သင့်ပတ်ဝန်းကျင်မှာရှိတဲ့ ဆူညံသံတွေကို မခံနိုင် ဖြစ်နေပြီလား?
သင်နေ့စဉ် ကြုံတွေ့ရတဲ့ ဆူညံသံတွေဖြစ်တဲ့ မော်တော်ယဉ် ဆူညံသံတွေ၊ အစာစားတဲ့အခါ အသံထွက်ပြီးဝါးတဲ့သူဆီက အသံတွေ၊ ဖုန်းလာတဲ့အသံ နဲ့ ခွေးဟောင်သံ စတဲ့ ဆူညံသံတွေကို သင့်နားက မခံနိုင်တာ၊ နာကျင်တာတွေ ဖြစ်နေပြီဆို ဆူညံသံ မခံနိုင်တဲ့ ရောဂါ ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။
Hyperacusis ရောဂါက အဖြစ်နည်းတဲ့ ရောဂါဖြစ်ပြီး နေ့စဉ် ကြားရမဲ့ဆူညံသံတွေကို အခြားသူတွေထက် ပိုကျယ်လောင်စွာ ကြားရတဲ့ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါဟာ အသက်အန္တရာယ် မပေးနိုင်ပေမဲ့ လူနာအတွက်တော့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ အလုပ်ခွင်နဲ့ ပေါင်းသင်းဆက်ဆံရေးတွေမှာ အနှောင့်အယှက် ဖြစ်စေပြီး စိတ်ဖိစီးမှု ပိုများစေပါတယ်။
ရောဂါအကြောင်း
American Speech Language အဖွဲ့အစည်းအရ Hyperacusis ရောဂါဆိုတာ နေ့စဉ် ကြားနေရတဲ့ ဆူညံသံတွေကို ပိုမိုကျယ်လောင်စွာ ကြားရပြီး မခံနိုင်တာ၊ နာကျင်တာ၊ စိတ်ဖိစီးမှုးများစေတာတွေဖြစ်စေတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ တစ်ချို့သော ရောဂါ ပြင်းထန်တဲ့ လူနာတွေမှာဆို ကျယ်လောင်တဲ့ အသံတွေဖြစ်တဲ့ လေယာဉ်သံ၊ သေနတ်ဖောက်သံ၊ စတိတ်ရှိုးသီချင်းသံ တွေသာမက ပုံမှန် ကြားရတဲ့အသံတွေဖြစ်တဲ့ စက်သံတွေ၊ ကျယ်လောင်တဲ့ စကားသံတွေကိုပါ မခံနိုင်တဲ့အထိဖြစ်နိုင်ပါတယ်။
ရောဂါဖြစ်စေသောအကြောင်းအရင်းများ
နားအတွင်းရှိ cochlear အစိတ်အပိုင်းပျက်စီးခြင်း
နားအတွင်းမှာရှိတဲ့ Cochlear ခရုပတ် အစိတ်အပိုင်းက အသံတွေကိုလက်ခံပြီး အချက်အလက်အဖြစ် ဦးနှောက်ကိုပို့ပေးတဲ့နေရာမှာ အရေးကြီးတဲ့ အာရုံကြောအစိတ်အပိုင်းဖြစ်ပါတယ်။
ဒါကြောင့် Cochlear ခရုပတ် မှာရှိတဲ့ အာရုံကြောအချို့ပျက်စီးတာကြောင့် Hyperacusis ရောဂါဖြစ်ပွါးနိုင်ပါတယ်။ Cochlear အတွင်းနား ခရုပတ် ပျက်စီးရတဲ့ အဓိက အကြောင်းအရင်း ကတော့ ကျယ်လောင်တဲ့ အသံတွေနဲ့ အချိန်ကြာရှည်စွာ ထိတွေ့ခြင်း ကြောင့်ပါ။
ခေါင်းကိုက်ခြင်း
ခေါက်ကိုက်တဲ့ ရောဂါ ခံစားရသူတွေမှာ Hyperacusis ရောဂါ ဖြစ်နိုင်ချေ ပိုများပါတယ်။ ရောဂါရှိသူတွေမှာ ဆူညံသံနဲ့ အခြားအသံကို ခံနိုင်ရည် မရှိဘဲ တိတ်ဆိတ်သွားတဲ့အခါမှသာ ရောဂါလက္ခဏာ သက်သာလေ့ရှိပါတယ်။
မျက်နှာတစ်ခြမ်းလေဖြတ်ခြင်း (Bell’s palsy)
Bell’s palsy ရောဂါ ဆိုတာ မျက်နှာမှာရှိတဲ့ ကြွက်သားတွေ အားနည်းစေတဲ့ ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါရှိသူတွေမှာလည်း Hyperacusis ရောဂါ ခံစားရတတ်ပါတယ်။
Meniere’s disease
Meniere’s disease ဆိုတာ အကြားအာရုံနဲ့ ပတ်သက်တဲ့ ရောဂါ တစ်မျိုး ပါ။ ဒီရောဂါကြောင့်လည်း Hyperacusis ရောဂါဖြစ်နိုင်ပါတယ်။
Lyme disease
Lyme disease ဆိုတာ မွှားလို့ခေါ်တဲ့ အင်းဆက်ပိုးမှာရှိတဲ့ ကပ်ပါးပိုးကနေ တဆင့် လူနဲ့တိရစ္ဆာန်တွေကို ကူးဆက်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါကြောင့်လည်း Hyperacusis ရောဂါ ဖြစ်နိုင်ပါတယ်။
အောက်မေးရိုးလွဲခြင်း၊ မူမမှန်ခြင်း
အောက်မေးရိုး အဆစ်လွဲနေတဲ့သူတွေမှာ ကြွက်သားနဲ့ အာရုံကြောနေရာလွဲတာတွေဖြစ်တတ်ပြီး နောက်ဆက်တွဲအဖြစ် Hyperacusis ရောဂါဖြစ်လာနိုင်ပါတယ်။
ကုသရန်နည်းလမ်း
Hyperacusis ရောဂါကို ကုသဖို့ ဆေးမရှိသေးပေမယ့် သက်သာအောင် ပျောက်ကင်းအောင် အသံကုထုံးကို အသုံးပြုလို့ရနေပါပြီ။ Hyperacusis ရောဂါဟာ အန္တရာယ် မရှိသော်ငြား မိမိရဲ့ နေစဉ် လုပ်ငန်းဆောင်တာနဲ့ စိတ်ကျန်းမာရေးကို အနှောင့်အယှက် ဖြစ်စေနိုင်တာမို့ အကြားအာရုံ အထူးပြု ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး သေချာကုသဖို့ အကြံပြုချင်ပါတယ်နော်!