ထိခိုက်ဒဏ်ရာတွေကိုဘယ်လိုဂရုစိုက်ကြမလဲ?

(၁) သွေးအနည်းငယ်ထွက်တာက စိတ်ပူစရာမရှိပါဘူး။

သွေးကအနာမြန်မြန်ကျက်ဖို့အကူအညီပေးတဲ့အတွက် အနာမှသွေးအနည်းငယ်ထွက်တာကစိတ်ပူစရာမလိုပါဘူး။ သေးငယ်တဲ့ဒဏ်ရာ၊ ပွန်းရာတွေက သွေးတိတ်တာမြန်ပေမဲ့ ဒဏ်ရာကြီးလို့ ပိုပြီးမြန်မြန်တိတ်လိုရင် ဒဏ်ရာပေါ် အဝတ်သန့်သန့်ဂွမ်းသန့်သန့်လေးနဲ့ ဖိထားပေးလို့ရပါတယ်။ တစ်ကယ်လို့ပထမအဝတ်စ၊ ဂွမ်းစကသွေးတွေရွှဲလာပြီဆို မဖယ်သေးပဲ သူ့ပေါ်ကနေနောက်ထပ် အဝတ်စ၊ ဂွမ်းစအသစ်ကိုထပ်အုပ်ပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ပထမအဝတ်စ၊ ဂွမ်းစကို မြန်မြန်ဖယ်လိုက်ရင် ဒဏ်ရာကကောင်းကောင်းမစေ့သေးပဲ ပြန်ဟပြီးသွေးပြန်ထွက်တတ်ပါတယ်။

(၂) အနာကိုစနစ်တကျနဲ့ ညင်သာစွာသန့်ရှင်းပေးပါ။

အနာကိုသန့်ရှင်းပေးဖို့အလွယ်ကူဆုံးနည်းကတော့ သန့်ရှင်းတဲ့ရေအေးနဲ့ဆေးတာပဲဖြစ်ပါတယ်။ တကယ်လို အနာမှာအခြားမသန့်ရှင်းတဲ့အရာတွေကပ်နေတဲ့အခါ (ဥပမာ- ဆူး၊ ကျောက်ခဲ) ပိုးသတ်ထားတဲ့ ဇာဂနာ၊ ညှပ်နဲ့ ဖယ်ရှားပေးပါ။ ပြီးရင်တော့ အနာကိုဆပ်ပြာအပျော့စားနဲ့ ဆေးပေးလို့ရပါတယ်။ ဆပ်ပြာအပြင်းစားတွေက ဒဏ်ရာပိုပြင်းထန်စေလို့ သတိထားပေးပါနော်။

(၃) ပိုးသတ်ဆေးပါတဲ့လိမ်းဆေးလိမ်းဖို့လိုအပ်ရဲ့လား?


ပုံမှန်ဒဏ်ရာတွေကမလိုအပ်ပေမဲ့ ဒဏ်ရာနက်ပြီး ကြီးတယ်ဆိုရင် ပိုးသတ်ဆေးပါတဲ့လိမ်းဆေးတွေကအနာပိုးဝင်တာကို ကာကွယ်ပေးမှာပါ။ ဒဏ်ရာရသူဟာ ဆီးချိုဝေဒနာရှင်ဆိုရင်တော့ ဘယ်လိုဒဏ်ရာမျိုးမဆို ဆရာဝန်နဲ့တိုင်ပင်ဖို့လိုအပ်ပါတယ်။ လိမ်းဆေးခရင်မ်တွေကိုလိမ်းတဲ့အခါ အနာပေါ်မှာ ပါးပါးလိမ်းပေးရင်လုံလောက်ပါတယ်။ တကယ်လို့ ဆေးနဲ့မတည့်တဲ့လက္ခဏာ (ဥပမာ- နီလာတာ၊ အပိန့်ထလာတာ) တွေပြရင်တော့ ဆက်လက်သုံးစွဲဖို့မသင့်တော်ပါဘူးနော်။

(၄) အနာကပ်ပလာစတာ လိုအပ်လား၊ မလိုအပ်ဘူးလား?

ပုံမှန်ဒဏ်ရာအမျိုးအစားတွက အနာကပ်ပလာစတာ မလိုအပ်ပါဘူး။ ဒါပေမဲ့ တကယ်လို့ သင့်အနာက အဝတ်အထည်နဲ့ ထိမိပြီးပိုပွန်းတတ်တဲ့နေရာမျိုးမှာဆိုရင်တော့ ဒဏ်ရာပိုမဆိုးလာအောင်ပလာစတာလေးက ကာကွယ်ပေးမှာပါ။ ပလာစတာကပ်ရင်တော့ ပိုးမဝင်အောင် နေ့တိုင်းလဲပေးဖို့မမေ့ပါနဲ့နော်။

(၅) ပလာစတာနဲ့ ဓာတ်မတည့်သောလက္ခဏာများ

မိမိအနာပေါ် ပလာစတာ/ အနာကပ်တိပ်အသုံးပြုပြီးနောက် ယားလာမယ်၊ အရည်ကြည်ဖုနဲ့ အပိန့်တွေထလာမယ်၊ ပူလာမယ်ဆိုရင် ဒါတွေဟာ ဓာတ်မတည့်တဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် အဝတ်သန့်/ ပိတ်အသန့်ကို အသုံးပြုလို့ရပါတယ်။

(၆) အနာကျက်တဲ့လက္ခဏာများ

ကျန်းမာတဲ့လူတစ်ယောက်မှာ ထိခိုက်ဒဏ်ရာရပြီဆိုတာနဲ့ အနာကျက်တဲ့စနစ်စတင်ပါတယ်။ သွေးဖြူဥလေးတွေက ဘတ်တီးရီးယားလေးတွေကိုတိုက်ထုတ်ပြီးတော့ သွေးနီဥနဲ့ အခြားဆဲလ်လေးတွေက အနာပြန်စေ့အောင် အနာဖေးကိုထုတ်လုပ်ပေးပါတယ်။ အနာဖေးဖြစ်လာတဲ့အခါ ယားတာ၊ တင်းတာဖြစ်တတ်တာ ပုံမှန်ပါ။ ဒီလိုအနာဖေးလေးဖြစ်လာပြီဆို မိမိဒဏ်ရာကောင်းမွန်စွာကျက်လာတဲ့ လက္ခဏာပါပဲနော်။

(၇) အသေးစားအပူလောင်ဒဏ်ရာတွေကို ဘယ်လိုကုသမလဲ?

အပူလောင်ဒဏ်ရာဆိုတာ ဆီပူလောင်တဲ့အနာအသေးလေးကစလို့ မီးလောင်ဒဏ်ရာ အထိ ပြင်းထန်မှုပမာဏ အမျိုးမျိုးရှိပါတယ်။ ဆီပူလောင်တာမျိုးလို ဒဏ်ရာအသေးစားလေးတွေကိုတော့ ကျနော်တို့ ဆေးရုံဆေးခန်းမသွားတော့ဘဲ အိမ်တွင်းနည်းတွေနဲ့ပဲကုပြီး သက်သာသွားတာတွေရှိဖူးကြမှာပါ။ အပူလောင်တာမျိုးက နေ့စဥ်ဘဝမှာ ဖြစ်နိုင်ချေရှိတဲ့အတွက် ဖြစ်ဖြစ်ချင်းမှာဘယ်လို မှန်ကန်မြန်ဆန်စွာ ကုရမလဲဆိုတာကို သိထားဖို့လိုအပ်ပါတယ်။
✅ အရင်ဆုံး အပူလောင်သွားတဲ့နေရာကို ရိုးရိုးရေနဲ့ဆေးပါ။ ပူနေတာသက်သာသွားပြီဆိုရင်တော့ ဆပ်ပြာ နဲ့ ရေကိုအသုံးပြုပြီး အနာကိုဆေးပါ။ လိုအပ်ပါက ပိုးသတ်ဆေးလိမ်းဆေးလိမ်းပါ။ ပြီးရင်တော့ အနာကို သန့်ရှင်းတဲ့အဝတ် သို့မဟုတ် ပတ်တီးနဲ့စည်းပါ။ အနာရှိန်သက်သာအောင် Paracetamol သောက်လို့ရပါတယ်။ အပူလောင်တဲ့နေရာကို ရှားစောင်းလက်ပက်အရည်လိမ်းပေးခြင်းကလည်း ဒဏ်ရာကိုသက်သာစေပါတယ်။
❎ အပူလောင်ဒဏ်ရာအပေါ်ကို ကြက်ဥအကာ၊ သွားတိုက်ဆေး၊ ဆီတွေ မလိမ်းပါနှင့်။ ရေခဲရည်၊ ရေခဲတွေနဲ့အနာကိုကပ်ခြင်းမပြုလုပ်ပါနှင့်။ အရည်ကြည်ဖုများကို ဖောက်ပစ်ခြင်းများ လုံးဝ မပြုလုပ်ရပါ။

(၈) ခွဲစိတ်ထားတဲ့ဒဏ်ရာတွေကိုဘယ်လိုဂရုစိုက်မလဲ?

ခွဲစိတ်ထားတဲ့ဒဏ်ရာ ကို ဂရုစိုက်နည်းကတော့ ပြတ်နာရှနာ သို့မဟုတ် ပွန်းပဲ့အနာတွေကို ဂရုစိုက်နည်းနဲ့တူတူပါပဲ။ အရေးကြီးဆုံးကတော့ ဘယ်လိုအနာမျိုးကိုမဆို သန့်ရှင်းရေးမလုပ်ခင်မှာ မိမိလက်ကို ရေနဲ့ဆပ်ပြာကိုသုံးပြီး သေချာသန့်စင်အောင်ဆေးပါ။ အနာ Dressing ကိုနေ့တိုင်းအသစ်လဲပေးပါ။ ဆရာဝန်မှာကြားချက်များအတိုင်း ချုပ်ရိုး၊အနာကို သေချာဂရုစိုက်ပါ။ ခွဲထားတဲ့ဒဏ်ရာမှာ ပြည် သို့မဟုတ် သွေးပြန်ထွက်လာပါက ဆရာဝန်နှင့်ပြန်ပြသပါ။

(၉) အနာပိုးဝင်ရင်ဘယ်လို လက္ခဏာတွေပြလဲ?

အနာတစ်ဝိုက် အရေပြားပူလာခြင်း၊ ရောင်ရမ်းပြီးနီလာခြင်း၊ အစိမ်းရောင်သို့မဟုတ် အဝါရောင်အရည်များ အနာမှစိမ့်ထွက်လာခြင်း၊ လည်ပင်းတစ်ဝိုက် သို့မဟုတ် ပေါင်ခြံ ချိုင်းနေရာများတွင် အလုံးအကြိတ်များစမ်းမိခြင်း၊ အဖျားရှိခြင်း၊ ကိုက်ခဲနာကျင်နေခြင်း စတဲ့ လက္ခဏာတွေပြလာပြီဆိုရင်တော့ အနာပိုးဝင်တာဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ကုသမှုခံယူရမှာဖြစ်ပါတယ်။

ဘယ်လိုဒဏ်ရာမျိုးဆို ဆရာဝန်နဲ့သွားပြသင့်သလဲ?

  • ၅မိနစ် ၁၀မိနစ်လောက်ထိဖိထားတာတောင် သွေးမတိတ်သောဒဏ်ရာ
  • မျက်လုံးနားတစ်ဝိုက်မှာရသောဒဏ်ရာ
  • နက်သောဒဏ်ရာ အတွင်းပိုင်းထိပွင့်နေသော ဒဏ်ရာ
  • အမှိုက် အညစ်အကြေးများဝင်နေသောဒဏ်ရာ
  • ပိုးဝင်သောလက္ခဏာရှိသောဒဏ်ရာ
  • တိရစ္ဆာန် အကိုက်ခံရသောဒဏ်ရာ စတဲ့ဒဏ်ရာမျိုးတွေဆိုရင်တော့ မဖြစ်မနေ ဆရာဝန်နဲ့ သွားပြရပါမယ်။
  • ဒဏ်ရာအကြီးအသေးတစ်ခုတည်းကိုကြည့်ပြီး ဆေးခန်းသွားမသွားဆုံးဖြတ်လို့မရပါဘူး။

အကယ်၍ လိုအပ်တဲ့ကုသမှုတွေကို အချိန်မှီမရရှိလိုက်ရင် အသက်အန္တရာယ်ဆုံးရှုံးရတဲ့အထိဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ဘဲ အထက်ပါနည်းလမ်းများအတိုင်း အကောင်းမွန်ဆုံးကာကွယ်ကြပါ။