မွေးကင်းစကလေး
အကြားအာရုံကောင်းမွန်သော မွေးကင်းစကလေးတွေက ဘယ်ဘက်နားနှင့် ညာဘက်နား နှစ်ဖက်လုံးကို အသုံးပြုပြီး အသံလာရာကို သိနိုင်တယ်။ ကလေးနိုးနေချိန်မှာ အသံလာရာဘက်ကို မျက်လုံးနှင့် လိုက်ကြည့်ခြင်း၊ ဦးခေါင်းလှည့်ခြင်းကို တွေ့ မြင်နိုင်ပါတယ်။ ကလေးက သင်စကားပြောသံကို ကြားတဲ့အခါမှာ သင့်မျက်နှာကိုကြည့်နေတတ်ပါတယ်။
အသက် (၆) လ
ကလေးအသက် (၅) လ၊ (၆) လ မှာဆိုရင် ရေပြင်ညီတစ်လျှောက် အသံထွက်ရာနေရာကို ရှာဖွေတတ်လာတယ်။ ကြားရသောအသံနှင့် လူများ၊ ပစ္စည်းများ၊ နေရာများ၊ အဖြစ်အပျက်များကို တွဲမှတ်သားလာကြတယ်။ စကားသံများကို စတင်မှတ်သားလာပြီး မိခင်ဖခင်အသံနှင့် အခြားရင်းနှီးသော အသံများကို မှတ်မိလာကြတယ်။ အသံထွက်ပြီး ဆော့ကစားတတ်လာတယ်။
အသက် (၉) လ
“ဖေဖေ” “မေမေ” ကဲ့သို့ ရိုးရှင်းသော စကားလုံးများကို နားလည်လာတယ်။ ကိုယ်ဟန်အမူအရာဖြင့် ဆက်သွယ်ပြောဆိုဖို့ ကြိုးစားလာကြတယ်။ ကြားရတဲ့ အသံများကို လိုက်တုပြောဆိုတတ်လာတယ်။
အသက် (၁၀) လ
“တာ့တာပြခိုင်းတာ” “လက်ခုပ်တီးခိုင်းတာ” ကဲ့သို့ ရိုးရှင်းတဲ့ ညွှန်ကြားချက်များ ကို လုပ်ပြတတ်လာတယ်။ “ကား” “ခွေး” စသဖြင့် ပြောလိုက်လျှင် ကားရှိရာနေရာ၊ ခွေးရှိရာနေရာများသို့ လက်ညိုးထိုးပြနိုင်လာတယ်။ ကလေးနာမည်ကို ခေါ် လိုက်လျှင်လည်း မော့ကြည့်တတ်သည်။
အသက် (၁၂) လ
ပုံပြင်ဖတ်ပြတာ၊ သားချော့တေးဆိုပြတာတွေကို မိနစ်အနည်းငယ်ခန့် စပြီး အာရုံစိုက်နိုင်လာတယ်။ ရိုးရှင်းသော မေးခွန်းများကို ခေါင်းညိမ့် ခေါင်းခါပြီး ပြန်ဖြေတတ်လာတယ်။ စကားလုံးအနည်းငယ်ပြောတတ်လာတယ်။
အသက် (၁၈) လ
ဝါကျတိုများကို နားလည်လာတယ်။ ရင်းနှီးသော အစိတ်အပိုင်းများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ညွှန်ပြခိုင်းပါက ညွှန်ပြတတ်လာသည်။ စကားလုံး ၂၀-၅၀ ခန့် အထိ အသုံးပြုတတ်လာပြီး ဝါကျတိုများ ပြောတတ်လာသည်။ ဥပမာ သွားမယ်၊ စားမယ်။
အသက် (၂၄) လ
ပုံပြင်စာအုပ်များဖတ်ပြသည်ကို သေချာ အာရုံစိုက်နိုင်လာသည်။ စကားလုံး ၂၀၀-၃၀၀ ခန့် အထိနားလည်ကာ ရိုးရှင်းသော ဝါကျတိုများကို ပြောနိုင်လာသည်။
အသက် (၃) နှစ်မှ (၅) နှစ်
စိတ်ခံစားချက်များ၊ လိုအပ်ချက်များကို ထုတ်ဖော်ပြောဆိုလာပြီး မေးခွန်းများ မေးတတ်လာသည်။ စကားလုံးများ ပိုနားလည်ကာ ရှုပ်ထွေးသော အဓိပ္ပာယ်ရှိသော ဝါကျများကို ပိုပြောနိုင်လာသည်။ စကားပြောသံရှင်းလင်းကာ ပိုနားလည်လွယ်လာသည်။
ကလေးသည် အသက်အရွယ် အလိုက် အသံကို နားလည်၍ စကားပြောဆိုခြင်း မရှိပါက အကြားအာရုံ ချို့ယွင်းခြင်းရှိ၊ မရှိ စစ်ဆေးရမည်။