အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) ရှိတာနဲ့ CPAP အမြဲတပ်ရတော့မှာလား?

OSA ရှိတဲ့ လူနာတွေ CPAP စတပ်ရတော့မယ်ဆိုရင် အများဆုံး‌ မေးလေ့ရှိတဲ့ မေးခွန်း‌တစ်ခုဖြစ်တဲ့ “CPAP စက်ကို တစ်သက်လုံးတပ်ရတော့မှာလား?” ဆိုတဲ့နဲ့ ပတ်သက်ပြီး အနည်းငယ်ရှင်းပြပေးချင်ပါတယ်။ OSA ‌ရောဂါဆိုတာ အသက်ရှူလမ်းကြောင်းမှာ ပိတ်နေလို့ အသက်ရှူနှေးသွားခြင်း၊ ရပ်သွားခြင်းဖြစ်ပါတယ်။ အဝလွန်တဲ့သူတွေ၊ အာသီးပုံမမှန်သူတွေ၊ လျှာထူလွန်းသူတွေမှာ အိပ်နေစဥ် အသက်ရှူလမ်းကြောင်းပိတ်သွားပြီး OSA ဖြစ်တတ်ပါတယ်။

OSA အကြောင်းအသေးစိတ်ကို ဤလင့်တွင်ဖတ်ရှူနိုင်ပါတယ်။

ခွဲစိတ်ကုသမှုခံယူရင်‌ရော OSA ပျောက်နိုင်သလား?

အသက်ရှူလမ်း‌‌ကြောင်းပိတ်စေတဲ့ အ‌‌‌‌‌ကြောင်းအရင်းတစ်ချို့ကို ခွဲစိတ်ကုသမှုခံယူလို့ ရပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးပါက OSA 100% မရှိတော့ဘူးလို့တော့ အာမ မခံကြပါဘူး။ ခွဲစိတ်ကုသမှုရဲ့ Success Rate က 78% လောက်ထိရှိနိုင်ပြီး အချို့လူတွေအနေနဲ့ ခွဲစိတ်ကုသမှုခံယူပြီး တစ်နှစ်အကြာလောက်မှာ OSA ပြန်ဖြစ်တာမျိုးကြောင့် CPAP ပြန်တပ်ရတာမျိုးတွေ ရှိတယ်လို့ စာတမ်းတွေမှာ တွေ့ရပါတယ်။

ဒါပေမဲ့ Weight ချလိုက်လို့ စက်လွတ်သွားတဲ့သူတွေလည်း ရှိတာကြောင့် မိမိက Weight ကြောင့်စက်တပ်နေရတဲ့သူဆိုရင် Weight ကို ကြိုးစားပြီး လျှော့သင့်ပါတယ်။ ပြီးမှ မိမိ ဆရာဝန်နဲ့ပြန်လည်တိုင်ပင်ပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်းဆက်လက်လုပ်ဆောင်ရပါမယ်။

CPAP စက်တပ်ရတာကို စိတ်ညစ်စရာအနေနဲ့ မတွေးပါနဲ့။

CPAP စက် မတပ်ချင်ဘူးဆိုပြီး စက်မတပ်ဘဲ အိပ်တာက အဖြေမဟုတ်ပါဘူး။ ကိုယ့်အနေနဲ့ ဘယ်လို အခက်အခဲကြောင့် CPAP စက်တပ်ရခြင်းက စိတ်အ‌နှောင့်အယှက်ဖြစ်စေရတာလဲ ဆိုတာကို အရင်ဆုံး အဖြေရှာကြည့်ပါ။ ဥပမာ CPAP Mask ကြောင့်ဆိုရင် Mask အမျိုးအစားတွေအများကြီးရှိပါတယ်။ ကိုယ်နဲ့သင့်တော်ပြီး သက်တောင့်သက်သာရှိစေမယ့် Mask ကို ရွေးချယ်ပါ။ CPAP တပ်အိပ်ရခြင်းကို စိတ်ရှုပ်စရာတစ်ခုအနေနဲ့ မတွေးဘဲ မိမိကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပေးနိုင်တဲ့အရာလို့ သတ်မှတ်ခြင်းကလည်း သင့်ကို CPAP နဲ့နေသားကျစေလာမှာပါ။

CPAP စက်မတပ်ရင်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ဤလင့်မှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

CPAP အသုံးပြုသူတွေအနေနဲ့ သိထားသင့်တဲ့ ပြဿနာ‌တွေနဲ့ ဖြေရှင်းနည်းတွေကို ဤလင့်တွင်ဖတ်ရှုနိုင်ပါတယ်။