ဒီနေ့မှာတော့ မိမိရဲ့ စာသင်ခန်းထဲမှာ နားကြားကိရိယာတပ်ရတဲ့ ကလေးရှိလာလျှင် နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ပြောဆိုဆက်သွယ်နိုင်မလဲ၊ ဆောင်ရန် ရှောင်ရန် အချက်များကို ဗဟုသုတအနေနဲ့ မျှဝေပေးသွားပါမယ်။
၁။ ကောင်းမွန်စွာ အာရုံစိုက်နိုင်ရန် နောက်ခံဆူညံသံများ ကို တတ်နိုင်သလောက် လျှော့ချရမည်ဖြစ်သည်။ အခန်းထဲတွင် လေအေးပေးစက်ဖွင့်ထားခြင်း၊ ပန်ကာဖွင့်ထားခြင်း စတဲ့ အသံများကျယ်နေပါက ပိတ်ထားရမည်။ ပြင်ပပတ်ဝန်းကျင်မှ ကားသံများကြောင့် အနှောင့်အယှက် မဖြစ်စေရန် ဖြစ်နိုင်ပါက တံခါးနှင့် ပြတင်းပေါက်များ ကို ပိတ်ထားသင့်ပါတယ်။ အခန်းထဲတွင် နူးညံ့ပျော့ပျောင်းသော ခန်းစီးလိုက်ကာများထားခြင်းဖြင့် အသံပဲ့တင်သံများ၊ ဆူညံသံများကို လျှော့ချပြီး စာသင်ကြားမှု အပေါ် အာရုံစိုက်လို့ကောင်းစေမည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါတယ်။
၂။ ကလေးက ဆရာမကို သေချာမြင်နိုင်သည့် နေရာမျိုးမှာ ပေးထိုင်ရပါမယ်။ စာသင်ခန်း၏ မည်သည့်အခြမ်းမှာ ထိုင်လျှင် ပိုအဆင်ပြေနိုင်ကြောင်း မေးမြန်းပြီး နေရာချပေးရပါမယ်။
၃။ ကလေးကို စကားလုံးအသစ်များ ကို မိတ်ဆက်ပေးရပါမယ်။ စကားပြောလျှင် အဖြတ်အတောက် မှန်မှန် ဖြည်းဖြည်းပြောပေးရန် လိုအပ်ပါတယ်။ မကြားမှာစိုး၍ အော်ပြောတာမျိုး မပြုလုပ်သင့်ပါ။
၄။ တစ်ခုခုမပြောခင် ကျောင်းသားနာမည် ကို အရင်ခေါ် ပြီးမှပြောပါ။ အရေးကြီးသော အကြောင်းအရာဖြစ်ပါက နားထောင်နေသူ နားလည်အောင် ထပ်ခါထပ်ခါပြောပါ။ လိုအပ်ပါက မြင်သာထင်သာရှိစေရန် ရုပ်ပုံများကို အသုံးပြုနိုင်ပါတယ်။ မိမိပြောထားသော အကြောင်းအရာများကို နားလည်၊ မလည် ပြန်လည်စစ်ဆေးရန် အကြောင်းအရာကို ပြန်လည် အတည်ပြုသည့် မေးခွန်းမျိုးကိုသာ မေးပါ။ “ကြားရလား” ဟူသော မေးခွန်းမျိုးကို အသုံးမပြုသင့်ပါ။