နားကြားကိရိယာ စမ်းတပ်ခြင်း

နားကြားကိရိယာ စမ်းတပ်ခြင်း Hearing Aid Trial

နားကြားကိရိယာ စမ်းတပ်ခြင်း Hearing Aid Trial ကို နားကြားကိရိယာ တပ်ဆင်ပြီး အဆင်ပြေ မပြေ စမ်းသပ် တပ်ဆင်ကြည့်သည့်အခါတွင် သုံးပါသည်။ လူကြီးများတွင် ရက်သတ္တပတ် စမ်းသပ် တပ်ဆင်သော အခါတွင်လည်း သုံးနိုင်သော်လည်း သိပ်မပြောဆိုကြပါ။ မွေးရာပါ နားမကြား ကလေးတွေမှာသာ ပြောကြ ဆိုကြပါသည်။

အဆင်ပြေ မပြေ ကို ပြန်လည် ဆွေးနွေး တိုင်ပင် ပြသဖို့ က Trial တွင် အရေးကြီးသည်။ ဒါကြောင့် နား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန် ချိန်းထားသော အချိန် တွင် ပြန်ပြကြပါ။

မွေးရာပါ နားမကြား ကလေး

စကားပြော နောက်ကျခြင်း၊ စကား မပီခြင်း စတဲ့ နားမကြားတဲ့လက္ခဏာပြတဲ့ ကလေးတွေကို OAE, ABR, ASSR နား အကြားအာရုံ စမ်းသပ် စစ်ဆေးပြီးသည့်အခါ တွင် နားမကြားတာ သေချာသည့်အခါတွင် နားကြားကိရိယာ စမ်းတပ်စေပါသည်။

များသောအားဖြင့် ၃လ အကြာတွင် ပြန်ပြခိုင်းပါသည်။

စမ်းတပ်ခြင်း ၏ ရည်ရွယ်ချက်

(၁) နားကြားကိရိယာ ဖြင့် အဆင် ပြေ မပြေ သိနိုင်ရန်

ပြေပါက နားကြားကိရိယာ ဆက်လက် တပ်ဆင်ပြီး နားထောင် စကားပြော ဆက်လက် သင်ယူနိုင်ပါသည်။

မပြေပါက ခွဲစိတ်နားကြားကိရိယာ Cochlear Implant (CI) ကို ဆက်သွားနိုင်ပါသည်။

(၂) အကြားအာရုံကြော လှုံ့ဆော် ပေးရန်

အချို့ကလေးများသည် Profound လုံးဝ နားမကြားသော အဆင့် ဖြစ်နေသဖြင့် နားထောင် စကားပြော နိုင်ရန် ခွဲစိတ်နားကြားကိရိယာ Cochlear Implant (CI) တပ်ဆင်မှသာ အဆင်ပြေနိုင်ပါသည်။ နားကြားကိရိယာ စမ်းတပ်ခြင်း က မခွဲခင်စပ်ကြား အကြားအာရုံကြော လှုံ့ဆော်ပေးဖို့သာ ဖြစ်သည်။

အာရုံကြော ဆိုသည်မှာလည်း ကြွက်သား ကဲ့သို့ပင် ဖြစ်သည်။ အသုံးမပြုတာ ကြာလာပါက သေးသိမ်လာပြီး စွမ်းဆောင်ရည် ကျဆင်းလာပါသည်။ ထိုကဲ့သို့ လှုံ့ဆော်ပေးမှသာ ခွဲစိတ်နားကြားကိရိယာ တပ်ဆင်ပါက အချိန်တိုအတွင်း အကြားစွမ်းရည် တိုးတက်နိုင်မှာ ဖြစ်ပါတယ်။

ကလေးများတွင် စတင် တပ်ဆင်သည့်အခါ သတိထားရမည့်အချက်များ

ကလေးများသည် နားကြားကိရိယာ တပ်ဆင်ခြင်း ကို လက်ခံဖို့ လိုသည်။ သို့မှသာ ကြားရမည်။ လက်မခံပါက ဆွဲဖြုတ်ပစ်မည်။ ထို့ကြောင့် ကြားရခြင်း ကို ကြောက်စရာ၊ စိတ်ရှုပ်စရာ မမြင်အောင် တပ်ဆင်သည့်အခါတွင် မိဘ မျက်နှာ သည် ပြုံးနေ ပျော်နေရမည်။ အသံ ပါသည့် ကလေးကစားစရာများနှင့် ဆော့ကစားခြင်း ဖြင့်လည်း အသံကြားရ နားထောင်ရခြင်း ကို ကြိုက်နှစ်သက်အောင် ချော့မြူရမည်။

  • ရေချိုးချိန် နှင့် အိပ်ချိန် မှလွဲ၍ အချိန်တော်တော်များများ ကလေး ကို တပ်ဆင်ပေးထားရန် လိုအပ်သလို စကားများများ ပြောပေး၊ အသံများနဲ့ ဆော့ကစားပေးဖို့လည်း လိုအပ်ပါသည်။ အပြင်ထွက်သည့်အခါတွင် ကားသံ ဆူညံသံများကြောင့် ဖြုတ်ထားပေးနိုင်ပါသည်။
  • ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွားဖွား၊ ကလေး/သူ့ နာမည် စသည့် လွယ်ကူသော စကားလုံးများ များများ ပြောပေးဖို့ ထပ်ခါတလဲလဲ ပြောပေးပါ။ သူ ထပ်ခါတလဲလဲ ကြားသည့်စကားလုံးများကိုသာ သူ စပြောပါလိမ့်မည်။
  • ကလေး က တစုံတခု ကို အာရုံစိုက်နေသည့်အခါ ရှေ့က တယောက် ကြည့်နေပြီး နောက်ကနေ ခေါ်ခြင်း၊ လက်ခုပ်တီးခြင်း ပြုလုပ်ပေးပါ။ အသံ ကြားရပါက မျက်နှာ၊ မျက်လုံး ဖြင့် တုန့်ပြန်ပါလိမ့်မည်။ အချိန်အတိုင်းအတာ တစ်ခု ရောက်မှသာ ရှေ့ကလာတဲ့အသံ မဟုတ်မှန်းသိမှသာ နောက်လှည့်ကြည့်ပါလိမ့်မည်။

အကောင်းဆုံး လက်ဆောင်

မိမိ ကလေး နားမကြားတဲ့အတွက် မိဘများအနေနဲ့ စိတ်ဓာတ် မကျပါနဲ့။ ဒီအထိ ရောက်လာပြီ ဆိုတော့ နားကြားကိရိယာ အကူအညီ နဲ့သော်လည်းကောင်း၊ ခွဲစိတ်နားကြားကိရိယာ အကူအညီ နဲ့သော်လည်းကောင်း ကလေး နားကြားနိုင်ပါလိမ့်မည်။

မွေးရာပါ နားလေးခြင်း သည် နား အကြားစွမ်းရည် တစ်ခုတည်း မလုပ်နိုင်တာ မဟုတ်ပါ။ စကားသံများ မကြားတော့သဖြင့် နားထောင်စွမ်းရည် မရှိတော့သလို စကားပြောစွမ်းရည် လည်း မရနိုင်ပါ။ ဒါကြောင့် စကားမပြော၊ စကားမပီသဖြင့် နားအကြား စမ်းသပ်စစ်ဆေးကြည့်ကြခြင်း ဖြစ်ပါသည်။

မိဘများ အနေနဲ့ မိမိကလေးတွေအတွက် အလိုအပ်ဆုံး အကောင်းဆုံးလက်ဆောင် ပေးတယ် သဘောထားပြီး ကြားအောင်၊ နားထောင်နိုင်အောင်၊ စကားပြောနိုင်အောင် အဆင့်အထိ ပံ့ပိုးပေးကြပါ။