အကြားအာရုံပိုမိုကောင်းမွန်စေသော အလေ့အကျင့်များ

ကျနော်တို့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်တဲ့အခါ အာရုံခြောက်ပါးကို အသုံးပြုနေကြတာဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင်တော့ အာရုံခြောက်ပါး ထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ အကြားအာရုံ ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်တဲ့အချက်တွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

အောက်ဖော်ပြပါနည်းလမ်းတွေကို အကြားအာရုံထိခိုက်ထားသူသာမက သာမာန်လူတွေပါ လိုက်နာမယ်ဆိုရင်တော့ လူနေမှုဘဝ ပိုမိုအဆင်ပြေလာမှာပဲဖြစ်ပါတယ်။

၁။ တရားထိုင်ခြင်း

တရားထိုင်ခြင်းက စိတ်ရဲ့အေးချမ်းမှုကို ဖြစ်စေရုံသာမက ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်အား ကောင်းစေတာကြောင့် အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်စေပြီး နားမှကြားရသောအသံများကို ဦးနှောက်မှ ခွဲခြမ်းစိတ်ဖြာတဲ့စွမ်းရည်ကို တိုးတက်စေတာ‌ကြောင့် အကြားအာရုံ ကောင်းမွန်မှုအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

၂။ ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်ခြင်းနှင့် ဆေးလိပ်ငွေ့ရှူခြင်းကြောင့် အကြားအာရုံ ကျဆင်းမှုက တိုက်ရိုက်ဆက်စပ်မှုရှိပါတယ်။ ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်း (Nicotine) က အသက်ရှူလမ်းကြောင်းကို ထိခိုက်စေရုံသာမက အတွင်းနားမှာရှိတဲ့ အကြားအာရုံခံ ဆဲလ်လေးတွေဆီကို သွေးလည်ပတ်မှုမှာ အနှောင့်အယှက်ဖြစ်စေတာကြောင့် ဆေးလိပ်သောက်သုံးခြင်းကို ရပ်သင့်ပါတယ်။

၃။ ယောဂကျင့်ခြင်း

အကြားအာရုံ ချို့ယွင်းသူတွေရဲ့ ပြောပြချက်အရ ယောဂပုံမှန်ကျင့်ခြင်းကလည်း အထောက်အကူပြုတယ်လို့ ပြောကြပါတယ်။ Downward Dog ကစားနည်းက ဦးနှောက်ကို အောက်ဆီဂျင်ပို့ဆောင်မှု လျင်မြန်စေတာကြောင့် အကြားအာရုံ ကောင်းမွန်မှုအတွက် အထောက်အကူပြုနိုင်ပါတယ်။

၄။ ကျယ်လောင်သောအသံများကို လျှော့ချခြင်း

ဆူညံသံကို တတ်နိုင်သလောက် လျှော့ချခြင်းဖြင့် မိမိရဲ့ အကြားအာရုံကို ကာကွယ်နိုင်တာကြောင့် ၈၅ decibel နှင့် အထက်ကျယ်လောင်တဲ့ နေရာတွေမှာ အချိန်ကြာမြင့်စွာ နေထိုင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အကယ်လို့ မဖြစ်မနေ နေရ, အလုပ်လုပ်ရမည်ဆိုပါက ဆူညံသံ လျှော့ချနိုင်တဲ့ နားကြပ်တပ်ကာ အကြားအာရုံချို့ယွင်းခြင်းကို ကာကွယ်နိုင်ပါတယ်။

၅။ နားထဲတွင် အညစ်အကြေးရှိ၊မရှိစစ်ဆေးခြင်း

နားဖာချေးပိတ်ဆို့ခြင်းကလည်း သင့်အကြားအာရုံကို ကျဆင်းစေတာနိုင်တာကြောင့် နားကို မှန်မှန်သန့်ရှင်းရေး လုပ်သင့်ပါတယ်။

၆။ နေ့စဉ် ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်း

လမ်းလျှောက်ခြင်း၊ ပြေးခြင်း နှင့် အိမ်မှုကိစ္စလုပ်ကာ နေ့စဉ်လှုပ်လှုပ်ရှားရှားဖြစ်နေခြင်းကလည်း သွေးလည်ပတ်မှု အားကောင်းစေခြင်း နှင့် နှလုံးနှင့် သွေးကြောများကို ကျန်းမာနေစေကာ အကြားအာရုံ ကောင်းမွန်မှုအတွက် အထောက်အကူဖြစ်စေပါတယ်။

၇။ အသံကို အာရုံစိုက်ခြင်းနှင့် ရှာဖွေခြင်း

အကြားအာရုံ တိုးတက်ကောင်းမွန်ဖို့အတွက် နေ့စဥ်မိနစ်အနည်းငယ်လောက် ဆူညံမှုနည်းတဲ့နေရာမျိုးမှာ အသံတွေကို အာရုံစိုက်နားထောင်ခြင်းအလေ့အကျင့်ကလည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

၈။ အစာအာဟာရမျှတစွာစားသုံးခြင်း

 Folic acid, B vitamins, magnesium, and zinc ဓာတ်များ ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာများကို မျှတစွာစား‌သုံးခြင်း၊ နေ့စဥ် ရေလုံလောက်စွာ သောက်သုံးခြင်း က အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး အကြားအာရုံတိုးတက်မှုအတွက် အဓိကကျပါတယ်။

၉။ အကြားအာရုံ ပုံမှန် စစ်ဆေးခြင်း

အကြားအာရုံကို စစ်ဆေးခြင်းကလည်း မိမိအကြားအာရုံအခြေအနေကို သေချာစွာ သိစေနိုင်တာကြောင့် ပုံမှန်စစ်ဆေးသင့်တဲ့ အလေ့အကျင့် တစ်ခုဖြစ်ပါတယ်။

၁၀။ နားကြားကိရိယာ တပ်ခြင်း

ကျွမ်းကျင်ပညာရှင်များနှင့် အကြားအာရုံစစ်ဆေးပြီး လိုအပ်ပါက နားကြားကိရိယာ တပ်ဆင်ခြင်းကလည်း မိမိရဲ့ အကြားအာရုံ အတွေ့အကြုံကို ပိုမိုကောင်းမွန်စေရုံသာမက အကြားအာရုံပိုမိုကျဆင်းခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။