ကလေးများတွင်အဖြစ်များသော နားပြည်တည်ခြင်း (Glue Ear) အကြောင်း

နားပြည်တည်ခြင်း (Glue Ear) ဘာကြောင့်ဖြစ်သလဲ?

ကျနော်တို့ နားအတွင်းရှိ အပိုင်းသုံးပိုင်းအထဲမှ အလယ်နား (Middle Ear) မှာ အနာရင်းခြင်းပျောက်ကင်းသွားသော်လည်းစေးကပ်သော အရည်များ ကျန်ခဲ့ပြီး ပိတ်မိနေတာကြောင့်ဖြစ်ပါတယ်။

နားပြည်တည်တာက ကလေးတွေသာမက လူကြီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ကုသမှု မပြုလုပ်ပါက ရေရှည်မှာ နားကျန်းမာရေးကို ထိခိုက်နိုင်တာကြောင့် လက္ခဏာတွေ သိသိချင်းကုသတာကတော့ အကောင်းဆုံး အဖြေတစ်ခုပဲဖြစ်ပါတယ်။ ကလေးတွေမှာဖြစ်တဲ့အခါ ကလေးတွေ အနေနဲ့ မိမိ ခံစားရတဲ့ ရောဂါဝေဒနာတွေကို မပြောပြနိုင်တဲ့အတွက် အုပ်ထိန်းသူများအနေဖြင့် မိမိကလေးငယ်တွေရဲ့ နားကျန်းမာရေးနှင့် ပတ်သက်ပြီး အထူးဂရုစိုက်ပေးသင့်ပါတယ်။

နားပြည်တည်ခြင်းဖြစ်ရင် အများဆုံးတွေ့ရတဲ့ လက္ခဏာတွေကတော့

  • နားကိုက်ခြင်း၊
  • Tinnitus (နားအတွင်းတဝီဝီခြင်း)၊
  • အကြားအာရုံခဏပျောက်ဆုံးခြင်း၊
  • စကားသံများကို ကောင်းစွာ မကြားခြင်း သို့မဟုတ် လုံးဝမကြားခြင်း၊
  • ဆူညံနေသောနေရာများတွင် ကောင်းစွာမကြားခြင်း၊
  • အာရုံစူးစိုက်မှု ခက်ခဲခြင်း၊
  • နားအနာရင်းနေခြင်းကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်နိုင်မှု မရှိခြင်း၊

ကုသခြင်း

များသောအားဖြင့် နားပြည်တည်ခြင်းက ၃လလောက်ထိ ကြာမြင့်ပြီးပါက ပျောက်လေ့ပျောက်ထရှိသော်လည်း အကယ်၍ မပျောက်ခဲ့ပါက ဆရာဝန်နှင့် တိုင်ပင်ပြီး လိုအပ်သော ကုသမှုများကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။

နားထဲ သေးငယ်သော ပြွန်ထည့်ပြီး စုပ်ထုတ်ခြင်း၊ Adenoids ဖယ်ရှားခြင်း စသောခွဲစိတ်မှု မပြုလုပ်ချင်သောသူများအနေဖြင့် နားကြားကိရိယာ (Hearing Aids) တပ်ခြင်း စတဲ့ ကျွမ်းကျင်ပညာရှင်များဖြင့် တိုင်ပင်ပြီး လက္ခဏာများ အတည်ပြုစစ်ဆေးပြီး ကုသသင့်ပါတယ်။

အုပ်ထိန်းသူများအနေနှင့် ကလေးများတွင် နားပြည်တည်နေပါက ကောင်းစွာမကြားနိုင်သောကြောင့် စကားကို မြန်မြန်မပြောပဲ ပုံမှန် အနေအထားဖြင့် မျက်နှာချင်းဆိုင်၍ ကြည်လင်ပြတ်သားသောအသံဖြင့် ပြောခြင်း၊ ပတ်ဝန်းကျင်ဆူညံသံကို အတတ်နိုင်ဆုံးလျှော့ချခြင်း၊ မိမိကလေးနှင့် စကားပြောလေ့ပြောထရှိသောသူများကို မိမိကလေး၏ နားပြည်တည်နေခြင်းဝေဒနာကို ခံစားနေရကြောင်းပြောပြခြင်းဖြင့် ကလေးရဲ့ စိတ်ရှုပ်ထွေးခြင်းနှင့် စိုးရိမ်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။

အအေးမိခြင်းကလည်း နားပြည်တည်နိုင်တာကြောင့် မိမိကလေး လတ်တလော ဖျားနာခဲ့ဖူးပါက နားပြည်တည်ခြင်း လက္ခဏာများဖြစ်တဲ့ နား နာ၊ မနာ နှင့် ကောင်းမွန်စွာ ကြားရ၊ မကြားရ စစ်ဆေးခြင်း တို့ကို ပြုလုပ်သင့်ပါတယ်။