆိုးလာတဲ့အခြေအနေမှာ ဦးခေါင်းခွံနားအနောက်ဘက်မှာရှိတဲ့ Mastoid Process လို့ခေါ်တဲ့ အရိုးအတွင်းပိုင်းက လေအိတ်တွေပါ ပိုးဝင်တာ ပျံ့ သွားပြီး ပြည်တည်ရုံသာမက အနာပါဖြစ်တဲ့အထိ အခြေအနေဆိုးသွားနိုင်ပါတယ်။

အတွင်းနားပိုးဝင်ခြင်း (Internal Ear Infection) ‌

အပြင်နားနဲ့ အလယ်နားပိုးဝင်တာလောက် အဖြစ်များလေ့မရှိပါ။ အတွင်းနားပိုးဝင်တာက ဆောင်းရာသီမှာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တတ်ပါတယ်။ လက္ခဏာတွေ အနေနဲ့ မူးဝေတာ၊ အန်ချင်တာ၊ နားအူတာမျိုးတွေ ဖြစ်ကြပါတယ်။ ဒီလက္ခဏာတွေက သူ့အလိုလို ပြန်ပျောက်သွားတတ်ကြတယ်။

နားပိုးဝင်ခြင်း၏နောက်ဆက်တွဲဆိုးကျိုးများ

နားပိုးဝင်ခြင်းကို စနစ်တကျကုသမှုမခံယူပါက နားအတွင်းပိုင်းသာမက အပေါ် ယံအရေပြား၊ အရိုးနုများနှင့် မျက်နှာအထိပါ ရောင်ရမ်းတတ်ပြီး ထိုမှတစ်ဆင့် ဦး‌နှောက်အထိ ပျံ့သွားကာ အသက်အန္တရာယ်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါ‌ရှိသူများ၊ ကိုယ်ခံအားကျဆင်းနေသူများတွင် ပိုးပျံ့နှံ့ နှုန်း ပိုမြန်တာကြောင့် ဂရုစိုက်သင့်ပါတယ်။

ဆောင်ရန်၊ ရှောင်ရန်များ

နားပိုးဝင်ရခြင်းအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်တဲ့ နားကလော်တာမျိုးဟာ ပိုးဝင်တာကို စဖြစ်စေတဲ့အပြင် ရောဂါကိုလည်း ပိုဆိုးစေပါတယ်။ နားထဲရေထည့်ဆေးတာမျိုးကလည်း အခန့်မသင့်လျှင် အကြားအာရုံကြောကို ထိခိုက်စေတာကြောင့် ‌ရှောင်သင့်ပါတယ်။

နားပိုးဝင်တဲ့လက္ခဏာတွေက အချိန်တစ်ခုကြာတဲ့အထိ မပျောက်သေးတာ၊ အချိန်တိုအတွင်း ပိုဆိုးလာတာမျိုးဆိုရင် ဆရာဝန်ဆီသွားရောက်ပြသပြီး မလိုလားအပ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်အောင် အချိန်မှီ ကုသမှုခံယူရဖို့ အကြံပြုလိုက်ပါတယ်။