အပူဒဏ်ကြောင့်ဖြစ်နိုင်သော အန္တရာယ်များ

ရာသီဥတုပူပြင်းလာတဲ့အခါ ပုံမှန်အားဖြင့် ကိုယ်ခန္ဓာက ချွေးထွက်အောင်လုပ်ပြီး အပူချိန်ကို လျှော့ချဖို့ ကြိုးစားပါတယ်။ သို့ပေမယ့် အရမ်းပူလာတဲ့အခါမှာတော့ အပူချိန်ကိုထိန်းဖို့ ခက်ခဲလာပါတယ်။ အထူးသဖြင့်အသက်အရွယ်အားဖြင့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိနိုင်စွမ်းနည်းပါးတဲ့ ကလေးငယ်တွေ၊ အသက်ကြီးသူတွေနှင့် နေပူထဲမှာ အလုပ်လုပ်ရသူများ၊ လေ့ကျင့်ခန်းအလွန်အကျွံလုပ်လေ့ရှိသူတွေမှာလည်း အဖြစ်များပါတယ်။

ရာသီဥတုအပူလွန်ကဲလာတဲ့အခါ အဖြစ်များကြတဲ့ ပြဿနာတွေကတော့

  • Heat Cramps (အပူဒဏ်ကြောင့် ကြွက်သားများနာခြင်း)
  • Heat Exhaustion (အပူဒဏ်ကြောင့် မောပန်းနွမ်းနယ်ခြင်း)
  • Heat Stroke (အပူဒဏ်လွန်ကဲ၍ သတိလစ်ခြင်း)

Heat Cramps (အပူဒဏ်ကြောင့် ကြွက်သားများနာခြင်း)

အပူဒဏ်ကြောင့် ချွေးထွက်များပြီး ရေနဲ့ သတ္တုဓာတ်တွေ စတင်နည်းပါးလာတာကြောင့် ဖြစ်ပါတယ်။
ကိုယ်အပူချိန်တွေတက်လာပြီး ကြွက်သားနာ၊ ကြွက်တက်တာမျိုးတွေဖြစ်လာမှာပါ။ များသောအားဖြင့် ခြေထောက်နဲ့ ဝမ်းဗိုက်ကြွက်သားတွေမှာဖြစ်တတ်ပါတယ်။ အလွယ်ကူဆုံးဖြေရှင်းနည်းကတော့ အရိပ်ရတဲ့နေရာမှာ ခဏနားနေပြီး ဓာတ်ဆားရည်ဖျော်သောက်လိုက်တာပဲဖြစ်ပါတယ်။

Heat Exhaustion (အပူဒဏ်ကြောင့် မောပန်းနွမ်းနယ်ခြင်း)

နေပူကြီးထဲမှာ နေရတာ၊ အလုပ်လုပ်ရတာမျိုးကနေ ကြာလာရင် ချွေးထွက်အရမ်းလွန်လာပြီး heat exhaustion ရပါတယ်။ ရေဓာတ်ဆုံးရှုံးမှု အရမ်းဆိုးလာပြီးနောက် ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲမှုအရ ခေါင်းကိုက်၊ မူးဝေ၊ အော့အန်၊ အသက်ရှုမြန်၊ စိတ်ရှုပ်ထွေးတာတွေဖြစ်လာတတ်ပါတယ်။
ရှေးဦးသူနာပြုစုနည်းအနေနဲ့ လူနာကို အရိပ်ရပြီးအေးတဲ့နေရာမှာထားပြီး ခြေထောက်ကိုအပေါ်ထောင်ထားကာ ထူထဲနေတဲ့ အဝတ်များကိုချွတ်၊ လိုအပ်သလို ရေပတ်တိုက်တာမျိုး၊ ဓာတ်ဆား‌ဖျော်သောက်စေခြင်းဖြင့် ဆုံးရှုံးသွားသော ရေနှင့် ဆားဓာတ်များ ပြန်လည်ဖြည့်တင်းပေးရမှာဖြစ်ပါတယ်။ လိုအပ်ပါက ဆေးရုံဆေးခန်းကိုခေါ်သွားရမှာဖြစ်ပါတယ်။

Heat Stroke (အပူဒဏ်လွန်ကဲ၍ သတိလစ်ခြင်း)

သူက အသက်အန္တရာယ်အများဆုံးနဲ့ အရေးပေါ်ဌာနကို အသွားသင့်ဆုံးအခြေအနေဖြစ်ပါတယ်။
Heat stroke ဖြစ်ပြီဆို ခန္ဓာကိုယ်အပူချိန်ဟာ အနည်းဆုံး 104°F /40°C အထိရောက်ရှိနေမှာဖြစ်ပါတယ်။ ရေဓာတ်အလွန်အမင်းဆုံးရှုံးသွားတဲ့အခါ ချွေးမထွက်တော့ပဲ နီမြန်းပြီးခြောက်သွေ့နေမှာပါ။ အသားကို ကိုင်ကြည့်လိုက်လျှင် အရမ်းပူနေပြီး အသက်ရှူမြန်၊ မောလာပြီး သတိလစ်တာမျိုးအထိဖြစ်နိုင်ပါတယ်။
ဒီအချိန်မှာတော့ ခန္ဓာကိုယ် ကို မြန်မြန်အေးအောင်လုပ်နိုင်ဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။ မလုပ်နိုင်ဘူးဆိုပါက အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်နှင့် တခြားအရေးကြီးကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပြီး အသက်ဆုံးရှူံးနိုင်တဲ့အထိဖြစ်နိုင်ပါတယ်။

ခန္ဓာကိုယ်အပူချိန်ကိုဘယ်လိုလျှော့ချမလဲ

ခန္ဓာကိုယ်ကို မြန်မြန်အေးအောင်လုပ်နိုင်ဖို့

  • အရင်ဆုံးအရိပ်အာဝါသကောင်းပြီး အေးတဲ့နေရာကို ရွှေ့ဖို့လိုပါတယ်။
  • ရေဓာတ်ဆုံးရှုံးမှု ပိုမဆိုးအောင် ရေ နဲ့ ဓာတ်ဆား တို့ များများသောက်သုံးသင့်ပြီး အရည်ရွှမ်းတဲ့ အသီးအနှံတွေ စားပေးသင့်ပါတယ်။
  • အဝတ်ထူထူတွေ ကို ချွတ်ပစ်ရပါမယ်။
  • အပူချိန်ကျအောင် ရေပတ်တိုက်၊ ရေချိုးပေးရပါမယ်။

ဘယ်လိုကာကွယ်ရမလဲ

ဘယ်လိုကာကွယ်သင့်လဲဆိုတော့

  • တတ်နိုင်သမျှနေပူထဲကိုမထွက်ပဲ နေရိပ်ထဲမှာပဲနေပါ။
  • မဖြစ်မနေထွက်ရမယ်ဆိုရင် ပေါ့ပေါ့ပါးပါး အရောင်ဖျော့ဖျော့အဝတ်အစား၊ လက်ရှည်ဝတ်၊ ထီး၊ ဦးထုပ်ဆောင်း၊ sunscreen လိမ်းပြီးမှ အပြင်ထွက်ပါ။
  • အနက်ရောင်လို အပူစုပ်ယူမှုအားကောင်းတဲ့ အရောင်ရင့်ရင့်တွေ မဝတ်သင့်ပါဘူး။
  • ရေများများသောက်ပါ၊ ဓာတ်ဆားရည်ဆောင်ထားပါ။
  • Dehydration ပိုဆိုးစေတဲ့ alcohol၊ နဲ့ coffee သောက်သုံးခြင်းများ ရှောင်ကြည်ပါ။