နားမကြားခြင်း (Hearing Loss) ဆိုတာ ကမ္ဘာမှာ ဒုတိယအများဆုံးဖြစ်လေ့ရှိတဲ့ မသန်စွမ်းခြင်းတစ်မျိုးပါ။ နားမကြားတာဖြစ်တဲ့အလျောက် အခြားရောဂါများလို မျက်လုံးနဲ့ မြင်တွေ့နေရတာမျိုးမဟုတ်တဲ့အတွက် လူတွေဟာ နားမကြားခြင်းကို ကြီးမားတဲ့ချို့ယွင်းမှုတစ်ခုလို့မမြင်ကြပါဘူး။
စစ်တမ်းကောက်ချက်များအရ US နိုင်ငံရဲ့ ၁၁ မီလီယံသောလူဦးရေဟာ နားမကြားခြင်းကိုခံစားနေရပါတယ်။ ဒီအရေအတွက်ဟာ ခြောက်ယောက်မှာ တစ်ယောက်အချိုးအစားရှိပြီး ဒီစစ်တမ်းဟာ နားလုံးဝမကြားတော့တဲ့သူ (Deaf) ကနေ နားသိပ်မကြားတဲ့သူ (Hard of Hearing) အထိပါဝင်ပါတယ်။
ဒါကြောင့် တကယ်လို့ မိမိ ပတ်ဝန်းကျင်မှာ ဒီလို အကြားအာရုံဆိုင်ရာချို့ယွင်းမှု ရှိနေတဲ့သူ တစ်ယောက်ယောက်များရှိခဲ့ရင် သူတို့အတွက် ပိုမိုကောင်းမွန်အဆင်ပြေတဲ့ ပြောဆိုဆက်ဆံမှု နဲ့ ပတ်ဝန်းကျင်တစ်ခု ဘယ်လိုဖန်တီးပေးနိုင်မလဲ ကြည့်ကြရအောင်နော်။
ဒါကိုသတိထားပေးပါ!
နားမကြားတဲ့သူတွေဟာ တကယ်လို့ သင်စကားပြောရင် ချက်ချင်းမတုံ့ပြန်နိုင်တာမျိုးကို တွေ့ဖူးကြုံဖူးကြမှာပါ။
ဒါဟာ သူတို့က ရိုင်းစိုင်းလို့၊ နားမလည်လို့၊ တုံးအနေလို့မဟုတ်ဘဲ အကြားအာရုံဆိုင်ရာတစ်ခုမှာသာ ပြဿနာဖြစ်နေလို့ဖြစ်တယ်ဆိုတာကို ကိုယ်က နားလည်ပေးရမှာဖြစ်ပါတယ်။ ရံဖန်ရံခါ ကိုယ်လည်း စိတ်ဆတ်နေတဲ့အချိန်မျိုးဆို ကိုယ်ပြောတာ မကြားရကောင်းလားဆိုပြီး ဒေါသထွက်နိုင်တဲ့အတွက် ဒါကို သတိပြုပေးမှသာ တစ်ဖက်သားရဲ့ စိတ်ခံစားချက်ကို မထိခိုက်စေမှာဖြစ်ပါတယ်။
နားမကြားတဲ့လူတစ်ယောက်နဲ့ပြောဆိုဆက်ဆံတဲ့အခါ အကောင်းဆုံနည်းလမ်းကဘာလဲ?
နားမကြားတဲ့သူတစ်ယောက်နဲ့ပြောဆိုဆက်ဆံတဲ့အခါ သာမန်လူတွေနဲ့မတူဘဲ အနည်းငယ်ပိုပြီးအားထုတ်ရတဲ့အပိုင်းတွေရှိပါတယ်။ နားမကြားတဲ့သူနဲ့ပြောဆိုဆက်ဆံတဲ့အခါ အဆိုးဆုံးက ဆူညံတဲ့ပတ်ဝန်းကျင်မှာ စကားပြောတာပါပဲ။ ဒါကြောင့်
- အသံကိုစုပ်ယူနိုင်တဲ့အရာတွေရှိတဲ့ပတ်ဝန်းကျင် (ဥပမာ လိုက်ကာထူထူ၊ ကော်ဇော၊ ဆိုဖာစတာတွေရှိတဲ့နေရာ)မှာ စကားပြောခြင်း
- နားမကြားသူတွေဟာအသံကို နားနဲ့တင်မက မျက်လုံးနဲ့ပါပြောဆိုသူရဲ့အမူအရာတွေ ပါးစပ်အနေအထားတွေကြည့်ပြီး Clues ယူတတ်တာကြောင့် အလင်းရောင်ကောင်းတဲ့နေရာမှာ စကားပြောဆိုခြင်း၊ စကားပြောဆိုချိန်မှာလည်း မိမိမျက်နှာကို အလင်းဘက်သို့လှည့်ထားခြင်း
- စကားမပြောခင် မိမိဘက်သို့အာရုံရရန်ပြုမူပေးခြင်း (ဥပမာ- ပုခုံးတို့ခြင်း)
- လူအများရှိသောနေရာဖြစ်ပါက (ဥပမာ Meeting) စကားပြောဆိုသူရှိရာနှင့်အနီးဆုံးတွင် ထိုင်စေခြင်း တို့ကို ဂရုတစိုက်ပြုမူပေးခြင်းအားဖြင့် မိမိက သူ့ကို နားလည် ပေးသည်ဟူသော အသိက နှစ်ဖက်ဆက်ဆံရေးကိုပိုမို တိုးတက်လာစေပါတယ်။
အပြုအမူနဲ့ လက်ဟန်ခြေဟန်တွေကိုထည့်သွင်းစဉ်းစားပါ။
နားမကြားသူတွေက စကားပြောဆိုသူရဲ့ ပါးစပ်လှုပ်ရှားပုံအပြင် မျက်နှာ အမူအရာ၊ လက်အနေအထား စတာတွေကိုကြည့်ပြီး တစ်ပြောဖက်သူပြောစကားကိုဘာသာပြန်တာဖြစ်လို့ မလိုအပ်ပဲ လက်ကို လှုပ်ရမ်းခြင်း၊ ကိုယ်ခန္ဓာကို လှုပ်ရှားနေခြင်းက နားမကြားသူကို စိတ်ကသိကအောက်ဖြစ်စေနိုင်လို့ ဂရုပြုပေးရပါမယ်။
တကယ်လို့ မိမိဆက်သွယ်ပြောဆိုနေရသည့် နားမကြားသူက မိမိနှင့်ရင်းနှီးသူမဟုတ်လျှင် မိမိ အသံကို ယဉ်ပါးနေလောက်မည်မဟုတ်တဲ့အတွက် ထိုကဲ့သို့သော အခြေအနေများတွင် စကားကို တစ်ခွန်းဆိုလျှင်တစ်ခွန်းပြည့်အောင်ပြောရန်၊ တတ်နိုင်သလောက် စကားလုံးကို ပီပီသသ ကြည်ကြည်လင်လင်ပြောရန် သတိထားပါ။
စကားတစ်ခွန်းကိုထပ်ခါထပ်ခါပြောသင့်လျှင်ပြောပါ။
ရံဖန်ရံခါမိမိပြောလိုသောစကားက အရေးကြီးပါက နားထောင်သူက နားမလည်မချင်းပြန်ပြောပေးရန် အရေးကြီးပါသည်။ လိုအပ်လျှင် အရေးကြီးသော အချက်အလက်များကို ချရေးနိုင်ဖို့ ကူညီပေးရန်လိုအပ်ပါသည်။
ဖုန်းထဲမှ ပြောနေတာဖြစ်လျှင်စကားလုံးတစ်လုံးချင်းစီကိုကြည်လင်ပြတ်သားအောင်ဂရုစိုက်ပေးပါ။
ဖုန်းထဲမှာ တစ်ဆင့်ပြောရသည့်အခြေအနေမျိုးတွင် ဖုန်း၏ စကားပြောသည့်နေရာ (Mouthpiece) နဲ့ အနီးစပ်ဆုံးပြောရန်ဂရုစိုက်ပါ။ ပတ်ဝန်းကျင်ဆူညံသံအတတ်နိုင်ဆုံးနည်းအောင်ဂရုစိုက်ပါ။ မိမိနှင့် ပြောနေသည့် သူက မိမိ ဘာအကြောင်းပြောနေလည်း၊ မိမိပြောတာ နားလည်ရဲ့လား၊ ပြန်ပြောရန်လိုအပ်လား မကြာခဏ စစ်ဆေးပေးပါ။