နား၊ နှာခေါင်း၊ လည်ချောင်း နှင့်ပတ်သက်၍ အမေးများလေ့ရှိသော မေးခွန်းများ❓❓❓

နားမှာနားကြပ်တပ်ပြီးနား‌ထောင်တာက အန္တရာယ်ရှိနိုင်ပါသလား? အသံကျယ်ကျယ်ဖွင့်ပြီးနားထောင်ရင်‌‌ရော နားလေးနိုင်ပါသလား?

ပုံမှန်အသံအကျယ်လောက်နဲ့ နားထောင်တာက ပြဿနာမရှိပေမဲ့ အသံပြင်းအား 70dB အထက် ဆိုရင် နားကို စပြီးထိခိုက်စေနိုင်ပါတယ်။ တစ်ခါတစ်လေလောက်နားထောင်မိတာက ဘာမှမဖြစ်စေနိုင်သော်လည်း အမြဲလိုလို နားထောင်နေပါက အချိန်တစ်ခုကြာလာရင် အတွင်းနားကို ထိခိုက်စေပါတယ်။ အတွင်းနားမှာရှိတဲ့ အသံကိုလက်ခံတဲ့ အာရုံကြောတွေက ပျက်စီးလာပြီး (Temporary Threshold Shift Hearing) လို့ခေါ် တဲ့ ယာယီအဆင့် အကြားအာရုံ ပြောင်းခြင်း ကို ဖြစ်ပေါ် စေပါတယ်။

ယာယီအဆင့် အကြားအာရုံ ပြောင်းလဲခြင်း ဆိုတာ နားအကြားအာရုံ level မြင့်သွားတာမျိုးကို ဆိုလိုပါတယ်။ ဥပမာ Rock Concert တွေလို ဆူညံတဲ့ ‌ဖျော် ဖြေ ပွဲနေရာတွေကနေ ပြန်လာရင် ကိုယ့်အသံကိုတောင် မကြားရ‌တော့တာမျိုးကြောင့် စကား‌သံတွေကို မြှင့်ပြောလေ့ရှိပါတယ်။ ဒါက ဆူညံတဲ့ အသံတွေကို ကြားပြီးတဲ့အချိန်မှာ နားကတုံ့ပြန်တဲ့ ယာယီ စနစ်ပါ။ ဒီလို ယာယီတုံ့ပြန်မှုကနေ အရမ်းကျယ်တဲ့ အသံတွေကို နားထောင်ပါများလာရင် Permanent Threshold Shift အဖြစ်ကို ပြောင်းလဲသွားပြီး နားလေးလာတာမျိုးဖြစ်လာပါတယ်။

သီချင်းကျယ်ကျယ်နားထောင်တာမှရယ် မဟုတ်ပါဘူး။ ဆောက်လုပ်‌ရေးလုပ်ငန်းခွင်တွေကဲ့သို့ မြေတူးစက်၊ Drill တွေနဲ့ အလုပ်လုပ်ရတဲ့သူတွေကလည်း ဆူညံသံတွေကို အချိန်ကြာကြာ ထိ‌တွေ့နေရတာကြောင့် နားအကာအကွယ် (ear protector) မျိုး တပ်ဆင်ခြင်းဖြင့် မိမိရဲ့ အကြားအာရုံ ကို ဂရုတစိုက်ရှိနေဖို့ လိုအပ်ပါတယ်။

စိတ်အပန်းဖြေဖို့ နားကျပ်နဲ့ သီချင်းနားထောင်တာက တစ်ခါတစ်လေဆိုပြဿနာမရှိပေမဲ့ တစ်ရက်တည်းမှာ နာရီပေါင်းများစွာ ဖြစ်လာရင်တော့ တစ်ရက်ကို နည်းနည်းချင်းစီထိခိုက်မှုတွေစုလာပြီး အချိန်တစ်ခုရောက်လာရင်တော့ ဆူညံသံကြောင့်နားလေးခြင်း (Noise Induced Hearing Loss) ကို ဖြစ်စေမှာဖြစ်ပါတယ်။

နားမကြာခဏအူတာဘာကြောင့်ပါလဲ? ဘယ်လိုပျောက်အောင်ကုသလို့ရလဲ?

နားအူတယ် ပုရစ်အော်သံလို ကြားရတယ်ဆိုတာမျိုးကို ဆေးပညာ‌အခေါ် အဝေါ် အရ Tinnitus လို့ခေါ် ပါတယ်။ နားထဲမှာကြားနေရတဲ့ အသံတွေက အပြင်ကလာတာကြောင့် မဟုတ်ဘဲ ကိုယ့်နားအတွင်းက ကိုယ် ပြန်ကြားနေရတာမျိုးပါ။ ပုံမှန်ဆိုရင် အတွင်းနားရဲ့ အကြားအာရုံကြောတွေက သူ့ဆီလာတဲ့ အသံတုန်ခါမှု အမျိုးအစားအလိုက် လျှပ်စစ်စွမ်းအားလှိုင်းအဖြစ်ပြောင်းပေးပြီး ဦးနှောက်ကို ပို့ပေးခြင်းဖြင့် အသံကြားရတာဖြစ်ပါတယ်။ အဲဒီလို အသံကိုထုတ်ပေးနေတဲ့ အချိန်မှာ မလိုတဲ့ အခြားအသံတစ်ခုပေါ် လာတာကို နားအူတယ်လို့ခေါ် တာပါ။ ဒီလိုဖြစ်စဥ်က လူတိုင်းမှာဖြစ်ပေမဲ့ အခြားအပြင်က အသံတွေကို ကြားနေရတဲ့အတွက်ကြောင့် အတွင်းအသံကို အုပ်ထားတာဖြစ်ပြီး ကိုယ့်နားအတွင်းက အသံကို ကြားရလောက်တဲ့ အထိမဖြစ်တတ်ကြပါဘူး။ သို့ပေမဲ့ နားအတွင်း အညစ်အကြေးများပိတ်နေသူများမှာ မိမိနားအတွင်းမှ အသံများကို ပြန်ကြားလာရတတ်ခြင်းဖြင့်လည်းကောင်း၊ နားအဆိပ်သင့်စေသော ဆေးများသောက်နေရလျှင်လည်းကောင်း နားအူတာဖြစ်နိုင်ပါတယ်။ နားအူတာက ၂ဖက်ဖြစ်လေ့ရှိပါတယ်။ နားတစ်ဖက်တည်းအူနေလျှင်တော့ အာရုံကြောပြဿနာရှိမရှိ နှင့် အခြားသော ရောဂါရှိမရှိ ကို အကြားအာရုံစစ်ဆေးသင့်ပါတယ်။

ဒါကြောင့် နားတစ်ဖက်တည်းအူတာ ကြာပြီဆိုလျှင်တော့ အရင်ဆုံး နားအကြားအာရုံစစ်ဆေးကြည့်ပြီး လိုအပ်ပါက ဆရာဝန်နှင့် ‌တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ထိပ်ကပ်နာရောဂါက နာတာရှည်ရောဂါလား? အရှင်းပျောက်အောင်ကုလို့ရလား?

90% လောက်ကပိုးဝင်တာကြောင့်ဖြစ်တယ်။ နှာခေါင်းနှင့် နှာခေါင်းဘေးမှာ ရှိတဲ့ လေအိတ်တွေရောင်တာမျိုးပါ။ထိပ်ကပ်နာရောဂါကို ခံစားရတဲ့ ရောဂါလက္ခဏာကြာချိန်တွေအပေါ် မူတည်ပြီး နာတာရှည်ထိပ်ကပ်နာရောဂါနဲ့ နာတာရှည်မဟုတ်တဲ့ ထိပ်ကပ်နာရောဂါဆိုပြီး ခွဲထားပါတယ်။

ရက်သတ္တပတ် ၁၂ ပတ်ကျော်တဲ့ အထိ ဖြစ်နေပြီဆိုရင်တော့ နာတာရှည်ရောဂါပါ။ နာတာရှည်ဖြစ်တဲ့အပြင် တစ်နှစ်ကို ၄ကြိမ်ထက် ပိုဖြစ်တယ်။ တစ်ခါဖြစ်ရင် အနည်းဆုံး ၇ နာရီကြာတာ ကို ခဏခဏပြန်ဖြစ်တတ်‌သော နာတာရှည် ထိပ်ကပ်နာရောဂါလို့ ‌သတ်မှတ်ထားကြပါတယ်။ ဆေးပညာအခေါ် အဝေါ် အရ Chronic Rhinosinusitis လို့ခေါ် ပါတယ်။

အချို့သူများတွင် ကုသ၍ပျောက်ကင်းနိုင်သော်လည်း အချို့မှာ ဘာကြောင့်ထိပ်ကပ်နာ ဖြစ်လဲဆိုတာကို မူတည်ပြီး ဆေးဆက်လက်မှီဝဲနေရတတ်ပါတယ်။ ပန်းနာရပ်ကျပ် (asthma) ရှိသူတွေ၊ နာတာရှည်ထိပ်ကပ်နာ‌ရောဂါရှိသူတွေမှာ နှာခေါင်းအတွင်းမှာ အသားပို (Nasal Polyp) ဖြစ်တတ်ပါတယ်။ နှာခေါင်းအသားပို ရှိလာပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်ပါက ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်ပါတယ်။

ထိပ်ကပ်နာ‌ရောဂါက ရုတ်တရက်ခဏတာဖြစ်တာမျိုးဆို စိတ်ပူစရာ မရှိပေမဲ့ နာတာရှည်ခဏခဏ ဖြစ်လာပြီဆိုရင်

  • နှာခေါင်းဆေး၊ စတီးရွိုက်ဆေးပြားတွေအမြဲသုံးနေဖို့လိုပါတယ်။
  • မိမိနှင့် မတည့်တဲ့ အစားအသောက်တွေကို ရှောင်ရမယ်။
  • လေကောင်းလေသန့်ရှူပေးရမယ်။
  • ရေများများသောက်ပေးရပါမယ်။
  • သစ်ပင်၊ ပန်းပင်တွေက ဝတ်မှုန်တွေကြွေတဲ့အချိန်မှာဆိုရင် ဂရုစိုက်ရမယ်။