မျှတသောအစာအာဟာရနှင့်အကြားအာရုံကျန်းမာရေး

အစာအာဟာရမျှတအောင် စားသုံးခြင်းက အသက်အရွယ်ကြီးတဲ့သူတွေမှာ အဖြစ်များတဲ့ အသက်ကြီးလာခြင်းကြောင့်ဖြစ်သော အကြားအာရုံချို့ယွင်းခြင်း (Age-Related Hearing Loss) ဖြစ်ပွားမှုနှုန်းကို လျှော့ချပေးနိုင်ပါတယ်။ အဆီ နှင့် ကိုလက်စထရောများတဲ့ အစားအစာတွေက အဆီတွေကို သွေးကြောမှာ စုပုံစေတတ်ပြီး ခ‌န္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုကို လျော့နည်းစေပါတယ်။ ကျနော်တို့ရဲ့ အကြားအာရုံအစိတ်အပိုင်းဖြစ်တဲ့ နားအတွင်းမှာလည်း သွေးလည်ပတ်မှု က အလွန်အရေးကြီးပါတယ်။ နားကို ထောက်ပံ့ပေးတဲ့ သွေးလွှတ်ကြောတွေက အောက်ဆီဂျင်နဲ့ အကြားအာရုံအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကို နားအတွင်းမှာရှိတဲ့ အစိတ်အပိုင်းတွေ နဲ့ အကြားအာရုံခံဆဲလ်လေးတွေဆီကို ပို့ဆောင်ပေးခြင်းအားဖြင့် ကျနော်တို့နေ့စဥ်ဓူဝအသံတွေကို ပုံမှန်အတိုင်းကြားနေရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် နားက အသံတွေကို ကြားနိုင်အောင်လုပ်ပေးနိုင်တဲ့ တာဝန်တစ်ခုတည်းကို လုပ်ဆောင်တာမဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ ဟန်ချက်ထိန်းတဲ့ စနစ်အတွက်လည်း နားက အရေးကြီးပါတယ်။

နားရဲ့ သွေးကြောတွေမှာ အဆီတွေ စုတာမျိုးက အကြားအာရုံချို့ယွင်းခြင်းနှင့် ဟန်ချက်ထိန်းတဲ့ စနစ်ကို ပျက်စေတာပါတယ်။ အငန်ဓာတ် (ဆိုဒီယမ်)များလွန်းတဲ့ အစားအစာများကလည်း Meniere’s disease ကဲ့သို့ အကြားအာရုံထိခိုက်တာနှင့် ခန္ဓာကိုယ်ဟန်ချက်ထိန်းတဲ့စနစ်ကို ပျက်စေတဲ့ ရောဂါမျိုးဖြစ်စေတာကြောင့် အဆီများတဲ့ အစားအစာတွေ၊ ဆိုဒီယမ်များတဲ့ အစားအစာတွေကို လိုတာထက်ပိုစားတာခြင်းမှလည်း တတ်နိုင်သလောက် ရှောင်ကြဥ်ခြင်းဖြင့် အကြားအာရုံကို ထိန်းသိမ်းနိုင်ပါတယ်။ ‌

အကြားအာရုံတစ်ခုတည်းအတွက်သာမက ကိုယ်ခန္ဓာကျန်းမာရေးအတွက်လည်း သင့်တော်တဲ့ အစားအစာတွေကို မျှမျှတတစားပေးဖို့က အလွန်အရေးပါပါတယ်။

Antioxidant ကြွယ်ဝတဲ့ အသီးအရွက်တွေနဲ့ အစေ့အဆံတွေက ခန္ဓာကိုယ်သွေးကြောများအတွင်း အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်များကို ဖယ်ရှားပေးတာကြောင့် နားအကြားအာရုံခံဆဲလ်များ ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

✅ဆော်လမွန်၊ မက်ကရယ်ငါး နှင့် Flaxseed၊ Chia seed တို့ကဲ့သို့ Omega-3 Fatty acids ကြွယ်ဝတဲ့ အစားအသောက်တွေကလည်း နေ့စဥ်ကျန်းမာရေးအတွက် အထောက်အကူပြုရုံသာမက အသက်ကြီးတဲ့သူတွေမှာဖြစ်တတ်တဲ့ အကြားအာရုံချို့ယွင်းခြင်းဖြစ်ပွားမှုနှုန်းကို လျှော့ချ‌ပေးနိုင်ပါတယ်။

ဗီတာမင် အေ၊ ဘီ၊ စီ နှင့် မဂ္ဂနီဆီယမ် (Magnesium)၊ ဇင့် (Zinc) ကဲ့သို့ သတ္ထုဓာတ်များကလည်း အကြားအာရုံကို ထောက်ပံ့ပေးနေတဲ့ အာရုံကြောလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တာကြောင့် နေ့စဥ်စားသုံးတဲ့ထဲမှာ မျှတအောင်စားပေးဖို့လိုအပ်ပါတယ်။

နေ့စဥ်ရေလုံလောက်အောင် သောက်သုံးခြင်းကလည်း နားအတွင်းအရည်ပမာဏကို ထိန်းညှိပေးတာကြောင့် အကြားအာရုံကျန်းမာရေးအတွက် ပြုလုပ်သင့်တဲ့ ကောင်းမွန်တဲ့ အကျင့် တစ်ခုဖြစ်ပါတယ်။