နှလုံးခုန်မြန်ပြီးညဘက်လန့်နိုးလာတာက အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) နဲ့ ဆက်စပ်မှုရှိနေတာလား?

တကယ်လို့သင်က ညဘက်မှာ နှလုံးခုန်မြန်ပြီးလန့်နိုးလာတာ အကြိမ်အရေအတွက်များလာပြီဆိုရင်တော့ OSA ရှိမရှိကိုအချက်တစ်ချက်အနေနဲ့ ထည့်သွင်းစဥ်းစားဖို့ လိုအပ်လာပါပြီ။

နှလုံးနဲ့ဆိုင်တဲ့ရောဂါတစ်ခုခုရှိတဲ့သူတွေမှာ အိပ်‌ဟောက်ရှူပိတ်ရောဂါ (OSA) ကတွဲဖက်ဖြစ်နေတတ်တာကို လေ့လာချက်များအရတွေ့ရှိပါတယ်။ ဒါ့အပြင် OSA ရှိတဲ့သူတွေက နှလုံးခုန်မြန်ခြင်း (Arrhythmia) နဲ့ ရုတ်တရက်နှလုံးရပ်သေဆုံးခြင်း (Sudden Cardiac Death) တွေနဲ့ များစွာဆက်စပ်နေတာကိုလည်းတွေ့ရပါတယ်။

ဒါဟာဘာကြောင့်လဲဆိုတာကို တစ်ခွန်းတည်းအတိုချုပ်ပြောရရင် OSA ကြောင့်ဖြစ်တဲ့ ‌အသက်ရှုလမ်းကြောင်းအပေါ််ပိုင်းပိတ်ဆို့မှုက အိပ်နေစဥ် သွေးတွင်းအောက်ဆီဂျင် ကျဆင်းခြင်းနဲ့ အသက်ရှုကြပ်လို့ရုတ်တရက်နိုးထလာကာ လေကိုဇွတ်ရှူရှိုက်ခြင်းတို့ကြောင့် နှလုံးကိုဖိအား (Stress) ဖြစ်စေခြင်းကြောင့်ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်က နှလုံးရဲ့ အကြီးဆုံးအပိုင်းဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ကိုသွေးများတွန်းပို့ပေးဖို့ အရေးအပါဆုံးဖြစ်တဲ့ ဘယ်ဘက်အောက်ခန်း (Left Ventricular) ကို အများဆုံးသက်ရောက်ပါတယ်။ သွေးတွင်းအောက်ဆီဂျင်ကျတာ အကြိမ်ရေများလာတဲ့အခါ Sympathetic Activity များလာခြင်း၊ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါများယောင်ယမ်းခြင်း၊ နှလုံးသွေးကြောများ ‌ကျဥ်းလာကာပုံမှန်လုပ်ငန်းဆောင်တာများမလုပ်နိုင်တော့ခြင်း (Endothelial Dysfunction) စတဲ့လက္ခဏာတွေကိုတွေ့ရမှာဖြစ်ပါတယ်။

နှလုံးရောဂါနဲ့ ပတ်သတ်ပြီးလေ့လာချက်များအရ 65 နှစ်‌အောက် OSA ရောဂါရှိတဲ့သူတွေက Atrial Fibrillation လို့ခေါ်တဲ့နှလုံးခုန်စည်းချက်ကို ကမောက်ကမဖြစ်စေတဲ့ နှလုံးရောဂါတစ်မျိုး ဖြစ်နိုင်ချေမြင့်မားပါတယ်။

အိပ်နေစဥ် နှလုံးရပ်‌သေဆုံးနိုင်ချေဟာ နှလုံးရောဂါရော OSA ရောရှိတဲ့သူတွေမှာ နှလုံးရောဂါရှိပြီး OSA မရှိတဲ့ သူတွေနဲ့စာရင် ဖြစ်နိုင်ချေရာခိုင်နှုန်းပိုများတာကိုတွေ့ရှိရပါတယ်။

အိပ်ဟောက်ရှူပိတ်ရောဂါရှိတဲ့သူတွေက နှလုံးခုန်နှေးခြင်းရဲ့နောက်မှာရုတ်တရက်နှလုံးခုန်မြန်ခြင်း နဲ့တွဲဖြစ်တတ်ပါတယ်။ ဒီလိုမြန်လိုက်နှေးလိုက်ဖြစ်တဲ့ Pattern ကို CVHR (Cyclic Variation of Heart Rate) ဆိုတဲ့ Pattern နဲ့တွေ့ရလေ့ရှိပြီး အိပ်နေစဥ် Holter ECG လို့ခေါ်တဲ့ ECG နဲ့ရိုက်ကြည့်တဲ့အခါတွေ့ရတတ်ပါတယ်။

ဒါကြောင့် အကျဥ်းချုပ်အနေနဲ့ မိမိက အိပ်စက်ရာမှ နှလုံးခုန်မြန်ပြီး ရုတ်တရက်လန့်နိုးလာတတ်ရင် OSA ရှိတယ်လို့တပ်အပ်မပြောနိုင်ပေမဲ့ OSA ကိုအချက်တစ်ချက်အနေနဲ့ထည့်သွင်းစဥ်းစားသင့်တယ်ဆိုတဲ့ ကျန်းမာရေးအသိလေးတစ်ခု ကို Sharing လုပ်ပေးလိုက်ပါတယ်ရှင်။

REFERENCE: https://jtd.amegroups.org/article/view/26009/html , https://www.jstage.jst.go.jp/article/jhrs/27/Supplement/27_Supplement_EL3_2/_article/-char/ja/