ကလေးငယ်များတွင် အိပ်ဟောက်ရှူပိတ်ရောဂါ ဖြစ်နိုင်ပါသလား❓

အိပ်ဟောက်ရှူပိတ်ရောဂါသည် လူကြီးတွင်သာမက ကလေးများတွင်လည်း ဖြစ်နိုင်သောရောဂါ တစ်ခုဖြစ်သည်။ အိပ်ပျော်နေစဉ် အသက်ရှူရန်ခက်ခဲခြင်းမှာ အသက်ရှူလမ်းကြောင်းအပေါ်ဘက်ပိုင်းတွင် ရှူသွင်းရန် အဟန့်အတား ဖြစ်နေခြင်းကြောင့်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ကလေးငယ်များ၏ (၃)ရာခိုင်နှုန်းတွင် ဖြစ်ပွားလျက်ရှိနေသည်။

ဘာကြောင့်ကလေးငယ်များတွင် အိပ်ဟောက်ရှူပိတ်ရောဂါ ဖြစ်နိုင်တာလဲ❓

အဓိကအဖြစ်များဆုံး အကြောင်းရင်းများမှာ
(၁) လည်မျိုနောက်၌ tonsil ဟုခေါ်သော အကြိတ်ယောင်ခြင်း၊ ကြီးခြင်း၊ ပိတ်ခြင်း၊
(၂) နှာခေါင်း နောက်ဘက်ရှိ adenoid ဟု​ခေါ်သော အကြိတ်ယောင်ခြင်း၊ ကြီးခြင်း၊ ပိတ်ခြင်း၊
(၃) နှာခေါင်း အတွင်းဘက်ရှိ turbinates များ ယောင်ခြင်း၊ ကြီးခြင်း၊ ပိတ်ခြင်း စသည့် အချက်များကြောင့် ဖြစ်သည်။

သို့သော် တခြားဖြစ်နိုင်သော အကြောင်းအရင်းများလည်းရှိသေးသည်။

(၁) သင်၏ကလေးငယ်မှာ အဝလွန်နေခြင်း၊
(၂) အချိန်ကြာမြင့်စွာ Allergy ရောဂါ မကုသခြင်း၊
(၃) Down Syndrome ရှိခြင်း၊
(၄) မေးရိုးတည်ဆောက်ပုံသေးခြင်း၊ မူမမှန်ခြင်း စသည်များကြောင့်လည်း ဖြစ်နိုင်ခြေရှိသည်။

ကလေးငယ်များတွင် ဘယ်လိုလက္ခဏာတွေ တွေ့ရမလဲ❓

(၁) အိပ်နေချိန်အတွင်း ကျယ်လောင်စွာဟောက်ခြင်း၊ အသက်ရှူရန် ခက်ခဲနေသည့်ပုံစံဖြစ်ခြင်း ၊ ခေတ္တအသက်ရှူရပ်သွားခြင်း၊ သီးခြင်း၊
(၂) အိပ်နေစဉ် ဂနာမငြိမ်ဖြစ်နေခြင်း၊ ချွေးပြန်နေခြင်း၊
(၃) နှာခေါင်းဖြင့် အသက်မရှူသွင်းဘဲ ပါးစပ်ဖြင့်ရှူနေခြင်း၊
(၄) သာမန်အိပ်စက်ပုံအနေအထားဖြင့် မအိပ်ဘဲ ထိုင်လျက် သို့မဟုတ် မူမမှန်သော ပုံစံဖြင့်အိပ်စက်ခြင်း ၊
(၅) မနက်နိုးလာလျှင် မလန်းမဆန်းဖြစ်နေခြင်း၊
(၆) အစားစာချင်စိတ်မရှိခြင်း၊ အစားမျိုချရန် ခက်ခဲခြင်း၊

အထက်ပါ လက္ခဏာများ သင်၏ ကလေးငယ်တွင် တွေ့ရှိပါက မိဘများအနေဖြင့် မပေါ့ဆသင့်ဘဲ ကျွမ်းကျင်ပညာရှင်ဆရာဝန်များနှင့်တိုင်ပင်ပြီး စစ်ဆေးကုသမှုခံယူသင့် ပါသည်။

မကုသပဲ ပေါ့ဆမိလျှင် ဘာဆိုးကျိုးတွေရနိုင်မလဲ❓

သာမန်ကလေးငယ်များနှင့်မတူဘဲ သင်၏ကလေးငယ်မှာ ပညာသင်ရန်ခက်ခဲခြင်း၊ အာရုံစူးစိုက်နိုင်စွမ်းရည် ကျဆင်းခြင်း၊ အပြုအမူပိုင်းဆိုင်ရာသင်ယူမှု အားနည်းခြင်း စသဖြင့် ဖွံ့ဖြိုးမှု နိမ့်ဆင်းနိုင်ပါသည်။ ဒါ‌‌‌ကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်ပြီး ဖြစ်လာခဲ့လျှင်လည်း ‌‌စောစီးစွာ ကုသမှုခံယူရန် အကြံပြုအပ်ပါသည်။