Apnea-Hypopnea Index (AHI)

AHI ဆိုတာ ဘာလဲ?

အိပ်ဟောက်ရှူပိတ်စက် အသုံးပြုနေရတဲ့သူတွေအတွက်ကတော့ AHI ဆိုတာရင်းနှီးပြီးသား အသုံးအနှုန်းဖြစ်မှာပါ။ Sleep Study Test လုပ်ပြီး ရလာတဲ့ AHI အညွှန်းကိန်းနဲ့ ရောဂါအဆင့်ကို သတ်မှတ်လို့ ရပါတယ်။ အိပ်ပျော်နေစဉ် တစ်နာရီအတွင်းအသက်ရှူလုံးဝရပ်သော (Apnea) အကြိမ်ရေ နှင့် အသက်ရှူနှုန်းကျသွား သော (Hypopnea) အကြိမ်အရေအတွက်ကို ပျမ်းမျှတွက်ချက်ပေးခြင်းဖြစ်ပါတယ်။

AHI ရလဒ်နှင့် ရောဂါအဆင့်သတ်မှတ်ပုံ

AHIRating
<5Normal (No Sleep Apnea)
5 – 14.9Mild Sleep Apnea
15 – 29.9Moderate Sleep Apnea
≥30 Severe Sleep Apnea

AHI ပမာဏ ၅ အောက်ဆို ရောဂါမရှိပါ။
AHI ၅ ကနေ ၁၄.၉ ဆိုရောဂါအပျော့စား၊ AHI ၁၅ ကနေ ၂၉.၉ ဆိုအလတ်စား၊ AHI ၃၀ နှင့် အထက်ဆို ရောဂါအပြင်းစား လို့ သတ်မှတ်ပါတယ်။

AHI ပမာဏကိုဘယ်လိုလျှော့ချမလဲ?

CPAP တပ်အိပ်ရုံနဲ့တော့ အိပ်ဟောက်ရှူပိတ် ရောဂါက လုံးဝပျောက်သွားမှာမဟုတ်ပါဘူး။ CPAP တပ်နေရင်းတောင် တစ်ခါတစ်လေ AHI တက်နေတာကို တွေ့ရမှာပါ။ ဒီတော့ AHI ကိုလျှော့ချဖို့ CPAP တပ်တာအပြင် တခြားဘာတွေလုပ်လို့ရသေးလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

(၁) အိပ်တဲ့ပုံစံကိုပြောင်းကြည့်ပါ။

ကျနော်တို့ ပက်လက်အနေအထားနဲ့အိပ်တဲ့အခါ အသက်ရှူလမ်းကြောင်းပိတ်နိုင်ချေပိုများပြီး AHI ပမာဏပိုမြင့်တက်နေတာကိုတွေ့နိုင်ပါတယ်။ ဒါကြောင့် အိပ်တဲ့အခါမှာ ဘေးဘက်ကိုစောင်းအိပ်ကြည့်ပါ။

(၂) အိပ်ရာမဝင်ခင် နာရီပိုင်းအတွင်း အရက်သောက်သုံးခြင်းရှောင်ပါ။

အရက်သောက်ခြင်းက လေပြွန်မှာရှိတဲ့ ကြွက်သားတွေ ပြေလျော့သွားပြီး အသက်ရှူလမ်းကြောင်းပိတ်တာမျိုး ဖြစ်စေနိုင်တဲ့အတွက် ဖြစ်နိုင်ရင် အရက်ကိုလုံးဝဖြတ်သင့်ပါတယ်။

(၃) CPAP Mask/ Mask cushion နှင့် သိုင်းကြိုး (Headgear) များကို အသစ်လဲပေးပါ။

CPAP Mask တစ်ခုတည်းကိုပဲ တပ်တာ ကြာလာရင် Mask ရဲ့ ဘေးဘောင်တွေ လျော့ရဲလာတာ ကွေးသွားတာ ပုံစံမမှန်တော့တာ၊ Mask မှာရှိတဲ့ Cushion ပေါက်ပြဲသွားတာ၊ ခေါင်းသိုင်းကြိုး (Headgear) တွေ လျော့ရဲလာတာကြောင့် Mask လေမလုံတာမျိုးဖြစ်ပြီး AHI ပမာဏတက်နေတာမျိုးဖြစ်တတ်ပါတယ်။ အဲ့အခါမှာ အသက်ရှူစက်တပ်အိပ်လျက်နဲ့ ထိရောက်တဲ့ ကုသမှုမရနိုင်တော့ပါဘူး။ ဒါကြောင့် CPAP Mask ကို ၃လတစ်ခါ၊ Mask cushion တွေကို ၂ပတ် သို့မဟုတ် ၄ ပတ်ခြားတစ်ခါ၊ ခေါင်းသိုင်းကြိုး (Headgear) ကို ၆လတစ်ခါ ပုံမှန် အသစ်လဲပေးရပါမယ်။

(၄) အိပ်နေစဥ် ပါးစပ်မှအသက်ရှူခြင်း မဖြစ်အောင်ဂရုစိုက်ပါ။

CPAP တပ်အိပ်လျက်နဲ့ AHI မကျတဲ့ နောက်ထပ်အကြောင်းရင်းကတော့ အိပ်နေစဥ် ပါးစပ်ဖွင့်အသက်ရှူလို့ပဲဖြစ်ပါတယ်။ အသက်ရှူစက်တပ်ရတဲ့သူအချို့မှာဆိုရင် နှာခေါင်းကနေအသက်ရှူရခက်ခဲတာကြောင့် ပါးစပ်ဖွင့်အသက်ရှူလေ့ရှိကြတယ်။ အချိန်ကြာလာတာနဲ့အမျှ ပါးစပ်ခြောက်သွေ့ခြင်း၊ ဟောက်ခြင်း၊ အသက်ရှူလမ်းကြောင်းပိတ်ခြင်းတွေ ပိုဆိုးလာစေပါတယ်။
ပါးစပ်ဖွင့်အသက်ရှူခြင်းကိုကာကွယ်ဖို့အတွက်ဆိုရင် မေးသိုင်းကြိုး (Chin Strip) တပ်ခြင်း၊ နှားခေါင်းနှင့်ပါးစပ်လုံတဲ့ Full Face Mask ပြောင်းလဲအသုံးပြုခြင်းများ လုပ်လို့ရပါတယ်။

(၅) လေဖိအားပြန်ချိန်ခြင်း (ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ)

CPAP တပ်ရတဲ့သူတွေက လေဖိအားတစ်မျိုးတည်းနဲ့ပဲ တစ်သမတ်တည်း ဖြစ်နေတာမျိုးမရှိပါဘူး။ မိမိရဲ့ AHI ပမာဏ က ပုံမှန်ထက် သိသိသာသာ မြင့်တက်လာတယ်ဆိုရင်တော့ ဆရာဝန်ပြန်သွားပြပြီး လိုအပ်ပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း လေဖိအားပြန်ချိန်ရမှာဖြစ်ပါတယ်။