အသက်ကြီးလာခြင်းက အိပ်စက်ခြင်းကိုဘယ်လိုသက်ရောက်မှု ရှိစေလဲ?

အသက်ကြီးလာခြင်းကလူတွေရဲ့အိပ်စက်ခြင်းအပေါ်ကို မတူညီတဲ့သက်ရောက်မှုတွေ ရှိစေပါတယ်။ တချို့လူကြီးသူမတွေမှာ အိပ်စက်ခြင်းက ဘာပြောင်းလဲမှုမှမရှိတာဖြစ်နိုင်ပြီး တချို့သူတွေမှာတော့ သိသာတဲ့ပြောင်းလဲမှုတွေရှိလာတာကို မိမိပတ်ဝန်းကျင်မှာလည်း တွေ့နိုင်ပါတယ်။

ဘာကြောင့် ဒီလို ပြောင်းလဲမှုတွေဖြစ်တာလဲ?

အသက်ကြီးလာခြင်း အိပ်စက်ခြင်းအပေါ်သက်ရောက်မှု ရှိနေခြင်းက ဦးနှောက်ထဲမှာရှိတဲ့ Hypothalamus ဆိုတဲ့အစိတ်အပိုင်းမှာရှိတဲ့ Suprachiasmatic Nucleus (SCN) လို့ခေါ်တဲ့အစိတ်အပိုင်းကြောင့်ပါ။ 

ဒီနေရာဟာ လူတစ်ယောက်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေရဲ့ စက်ဝန်း (Circadian Rhythm) ကို ထိန်းချုပ်ပေးတာဖြစ်ပြီး လူတစ်ယောက်ရဲ့ ဆာလောင်မှုအချိန်၊ ဟော်မုန်းထုတ်လုပ်မှု နဲ့ အိပ်ချင်စိတ်ဖြစ်ပေါ်မှု၊ နိုးကြားတက်ကြွနေမှု တို့ကိုအဆုံးအဖြတ်ပေးပါတယ်။ 

လူတွေမှာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ SCN ထဲက Cell တွေကလည်း တဖြည်းဖြည်းပျက်ဆီးလာပြီး ပုံမှန်လုပ်ဆောင်နေကြ လုပ်ငန်းဆောင်တာတွေနဲ့ ကွဲလွဲလာတာပါ။

Suprachiasmatic Nucleus (SCN) ကိုလှုံ့ဆော်လို့ရလား?

SCN ကိုလှုံ့ဆော်ပေးတဲ့ အချက်တွေထဲက တစ်ခုကတော့ နေရောင်နဲ့ထိတွေ့ခြင်း ပါ။

အသက်ကြီးတဲ့သူတွေဟာ နေရောင်နဲ့မထိတွေ့တဲ့အချိန်များလာတာအပြင် အချို့သော မလှုပ်ရှားနိုင်တဲ့လူကြီးတွေဟာ အိပ်ရာထဲမှာ တစ်နေကုန် လှဲနေရတဲ့အတွက် နေရောင်ခြည်မရတော့ပါဘူး။ ဒါတွေက အိပ်စက်ခြင်း အပေါ်မှာ သက်ရောက်မှု အများကြီးဖြစ်စေပါတယ်။ 

ဒါ့အပြင် Melatonin နဲ့ Cortisol ကဲ့သို့ ဟော်မုန်းထုတ်လုပ်မှု ပြောင်းလဲခြင်း ကလည်း အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်။

အတွေ့ရအများဆုံး အိပ်စက်ခြင်းဆိုင်ရာ ပြောင်းလဲမှုများ

၁။အိပ်စက်ချိန် ပြောင်းလဲလာခြင်း

အသက်ကြီးလာတဲ့အခါ နေ့စဉ်စက်ဝန်းက အရှေ့ကို တိုးလာပါတယ်။ ဆိုလိုတာက နေ့လည်နေ့ခင်းမှာ ပင်ပန်းပြီးအိပ်ငိုက်နေခြင်း နဲ့ မနက်ဆိုလည်း အစောကြီးနိုးနေခြင်းပါ။ ဒါက ပုံမှန် ကောင်းမွန်စွာ အိပ်စက်ခြင်းကိုပြောင်းလဲမှု ဖြစ်စေပြီး တစ်နေ့တာ လုပ်ဆောင်မှုကို ထိခိုက်စေပါတယ်။

၂။ညဘက်အိပ်နေစဉ်လန့်နိုးခြင်း

အသက်ကြီးတဲ့သူတွေက အိပ်စက်ခြင်းအဆင့်တွေထဲမှာ ပထမအဆင့်တွေဖြစ်တဲ့ Lighter Sleep မှာ အချိန်ပိုသုံးတတ်ကြပြီး နောက်အဆင့်တွေဖြစ်တဲ့ Deeper Sleep တွေမှာအချိန်နည်းနည်းပဲသုံးတတ်ကြပါတယ်။ ဒါကြောင့် လူကြီးတွေဟာ ညဘက်မှာ မကြာခဏလန့်နိုးခြင်းနဲ့ အချိန်အပိုင်းအပိုင်း နဲ့ နှစ်ခြိုက်စွာ အိပ်စက်မှုမရှိတာတွေကို ခံစားရစေတာပါ။

၃။နေ့လည်ဘက်တစ်ရေးတစ်မော အိပ်စက်ခြင်း

လူကြီးတွေဟာ လူငယ်တွေထက်စာရင် နေ့ခင်းဘက် တစ်ရေးတစ်မောအိပ်စက်ခြင်းကိုပြုလုပ်ကြတယ်လို့ စစ်တန်းကောက်ရပေမဲ့ ဒါကို တချို့ကလည်း အကျိုးရှိတယ်လို့ယူဆပြီးတချို့ကတော့ ညဘက်အိပ်စက်ရာမှာ အနှောင့်အယှက်ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

၄။အိပ်စက်ချိန်ပြောင်းလဲမှုအပေါ်လိုက်လျောညီထွေဖြစ်ရန်အချိန်ကြာကြာယူရခြင်း

ခန္ဓာကိုယ်မှဖြစ်စဉ်တွေပြောင်းလဲသွားတာနဲ့အမျှ လူကြီးတွေဟာ သူတို့အိပ်စက်ခြင်းပုံစံကိုပြန်ပြီး နေသားကျအောင် ဆောင်ရွက်ရာမှာ အခက်အခဲတွေရှိနိုင်ပါတယ်။

တွေ့ရအများဆုံး အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ

၁။ညဘက်မကြာခဏဆီးသွားခြင်း

Nocturia လို့ခေါ်တဲ့ ညဘက် ဆီးမကြာခဏ သွားခြင်းကို အသက်ကြီးတဲ့သူတွေမှာ တွေ့ရများပါတယ်။ ဒါက အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ဆီးလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ကိုယ်တွင်းအင်္ဂါတွေကပါ ဇီဝဖြစ်စဉ်အရပြောင်းလဲလာလို့ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ညဘက် ဆီးမကြာခဏ သွားခြင်းကို ၈၀% သော လူကြီးပိုင်းတွေမှာ တွေ့ရပါတယ်။ ညဘက်အိပ်စက်ချိန် ဆီးမကြာခဏသွားရခြင်းကြောင့် ကောင်းမွန်သော အိပ်စက်ခြင်းကိုတစ်မျိုးတစ်ဖုံ ထိခိုက်စေတာပါ။

၂။ညအိပ်မပျော်ခြင်း

ညအိပ်မပျော်ခြင်းက လူကြီးတွေမှာ တွေ့ရများတဲ့ ရောဂါတစ်ခုဖြစ်ပြီး အကြောင်းရင်းကတော့ တစ်ယောက်နဲ့တစ်ယောက်မတူတဲ့အပြင် အဖြေတိတိကျကျ ရှာမရတာများပါတယ်။ လုံးဝအိပ်မပျော်ဘူးဆိုရင်တော့ ဆရာဝန်နဲ့သေချာပြပြီး ကုသမှုခံယူရပါမယ်။

၃။နေ့လည်ဘက်တွင်အိပ်ငိုက်ခြင်း

နေ့လည်ဘက်တွင် အိပ်ငိုက်ခြင်သည် လူအများစုတွင် သာမန်ဖြစ်နိုင်ချေတစ်ခုဖြစ်နိုင်ခြေရှိသော်လည်း ၂၀ %သော လူကြီးများဟာ နေ့လည်ဘက်တွင်အလွန်အကြူး အိပ်ငိုက်ခြင်းပြဿနာကို ရင်ဆိုင်နေရပါတယ်။ ဒါက အသက်ကြီးလာခြင်းရဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုလို့ လူတွေက ထင်ကြပေမဲ့ အခြားသော ကျန်းမာရေးပြဿနာ တစ်ခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဥပမာအားဖြင့် အိပ်ဟောက်ရှူပိတ်ရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများနဲ့  မှတ်ဉာဏ်ချို့ယွင်းမှုရောဂါများနဲ့ ဆက်စပ်မှု ရှိနေနိုင်ပါတယ်။

၄။အိပ်ဟောက်ရှူပိတ်ရောဂါ (Obstructive Sleep Apnoea – OSA)

OSA ရောဂါဟာ အိပ်စက်နေစဉ် အကြောင်းတစ်စုံတစ်ရာကြောင့် အသက်ရှူလမ်းကြောင်းတွေပိတ်ဆို့သွားပြီး အသက်မရှူနိုင်တော့တဲ့အတွက် သွေးတွင်း Oxygen တွေနည်းသွားတဲ့ရောဂါပါ။ အသက်ရှုစက်မတပ်ပဲ မကုသပဲနေရင် ရောဂါပိုဆိုးလာတဲ့အခါ အသက်သေဆုံးသည်အထိဖြစ်နိုင်တဲ့ ရောဂါဖြစ်ပြီး ဒီရောဂါဟာ အသက်ရှူကြပ်ပြီး ရုတ်တရက် လန့်နိုးလာတတ်တဲ့အတွက် ကောင်းမွန်တဲ့အိပ်စက်ခြင်းကို များစွာ ထိခိုက်စေပါတယ်။

၅။ညဘက်အိပ်စက်စဉ် ခြေထောက်လှုပ်ခြင်း (Restlessness Leg Syndrome)

ဒီရောဂါဟာ အသက်ကြီးတဲ့သူတွေရဲ့ ၂၀ %လောက်မှာ ဖြစ်လေ့ရှိပြီး Periodic Leg Movement of Sleep – PLMS လို့ခေါ်တဲ့ အိပ်စက်စဉ် ခြေထောက်လှုပ်ခြင်းကတော့ အဖြစ်များဆုံးဖြစ်ပါတယ်။ ဒါကလည်း ကောင်းမွန်တဲ့အိပ်စက်ခြင်းကို တစ်မျိုးတစ်ဖုံ ထိခိုက်စေပါတယ်။

၆။အိပ်နေစဉ်ဘီလူးစီးခြင်း (REM Sleep Behavior Disorder)

လူတွေဟာ အိပ်စက်စဉ် အိပ်မက်မက်နေချိန်မှာ ငြိမ်သက်နေကြပေမဲ့ REM Sleep Behaviour Disorder ရှိတဲ့သူတွေကတော့ အိမ်မက်ယောင်သကဲ့သို့ လှုပ်ရှားတတ်ကြပြီး ရံဖန်ရံခါပြင်းပြင်းထန်ထန် လှုပ်ရှားတတ်ကြပါတယ်။ ဒါကလည်း ကောင်းမွန်တဲ့ အိပ်စက်ခြင်းကိုထိခိုက်စေပြီး အိပ်ရမှာ ကြောက်သွားတဲ့အထိ ဖြစ်တတ်ပါတယ်။

ကောင်းမွန်သော အိပ်စက်ခြင်းအတွက် အကြံကောင်းများ

၁။ လေ့ကျင့်ခန်း

၂။ အိပ်ခန်းအတွင်းရှိ အနှောင့်အယှက်ဖြစ်စေမည့်အရာများကိုဖယ်ရှားပြီး ငြိမ်သက်စွာထားခြင်း

၃။ ညမအိပ်မီအစားရှောင်ခြင်း (ဥပမာ ကော်ဖီ၊ လက်ဖက်ရည်)

၄။ ပုံမှန်အိပ်ရာဝင်ချိန်ထားခြင်း

၅။ အိပ်ရာဝင်ခါနီး ပုံမှန် လုပ်လေ့ရှိသော အရာတစ်ခု လေ့ကျင့်ခြင်း (ဥပမာ ရေချိုးခြင်း)