အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) ရှိလာပြီဆိုရင် အသင့်လျော်ဆုံး ကုသမှုက CPAP စက်တပ်အိပ်ခြင်း ဖြစ်ပါတယ်။
စက်တပ်အိပ်တာက ကုသမှုဆိုပေမဲ့ မိမိရဲ့ လူနေမှုပုံစံကိုပြောင်းလဲပေးတာကလည်း ကုသမှုကို တစ်ဖက်တစ်လမ်းကနေကူညီပေးမှာဖြစ်ပါတယ်။ အချို့သောအဝလွန်သူတွေမှာစက်တပ်အိပ်ရပေမဲ့ ဝိတ်ချလိုက်တဲ့အတွက် စက်လွတ်သွားတဲ့ အခြေအနေတွေလည်းဖြစ်နိုင်တာကို တွေ့ရပါတယ်။
ဒါကြောင့် ဒီနေ့ Post မှာတော့ အိပ်ဟောက်ရှူပိတ်ရောဂါရှိသူတွေအတွက် လူနေမှုဘဝပုံစံတွေနဲ့ပတ်သက်ပြီး အကြံဉာဏ်တစ်ချို့ပေးချင်ပါတယ်။
ဝိတ်ထိန်းပါ
ဝိတ်ချခြင်း (အထူးသဖြင့်လည်ပင်းတစ်ဝိုက်ရှိအဆီများကို ကျသွားခြင်း) ကအိပ်ဟောက်ရှုပိတ်ရောဂါလက္ခဏာများကိုသက်သာသွားစေမှာပါ။ ဒါကြောင့် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနဲ့ အစားအသောက်ထိန်းခြင်းကို သေချာစွာကြပ်မတ်ပြီး ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းသိမ်းထားသင့်ပါတယ်။
အိပ်စက်သည့်အခါအနေအထားပြောင်းအိပ်ပါ
အိပ်စက်သည့်အခါ ပက်လက်အနေအထားထက် ဘေးတစ်စောင်းအိပ်စက်ခြင်းက သိပ်ဆိုးဝါးတဲ့ အိပ်ဟောက်ရှုပိတ်ရောဂါလက္ခဏာတွေကို သက်သာစေမှာပါ။ အိပ်နေစဥ် ဘေးတစ်စောင်းအနေအထားဖြစ်ဖို့ ခေါင်းအုံးတွေရဲ့ အကူအညီကိုလည်းရယူနိုင်ပါတယ်။
အရက်နှင့်မူးရစ်ဆေးဝါးများရှောင်ပါ
အရက်နဲ့ မူးယစ်ဆေးဝါးတွေက လည်ပင်းကြွက်သားတွေကိုလျော့ရဲစေတဲ့အတွက် အိပ်ဟောက်ရှုပိတ်ရောဂါလက္ခဏာတွေကို ပိုမိုဆိုးရွားလာစေတာပါ။ အထူးသဖြင့် အိပ်ခါနီးအချိန်မှာ အရက်သေစာနဲ့ မူးယစ်စေသောပစ္စည်းများကိုသုံးစွဲခြင်းကိုရှောင်ကြဥ်ရမှာပါ။
ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်က အသက်ရှူလမ်းကြောင်းတစ်လျှောက်နဲ့ လေပြွန်တွေကိုရောင်ရမ်းစေတဲ့အတွက် အိပ်ဟောက်ရှူပိတ်ရောဂါကိုပိုဆိုးစေတာပါ။ ဆေးလိပ်ဖြတ်ခြင်းက အိပ်ဟောက်ရှုပိတ်ရောဂါအပြင် ကောင်းမွန်သောအိပ်စက်ခြင်းရရှိဖို့ကိုလည်း များစွာအထောက်အကူပြုပေးမှာပါ။
အိပ်စက်ချိန်သီးသန့်ထားပါ
အလုပ်ပိတ်ရက်ပါမကျန် နေ့စဥ်အချိန်မှန်အိပ် အချိန်မှန်ထခြင်းက သင့်ခန္ဓာကိုယ်ကို စည်းချက်ကိုက်နေစေပြီး Internal Clock ကို ပုံမှန်ဖြစ်စေလို့ Sleep Quality က သိသိသာသာတိုးတက်လာတာကိုတွေ့ရပါလိမ့်မယ်။
အိပ်စက်သည့်အခါ ဦးခေါင်းကိုအနည်းငယ်မြင့်အောင်ထားကြည့်ပါ
အိပ်စက်ချိန် ဦးခေါင်းကို အနည်းငယ်မြှင့်ထားခြင်းက လျှာနဲ့အာခေါင်ကို လည်ပင်းမှာ ပိတ်ဆို့စေခြင်းမှကာကွယ်ပေးတာကြောင့် အိပ်စက်စဥ်ဟောက်ခြင်းမှကာကွယ်ပေးသည့်အပြင် အရမ်းမဆိုးတဲ့အိပ်ဟောက်ရှုပိတ်ရောဂါလက္ခဏာတွေကိုပါ ကာကွယ်ပေးမှာပါ။
CPAP စက်များတပ်ဆင်သည့်အခါ နေ့စဥ်ပုံမှန်တပ်ဆင်နိုင်ရန် ကြိုးစားပါ
စက်တပ်အိပ်ရတဲ့ အခါမှာလည်း ညစဥ် ပုံမှန်တပ်အိပ်နိုင်အောင်ကြိုးစားသင့်ပါတယ်။ ဒါမှသာ ထိရောက်တဲ့ ကုသမှုကိုရရှိမှာပါ။
မအိပ်ခင် ညစာကဲ့သို့ Heavy Meal များစားသောက်ခြင်းကို ရှောင်ရှားပါ
မအိပ်စက်မီ အစားအသောက်များအလွန်အံစားသောက်ခြင်းက အိပ်စက်ခြင်းကိုထိခိုက်စေနိုင်တဲ့အပြင် ကြာလာရင်ဝိတ်ပါတက်နိုင်တဲ့အတွက် အထူးဆင်ခြင်ရပါမယ်။
လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ဝိတ်ထိန်းတဲ့နေရာမှာအထောက်အကူပြုတဲ့အပြင် နှလုံးကြွက်သားကိုလည်းအားကောင်းစေတဲ့အတွက် လုပ်သင့်တဲ့ အလေ့အကျင့်ကောင်းထဲမှာပါပါတယ်။
ဓာတ်မတည့်ခြင်းများရှိပါကအတတ်နိုင်ဆုံးထိန်းချုပ်ပါ
အထူးသဖြင့် အသက်ရှုလမ်းကြောင်းတစ်လျှောက်မှာ ဓာတ်မတည့်ခြင်းများဖြစ်ပေါ််လာပါက ခန္ဓာကိုယ်ကတုံ့ပြန်တဲ့အနေနဲ့ထွက်လာတဲ့ နှပ်ကဲ့သို့ အကျိအချွဲများက အသက်ရှုခြင်းကို ထိခိုက်စေနိုင်ပြီး OSA ရှိသူများညဘက်အိပ်စက်စဥ်မှာ အသက်ရှုလမ်းကြောင်းပိတ်ပြီး အသက်ရှူရပ်သွားတဲ့အထိဖြစ်နိုင်ပါတယ်။
ရေများများသောက်ပါ
ရေများများသောက်ခြင်းက လည်ပင်းမှာရှိတဲ့ လည်ပင်းအမြှေးပါးလေး (Membrane) တွေကို ရေဓာတ်ပြည့်ဝနေစေတဲ့အတွက် အိပ်စက်စဉ် အဲ့ဒီအမြှေးပါးလေးတွေကပ်ပြီး အသက်ရှူလမ်းကြောင်းပိတ်ဆို့သွားခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ ညအိပ်စက်ခါနီးရေသောက်ခြင်းက ညဘက် ဆီးခဏခဏသွားခြင်းကိုဖြစ်စေနိုင်တာကြောင့် အိပ်ချိန်နဲ့အလွန်နီးကပ်တဲ့အချိန်မှာ ရေများများသောက်ခြင်းကိုတော့ ရှောင်ကြဥ်သင့်ပါတယ်။
စိတ်ဖိစီးမှူနည်းပါးအောင်နေပါ
စိတ်ဖိစီးမှုကလည်း အိပ်ဟောက်ရှူပိတ်ရောဂါလက္ခဏာများကို ပိုမိုဆိုးရွားလာစေနိုင်တဲ့အတွက် တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်းနဲ့ အသက်ရှုခြင်းဆိုင်ရာလေ့ကျင့်ခန်းများကို လေ့ကျင့်ပေးပြီး စိတ်ဖိစီးမှုကိုထိန်းချုပ်သင့်ပါတယ်။
မိမိ၏ရောဂါအခြေအနေကိုသေချာစွာသိရှိရန် ဆရာဝန် နှင့် Healthcare Provider များကို မှန်မှန်တွေ့ပါ
မိမိ၏ဆရာဝန် ချိန်းဆိုသောရက်များကို မှန်မှန်သွားတွေ့ပြီး ဆွေးနွေးတိုင်ပင်ကာ ရောဂါအခြေအနေကို အနီးကပ်ကြည့်ရှုစောင့်ရှောက်ပြီး လိုအပ်သည်များ (ဥပမာ CPAP စက်ကို၏ Pressure) ကိုပြုပြင်မွမ်းမံဖို့ သတိရှိသင့်ပါတယ်။