အသက်အရွယ်ကြီးရင့်လာခြင်းကြောင့် နားမကြားခြင်းနှင့် ကာကွယ်ရန်နည်းလမ်းများ

အသက်အရွယ်ကြီးရင့်လာခြင်း‌ကြောင့်နားမကြားခြင်းကို လူအယောက် ၁၀၀ အနက် ၃၀ ယောက်မှာတွေ့ရတတ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာခြင်းကြောင့်ဖြစ်တဲ့ နားမကြားတာဟာ ရုတ်တရက်ဆိုသလိုမသိသာပေမဲ့ ကာလကြာရှည်လာလို့ သတိပြုမိတဲ့အခါ နားကြားကိရိယာတပ်ဖို့ အလွန်နောက်ကျတဲ့ အခြေအနေတွေထိရောက်သွားနိုင်ပါတယ်။

သတိပြုရမှာတစ်ခုက အသက်ကြီးလာလို့ဖြစ်တဲ့ နားမကြားခြင်းအများစုက မိန်းကလေးအသံနဲ့ ကလေးအသံတွေကိုမကြားနိုင်ဘဲ ယောက်ျားသံတွေကို မကြားကြတာများပါတယ်။

အသက်ကြီးလာလို့ဖြစ်တဲ့ နားမကြားခြင်းက တဖြည်းဖြည်းချင်းမှဖြစ်လာတဲ့နားမကြားခြင်းဖြစ်လို့ တကယ်ဖြစ်လာမှကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းကလည်း အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။

အသက်အရွယ်ကြီးရင့်လာခြင်းကြောင့်ဖြစ်တဲ့ နားမကြားခြင်းဟာ အတွင်းနား၊ အလယ်နား၊ ဦးနှောက်ကို သတင်းအချက်အလက်ပို့ဆောင်တဲ့လမ်း‌တလျှောက် စတဲ့နေရာတွေမှာ ချို့ယွင်းမှုတွေရှိနေတာဖြစ်နိုင်ပါတယ်။

အသက်အရွယ်ကြီးရင့်ခြင်းကြောင့်ဖြစ်တဲ့နားမကြားခြင်းကို ဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေကတော့-

  • သီချင်းအကျယ်ကြီးနားထောင်ခြင်း နှင့် ဆူညံသံများသောပတ်ဝန်းကျင်တွင်အချိန်ကြာမြင့်စွာလုပ်ကိုင်ခဲ့ဖူးခြင်း
  • အတွင်းနားထဲရှိ အသံကိုဦးနှောက်သို့ပို့ဆောင်ရာမှာ အရေးပါတဲ့ Hair Cell လေးများပျက်ဆီးလာခြင်း
  • မျိုးရိုးလိုက်ခြင်း
  • အသက်အရွယ်ကြီးရင့်လာခြင်း
  • နှလုံးရောဂါနှင့် ဆီးချိုကဲ့သို့သောရောဂါများရှိနေခြင်း
  • Aspirin၊ ကင်ဆာဆေး နှင့် ပိုးသတ်ဆေးများမှ ဘေးထွက်ဆိုးကျိုးများရှိနေခြင်း
  • ဝင်ငွေနည်းပါးမှုကြောင့် အာဟာရပြည့်မှီအောင်မစားသောက်နိုင်ခြင်း
  • ရောဂါပိုးများဝင်ရောက်ခြင်း
  • ဆေးလိပ်သောက်ခြင်း စတာတို့ပဲဖြစ်ပါတယ်။

လူတစ်‌ယောက်နဲ့ တစ်ယောက်ပေါ််မူတည်ပြီး နားမကြားခြင်းရဲ့ လက္ခဏာတွေကမတူညီပေမဲ့ ယေဘူယျအားဖြင့် အောက်ပါ လက္ခဏာတွေကိုတွေ့ရတတ်ပါတယ်။

  • အခြားသူပြောသောစကားလုံးတွေကရောထွေး‌နေပြီး ပြတ်ပြတ်သားသားမကြားရခြင်း
  • မိန်းမသံနှင့်ကလေးသံကဲ့သို့ အမြင့်သံများ နားထောင်ရန်ခက်ခဲခြင်း
  • ဆူညံသောပတ်ဝန်းကျင်တွင် စကားသံများနားထောင်ရန်ခက်ခဲခြင်း
  • ယောက်ျားသံတွေကို မိန်းမသံတွေထက် ပိုမိုပြတ်သားစွာကြားရခြင်း
  • နားတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးတွင် အသံတဝီဝီမြည်ခြင်း

အသက်အရွယ်ကြီးရင့်လာခြင်းကြောင့်နားမကြားခြင်းဟာ တဖြည်းဖြည်းဖြစ်လာတဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပေမဲ့ တစ်ကယ်လို့မိမိက ရုတ်တရက် နားမကြားတော့တာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ချက်ချင်းပြသပြီးတိုင်ပင်ဖို့ အရေးကြီးပါတယ်။

နားမကြားခြင်းကိုကုသရာမှာ အသက်၊ ရောဂါလက္ခဏာနဲ့ ကျန်းမာရေးအခြေအနေပေါ််မူတည်ပါသေးတယ်။ ပုံမှန်အားဖြင့် နားကြားကိရိယာတပ်ဆင်ခြင်း၊ ပါးစပ်ရဲ့လှုပ်ရှားပုံကိုကြည့်ပြီး ဘာပြောလဲသိနိုင်အောင်ဖတ်ခြင်း၊ အပြင်နားမှာနားဖာချေးများစုပုံမနေရန်သတိထားခြင်း စတာတွေကိုလုပ်ဆောင်နိုင်ပါတယ်။

အသက်ကြီးလို့ဖြစ်တဲ့ နားမကြားခြင်းကြောင့် ဖြစ်ပေါ််လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးများကို ဒီမှာအသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

အသက်ကြီးခြင်းကြောင့်ဖြစ်တဲ့ နားမကြားခြင်းကိုကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ အကြားအာရုံကို အစဥ်အမြဲကာကွယ်နေခြင်းပဲဖြစ်ပါတယ်။

  • နားကြပ်အသုံးပြုတဲ့အခါ အသံကို အတတ်နိုင်ဆုံးတိုးပြီးနားထောင်ပါ။
  • ဆူညံသံများနဲ့ အဝေးဆုံးမှာနေပါ။ အတတ်နိုင်ဆုံး ဆူညံသံများနဲ့ အထိအတွေ့မရှိအောင်နေပါ။
  • ဆေးလိပ်မသောက်ပါနဲ့။
  • နားတွင်းပိုးဝင်ခြင်းနဲ့အနာဖြစ်ခြင်းကို အတတ်နိုင်ဆုံးကာကွယ်ပါ။
  • လိုအပ်ပါက နားအကာနှင့် နားကြပ် (Ear Plug) များတပ်ဆင်ပါ။

တကယ်လို့ အသက်အရွယ်ကြောင့် ‌‌ရှောင်လွှဲလို့မရတဲ့ နားမကြားခြင်းဖြစ်လာခဲ့ရင်တောင် မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေရဲ့ အားပေးမှုနဲ့နားလည်မှုတွေက အရေးကြီးတာကြောင့် နားမကြားတဲ့သူကို စိတ်ရှည်ရှည်ဆက်ဆံပေးပြီး အသုံးမကျတော့တဲ့သူတစ်ယောက်အနေနဲ့ ခွဲခြားမဆက်ဆံမိဖို့အရေးကြီးပါတယ်။ နားကြားကိရိယာတပ်ဆင်ခဲ့ရရင်တောင် ကူညီဖေးမပေးပြီးအမြဲတပ်ဖြစ်ဖို့ အားပေးကြဖို့လိုအပ်ပါတယ်။