Oxygen Concentrator တွေကို ကျနော်တို့ ကိုဗစ်ရောဂါ အဖြစ်များတဲ့ ကာလမှာ အိမ်တိုင်းလိုလို ဆောင်ထား၊ ဝယ်ထားကြတာကြောင့် ကြားဖူးနေကျဖြစ်မှာပါ။ တကယ့်လက်တွေ့မှာတော့ Oxygen Concentrator တွေက ကိုဗစ်ရောဂါအတွက်သာမက အခြားသော အသက်ရှူလမ်းကြောင်းနှင့် ဆိုင်သော ရောဂါရှိသူတွေအတွက်ပါ အသုံးဝင်ပါတယ်။
ကျနော်တို့ နေ့စဥ်ရှူနေတဲ့ လေထဲမှာ အောက်ဆီဂျင် ၂၀ ရာခိုင်နှုန်း လောက်သာပါဝင်ပြီး ဒီပမာဏက ပုံမှန်ကျန်းမာတဲ့ လူတစ်ယောက်အတွက် ဆဲလ်တွေလုပ်ငန်းလုပ်ဆောင်မှုနှင့် ဇီဝကမ္မဖြစ်စဥ် မှန်ကန်နေစေဖို့ လုံလောက်ပါတယ်။
Oxygen Concentrator ကို Covid တစ်ခုတည်းမှာ အသုံးပြုနိုင်တာမျိုးမဟုတ်ပါဘူး။ လူနာမှာ အခြားသော သွေးတွင်း အောက်ဆီဂျင် ပမာဏကျနိုင်တဲ့ အခြေအနေမျိုးရှိနေရင်လည်း လိုအပ်တဲ့ အောက်ဆီဂျင်ပမာဏရရှိဖို့ ကုသရာမှာ အသုံးပြုနိုင်ပါသေးတယ်။ ဥပမာအားဖြင့် အခြားသော အသက်ရှူလမ်းကြောင်းနှင့် ဆိုင်သော ရောဂါများဖြစ်သည့် ပန်းနာရင်ကျပ်ရောဂါ၊ လေပြွန်ရောင်ရောဂါ၊ အဆုတ်ကင်ဆာ၊ အထက်ပါရောဂါအခံတစ်ခုခုနှင့် အိပ်နေစဥ်အသက်ရှူ ရပ်သည့် ရောဂါတွဲဖြစ်သူများ၊ နှလုံးရောဂါနှင့် အခြားသော အသက်ရှူလမ်းကြောင်းနှင့်ဆိုင်သော နာတာရှည်ရောဂါများတွင် သွေးတွင်းအောက်ဆီဂျင် ပမာဏပေါ် မူတည်ပြီး ဆရာဝန်ညွှန်ကြားချက်ဖြင့် အသုံးပြုကြပါတယ်။
Oxygen Concentrator က လေထုထဲကလေကို ယူပြီး စက်အတွင်းမှာ အောက်ဆီဂျင်ပမာဏကို မြှင့်တင်ပေးပြီး လူနာဆီကို အောက်ဆီဂျင်ပမာဏမြင့်မားစွာ ပါဝင်တဲ့လေကို ပြန်လည်ပို့ဆောင်ပေးတဲ့စက်ဖြစ်ပါတယ်။ ဒါကြောင့် မိမိတွင် ရှိပြီးသား ရောဂါအခံကြောင့်ဖြစ်တဲ့ သွေးတွင်းအောက်ဆီဂျင်လျော့နည်းခြင်းကို တားဆီးပေးတဲ့ သဘောမျိုးဖြစ်ပြီး ရောဂါ လုံးဝ ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ စက်မျိုးမဟုတ်ပါဘူး။
သာမန်လူတစ်ယောက်က ပုံမှန်ရှိသင့်တဲ့ ပမာဏထက် အောက်ဆီဂျင် လျော့နည်းတာမျိုးဖြစ်စေ၊ လိုတာထက် ပိုသွားတဲ့ အခြေအနေမျိုးဖြစ်စေ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် Oxygen Concentrator တွေကို မိမိသဘောနှင့် အသုံးမပြုဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နှင့် တိုင်ပင်ပြီး ညွှန်ကြားချက် ရရှိမှသာ အသုံးပြုသင့်ပါတယ်။ Oxygen Concentrator တွေကို အသုံးပြုတဲ့အခါမှာ အနီးအနားမှာ မီးလောင်လွယ်နိုင်တဲ့ အရာများ၊ ဆံပင်လေမှုတ်စက်၊ Vaseline ကဲ့သို့ petroleum jelly ပါဝင်သော oil-based products များနှင့် နီးကပ်စွာထားခြင်း၊ စက်အနီး ဆေးလိပ်သောက်ခြင်း၊ မီးညှိခြင်း များ ပြုလုပ်ခြင်းကို လုံးဝရှောင်ကြဥ်သင့်ပါတယ်။