ကျနော်တို့ ပတ်ဝန်းကျင်မှာ မြင်နေရတဲ့ ရေ၊ လေ၊ မြေညစ်ညမ်းမှုတွေနဲ့ မတူဘဲ အသံဆူညံခြင်း (Noise Pollution) က မျက်စိနဲ့ တပ်အပ်မမြင်နိုင်တဲ့ ဘေးအန္တရာယ်တွေကို ပေးနိုင်ပါတယ်။
Noise Pollution ဆိုတာဘာလဲ?
ကျနော်တို့သိထားတဲ့အတိုင်း အသံဆိုတာ နေရာတိုင်းမှာရှိပါတယ်။ မနက်မိုးလင်း နှိုးစက်နာရီအသံမြည်တာက အစ ကားဟွန်းသံ၊ ကျောင်းခေါင်းလောင်းထိုးသံ၊ Loudspeaker မှထွက်တဲ့အသံ စသဖြင့် အသံတွေကို ကျနော်တို့ နေရာတိုင်းအချိန်တိုင်းလိုလိုမှာ ကြားနေရပါတယ်။ ဒီအသံတွေဟာ ကျနော်တို့ နေ့စဥ်ဘဝ အတွက် အရေးပါသလို အသံကြားနေရခြင်းဟာလည်း ကျန်းမာခြင်း လာဘ်တစ်ပါးဖြစ်ပါတယ်။ သို့ပေမယ့် အသံတွေက ကျနော်တို့ကြားနိုင်တဲ့ ပမာဏထက် ပိုပြီးကျယ်လောင်နေတယ်ဆိုရင်တော့ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါတယ်။
ကြားရတဲ့အသံတွေက အရမ်းကျယ်နေတယ် သို့မဟုတ် အချိန်အတိုင်းအတာ တစ်ခုထက်ပိုပြီး ကြာမြင့်စွာ နားထောင်နေရတယ်ဆိုရင် အသံဆူညံခြင်း (Noise Pollution) ဖြစ်သွားပါပြီ။
ယေဘုယျအားဖြင့် သဘာဝအတိုင်းဖြစ်သောဆူညံခြင်း (Natural) နှင့် လူမှပြုလုပ်သော ဆူညံခြင်း (Man-made) ဆိုပြီး အသံဆူညံခြင်းကို ၂ မျိုးခွဲနိုင်ပါတယ်။
ငှက်အော်သံ၊ သစ်ရွက်လှုပ်သံ၊ မီးတောင်ပေါက်ကွဲသံများကဲ့သို့ သဘာဝတရားကြောင့် ထွက်ပေါ်လာသောအသံများကို Natural Noise Pollution လို့ခေါ်ပါတယ်။ ဒါပေမယ့် အသံဆူညံခြင်း ကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကတော့ လူတွေလုပ်တာကြောင့်ပဲဖြစ်ပါတယ်။
လော်စပီကာမှ ထွက်သောအသံများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အသံများ၊ ယာဥ်လမ်းကြောင်းမှ ဆူညံသံများဟာ ကျနော်တို့ နေ့စဥ်ဘဝမှာ အများဆုံးကြုံတွေ့ရတဲ့ လူလုပ်တဲ့ ဆူညံသံတွေဖြစ်ပါတယ်။
အသံက ကျနော်တို့ နားကို ဘယ်လို သက်ရောက်မှုရှိလဲ?
ကျနော်တို့ နားတွေက 85 dB နှင့်အထက် ဆူညံသံများကို အချိန်ကြာကြာ နားထောင်နေရပါက တဖြည်းဖြည်းနဲ့ အကြားအာရုံထိခိုက်မှု ဖြစ်လာတတ်ပါတယ်။
အလွန်ကျယ်လောင်သော အသံများကို အချိန်ကာလ ကြာမြင့်စွာ နားထောင်ခြင်းက အကြားအာရုံအတွက် သာမက စိတ်ဖိစီးခြင်း၊ အာရုံစူးစိုက်ရခက်ခြင်း၊ လုပ်ငန်းခွင် သို့မဟုတ် ကျောင်းတွင် စွမ်းဆောင်ရည် ကျဆင်းခြင်း၊ အိပ်ရေးမဝခြင်းကြောင့် နုံးခြင်း၊ နှလုံးရောဂါ ဖောက်ခြင်း၊ မှတ်ဉာဏ် မကောင်းခြင်း စတဲ့ အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများပါ ဖြစ်စေတတ်ပါတယ်။
အသံဆူညံခြင်းကို ဘယ်လို လျှော့ချမလဲ?
ကျနော်တို့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင် တစ်ခုလုံး အတွက် အသံ ဆူညံခြင်းကို တတ်နိုင်သမျှ နည်းနိုင်သလောက် နည်းအောင် လျှော့ချရပါမယ်။
- TV ကြည့်တဲ့အခါ / သီချင်းနားထောင်တဲ့အခါ အသံကို မိမိ ကြားနိုင်လောက်တဲ့ အတိုင်းအတာကိုသာ ထားပြီး ကြည့်ပါ။ နားထောင်ပါ။
- ကားမောင်းနေစဥ် ဟွန်း ကို မလိုအပ်ဘဲ မတီးပါနှင့်။
- လုပ်ငန်းခွင်အတွင်း အရမ်းဆူညံနေလျှင် Ear Plug တပ်ပါ။ အသံဆူသော နေရာနှင့် ဝေးဝေးနေပါ။
ဆူညံသံကြောင့် အကြားအာရုံ ဆုံးရှုံးမှု (Noise induced hearing loss) ဟာ အကြားအာရုံထိခိုက်စေတဲ့ အကြောင်းအရင်းတွေထဲက အဖြစ်များဆုံး တစ်ခုဖြစ်တဲ့အတွက် မပေါ့ဆသင့်ပါ။