Nightmares (အိပ်မက်ဆိုးမက်ခြင်း)

ကျနော်တို့ အားလုံး အိပ်မက်မက်အမျိုးမျိုးမက်ဖူးကြမှာပါ။ ကောင်းတဲ့အိပ်မက်တွေရှိသလို တချို့ အိပ်မက်တွေကျတော့လည်း မေ့လို့မရလောက်တဲ့အထိ စွဲနေအောင် မှတ်မိနေတဲ့ အိပ်မက်ဆိုးတွေလည်းရှိကြမှာပါ။
အိပ်မက်မက်ခြင်းနှင့် အိပ်စက်ခြင်းအကြောင်းကို ဒီဆောင်းပါးမှာ ပြန်ဖတ်ရှုနိုင်ပါတယ်။

အိပ်မက်ဆိုးတွေမက်တယ်ဆိုတာ တစ်ခါတစ်လေပဲဆို ပြဿနာမရှိပေမဲ့ အကြိမ်အရေအတွက်များလာရင်တော့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ထိခိုက်စေတာကြောင့် မပေါ့ဆသင့်ပါ။ အိပ်မက်ဆိုးမက်တယ်ဆိုတာ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ကျနော်တို့ အိပ်မက်ဆိုးကနေ လန့်နိုးလာရင် ကြောက်စိတ်ကြောင့် တော်တော်နဲ့ ပြန်အိပ်လို့ မရတော့တာမျိုးကြုံဖူးကြမှာပါ။ ဒီလိုဖြစ်တာ တစ်ညတည်းမဟုတ်ဘဲ ညတိုင်းလိုလိုဖြစ်နေပြီဆိုရင်တော့ လူက ကောင်းမွန်တဲ့အိပ်စက်ခြင်း ကို မရရှိနိုင်တာကြောင့် နေ့ဘက်တွေမှာ လန်းလန်းဆန်းဆန်းရှိမှာမဟုတ်ပါဘူး။

ဘာကြောင့်အိပ်မက်ဆိုးတွေမက်ကြလဲ?

အိပ်မက်ဆိုးမက်စေတဲ့အကြောင်းအရင်းတွေကတော့ အများကြီးရှိပါတယ်။

  • အလွန်ပင်ပန်းနွမ်းနယ်နေခြင်း၊
  • အိပ်ချိန်မလုံလောက်ခြင်း၊
  • ကျန်းမာရေးမကောင်းခြင်း၊
  • အခြားသော အိပ်စက်ခြင်းနှင့် သက်ဆိုင်သည့် ရောဂါများ (Sleep Disorders) ရှိခြင်း၊
  • စိတ်ပူပင်သောကရောက်စရာရှိခြင်း၊ စိတ်ဖိစီးမှုများနေခြင်း၊
  • ထိတ်လန့်စရာမြင်ကွင်း သို့မဟုတ် ဖြစ်ရပ်နှင့်ကြုံတွေ့ခဲ့ခြင်း၊
  • အချို့ သောဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများက အိပ်မက်ဆိုးများ မက်ခြင်းကို ဖြစ်စေပါတယ်။

အိပ်မက်ဆိုးမက်တာ ကြာလာရင် ဘာလုပ်သင့်လဲ?

ဘာကြောင့်အိပ်မက်ဆိုးမက်လဲ ဆိုတဲ့ အကြောင်းကို ရှာပြီး လိုအပ်ပါက ကုသမှုခံယူရပါမယ်။ စိတ်ဖိစီးမှုများတာကြောင့်ဆိုရင် စိတ်ဖိစီးမှုကိုလျော့ကျစေမဲ့ ကောင်းမွန်တဲ့ အလေ့အကျင့်တွေဖြစ်တဲ့ တရားထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို နေ့စဥ်ပြုလုပ်ပေးရပါမယ်။ တစ်နေ့တာအတွက် အချိန်ဇယားသေချာဆွဲပြီး အိပ်ချိန်ကိုသေချာ လုံလောက်အောင်ထားပေးပါ။

တူညီတဲ့ အိပ်မက်ဆိုးတစ်ခု ကို ထပ်ခါထပ်ခါမက်နေတာမျိုး ဒါမှမဟုတ် ညဘက် အိပ်ရေးမဝတာကြောင့် နေ့ဘက်တွေမှာ အမြဲအိပ်ငိုက်နေတတ်ခြင်း၊ အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ် ချို့ယွင်းခြင်း၊ ပင်ပန်းနွမ်းနယ်လွယ်ခြင်း၊ စိတ်တိုလွယ်ခြင်း စသ ဖြင့် နေ့စဥ်ဘဝ လုပ်ငန်းဆောင်တာများပါ ထိခိုက်မှု ရှိလာပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်ပါက ကုသမှုခံယူရပါမယ်။