Peak Flow Meter ဆိုတာဘာလဲ?
Peak Flow Meter ဆိုတာ အဆုတ်ထဲက ခပ်ပြင်းပြင်းရှူထုတ်လိုက်တဲ့ လေကဘယ်လောက် မြန်မြန်ထွက်လည်းဆိုတာ (Peak Expiratory Flow – PEF/ Peak Expiratory Flow Rate – PEFR) ကို တိုင်းတာပေးတဲ့ ကိုင်တွယ်ရလွယ်ကူတဲ့ Medical Device တစ်မျိုးဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းကိုပိတ်ဆို့စေတဲ့ရောဂါဖြစ်တဲ့ ပန်းနာရင်ကြပ်ရောဂါ (Asthma) ကဲ့သို့ရောဂါအပြင်အခြား နာတာရှည်အဆုတ်ယောင်ရောဂါ (Chronic Obstructive Pulmonary Disease)၊ လေပြွန်ရောင်ရမ်းသောရောဂါ (Chronic Bronchitis) အစရှိတဲ့ ရောဂါတွေမှာ လူနာရဲ့ ရောဂါအခြေအနေနဲ့ တိုးတက်မှုကို စောင့်ကြည့်ဖို့ အသုံးပြုပါတယ်။
Peak Flow Meter ကိုပုံမှန်အသုံးပြုခြင်းဖြင့် ရောဂါအခြေအနေကို ပုံမှန် စောင့်ကြည့်ရာမှာ များစွာ အထောက်အကူဖြစ်ပြီး ရောဂါအရမ်းမဆိုးရွားသေးမီ ကြိုတင်သိရှိနိုင်တဲ့အတွက် ဆေးကုသမှုကိုလိုအပ်သလို အချိန်နဲ့တပြေးညီပြောင်းလဲနိုင်ပါတယ်။
ဘယ်အရွယ်ကစပြီးသုံးလို့ရလဲ?
အသက် ၅ နှစ်မှစပြီး လူကြီးတွေအထိအသုံးပြုနိုင်အောင်ရိုးရှင်းလွယ်ကူပါတယ်။ တချို့ Brand တွေမှာ လူကြီးသုံးနဲ့ ကလေးသုံးဆိုပြီး ခွဲထားလို့ အသုံးပြုဖို့ဆိုရင် သတိထားပြီး မေးမြန်းဝယ်ယူဖို့လိုအပ်ပါတယ်။
အဖြေကို ဘယ်လိုသိနိုင်မလဲ?
မိမိဘာသာစမ်းသပ်ရမဲ့အချိန်စမ်းသပ်ပြီးရင် Peak Flow Meter ပေါ်မှာပဲ အဖြေကိုလွယ်စွာဖတ်နိုင်ပါတယ်။ လူနာက Normal ဖြစ်လေလေ Peak Expiratory Flow မှာပြတဲ့ နံပါတ်ကမြင့်လေလေ ဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်း ကျဉ်းလေလေ ပြတဲ့ နံပါတ်နိမ့်လေလေ ဖြစ်ပါတယ်။
နေ့စဉ်တိုင်းတာထားတဲ့ ရလဒ်ကို Record စာအုပ်မှာ မှတ်တမ်းတင်ထားကာ ဆရာဝန်နဲ့ဆွေးနွေးခြင်းဖြင့် ရောဂါဆိုးရွားမှုအခြေအနေ၊ ဆေးကုသမှုထိရောက်မှုရှိမရှိ နဲ့ အသက်ရှုလမ်းကြောင်းမှာရှိတဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကို စမ်းစစ်ရာမှာ များစွာအထောက်အကူဖြစ်စေပါတယ်။
Peak Flow Meter ကို နေ့စဉ်အသုံးပြုခြင်းက ဘာကောင်းကျိုးတွေရနိုင်လဲ?
- ပန်းနာရင်ကျပ်ရောဂါသည်များ ရောဂါအခြေအနေကို စောင့်ကြည့်နိုင်ခြင်း၊
- ကုသမှုထိရောက်မှုရှိမရှိစောင့်ကြည့်နိုင်ခြင်း၊
- ရောဂါဆိုးရွားမသွားခင် အချိန်မီသိရှိနိုင်သောကြောင့် ကြိုတင်ကာကွယ်နိုင်ခြင်း၊
- ရောဂါဆိုးရွားသွားသည့်တိုင် ကုသရမည့်အခြေအနေကို တိကျစွာသိရှိနိုင်ခြင်း၊
- ဆရာဝန်နှင့်ပြရန် ရက်ချိန်းမတိုင်သေးသော်လည်း ရောဂါအခြေအနေပြန်ဆိုးလာရင် ပြန်ပြရန်လိုမလို မိမိဘာသာ လွယ်ကူစွာ သိရှိနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
Peak Flow Meter အသုံးပြုပုံအဆင့်ဆင့်
- Peak Flow Meter မှာပါတဲ့အနီရောင်အမှတ်ကို သုညအထိဆွဲချထားပါ။
- အဆုတ်ထဲမှ လေကိုကုန်အောင် အရင်မှုတ်ထုတ်ပြီး လေကိုတစ်ဝကြီး ပြန်ရှူသွင်းပါ။
- ပါးစပ်တေ့ရမည့်နေရာ (Mouth Piece) တွင်သွားဖြင့်အသာအယာကိုက်ပြီး နှုတ်ခမ်းဖြင့်လုံအောင်အုပ်ပါ။
- Peak Flow Meter အတွင်းသို့ ပြင်းနိုင်သမျှပြင်းပြင်း၊ မြန်နိုင်သမျှ မြန်မြန် မှုတ်ထုတ်ပါ။
- အမှတ်ရောက်သွားသည့်နေရာကို စာရွက်အကြမ်းတစ်ခုတွင် ချရေးထားပါ။
- အထက်ပါအတိုင်း သုံးကြိမ်တိတိ လုပ်ဆောင်ပါ။ သုံးခေါက်တွင် အများဆုံးအမှတ်ကိုယူပြီး Record Bookတွင် မှတ်သားပါ။
Peak Flow Diary ဇယားအား အောက်ပါ Link တွင် Download ရယူရန်။
Peak Flow Meter တွင်ပါဝင်သော Colour Zone များအဓိပ္ပာယ်
Zone | အမှတ် | အဓိပ္ပာယ် |
Green Zone | ပုံမှန် Peak Flow Reading ၏ 80-100% | Green Zone မှာကျရောက်သော Peak Flow Reading သည် Asthma ကို ကောင်းမွန်စွာထိန်းထားနိုင်သည်ဟုဆိုလိုပါသည်။ |
Yellow Zone | ပုံမှန် Peak Flow Reading ၏ 50-79% | Yellow Zone မှာကျရောက်သော Peak Flow Reading သည် အသက်ရှူလမ်းကြောင်းကျဉ်းနေသည်။ ဆေးကုသမှုကို ပြန်လည် စစ်ဆေးပြုပြင်ရန် လိုအပ်သည် ဟုဆိုလိုပါသည်။ |
Red Zone | ပုံမှန် Peak Flow Reading ၏ 50% အောက် | Red Zone မှာ ကျရောက်သော Peak Flow Reading သည် Medical Emergency အခြေအနေဖြစ်သည်။ အသက်ရှုလမ်းကြောင်း အလွန်ကျဉ်းနေနိုင်သော အခြေအနေဖြစ်သည်။ ဆေးရုံသို့သွားခြင်း သို့မဟုတ် ဆရာဝန်နှင့်ပြသခြင်း ချက်ချင်း ပြုလုပ်ရန် လိုအပ်သည် ဟုဆိုလိုပါသည်။ |
Zone ခွဲခြားနည်း
Peak Flow Meter တွေမှာ မိမိဘာသာ သတ်မှတ်လို့ရတဲ့ အစိမ်း၊ အဝါနဲ့ အနီ အမှတ်လေးတွေပါပါတယ်။ အထက်ပါဖော်ပြထားတဲ့ ဇယားအတိုင်းပဲ မိမိ Result ကမည်သည့် Zone ထဲတွင် ကျရောက်နေလည်းကြည့်ပြီး လိုအပ်သောကုသမှု များကို ဖြည့်ပြီးလုပ်ဆောင်ရပါမယ်။
အရင်ဆုံး မိမိရဲ့ အကောင်းဆုံး Score (Personal Best Score) ကို သိရပါမယ်။ လူတွေရဲ့ အသက်၊ Lung Capacity နဲ့ အဆုတ် ကျန်းမာရေးပေါ််မူတည်ပြီး Personal Best Score ကွဲပြားတာကို သိရှိရပါမယ်။
Personal Best Score ကိုသိရဖို့ ၂ပတ်မှ ၃ပတ်အတွင်းတိုင်းထားတဲ့ နေ့စဥ် Result ထဲက အမြင့်ဆုံး အမှတ်ကိုယူပါ။ ထိုနေရာ Green Mark ကို ထားပါ။
Yellow Mark က 50-79% ဖြစ်သောကြောင့် မိမိ Personal Best Score ရဲ့ 79% ကိုတွက်ယူရပါမယ်။
Red Mark က 50% ဖြစ်သောကြောင့် မိမိ Personal Best Score ရဲ့ 50% ကိုတွက်ယူရပါမယ်။
ဥပမာအားဖြင့် Personal Best Score 400 L/min ရှိတဲ့သူတစ်ယောက်ရဲ့ Green Mark က 400 ဖြစ်ပြီး၊ Yellow Mark က 316၊ Red Mark က 200 ဖြစ်ပါမယ်။
Peak Flow Meter အသုံးပြုခြင်း၏ Risk များ
- Peak Flow Meter Measurement အတွက် အသက်ကိုတစ်ဝကြီးရှုသွင်းပြီး တစ်ဝကြီးရှုထုတ်ရန်လိုအပ်သောကြောင့် အသက်ရှုမဝခြင်းနှင့် မူးဝေခြင်းများဖြစ်ပွားနိုင်ပါသည်။
- အခန့်မသင့်လျှင် ချောင်းဆိုးခြင်းနှင့် Wheezing ဖြစ်ခြင်းကို လှုံ့ဆော်နိုင်ပါသည်။
Peak Flow Meter Measurement ၏တိကျမှုကို အနှောင့်အယှက်ပေးနိုင်သော အချက်များ
- လေမမှုတ်ထုတ်မီ အသက်ကို ဝလင်အောင် မရှုသွင်းခြင်း
- လေမှုတ်ထုတ်စဥ် မိမိအမှန်တကယ် မှုတ်ထုတ်နိုင်တာထက်လျော့နည်း၍မှုတ်ထုတ်ခြင်း
- မှုတ်ထုတ်နေစဥ် ချောင်းဆိုးခြင်း
- Peak Flow Meter ၏ Mouthpiece ကိုပါးစပ်ဖြင့်လုံအောင်မကိုက်ခြင်း
- Peak Flow Meter ညစ်ပတ်နေခြင်း
- Mouthpiece ကို လျှာဖြင့် ပိတ်ထားမိခြင်း
- လေပြွန်ကိုပွင့်စေသောဆေးများ (Bronchodilators) သောက်သုံးထားမိခြင်း