ခြေထောက်ပြဿနာက ဆီးချိုလူနာတွေမှာ အဖြစ်များပါတယ်။ သွေးတွင်းသကြားဓာတ်များတာ ကြာလာသောအခါ အာရုံကြောနဲ့ သွေးကြောများကို ထိခိုက်လာပြီး Diabetes Neuropathy လိုခေါ်တဲ့ ဆီးချိုကြောင့် ဖြစ်သော အာရုံကြောဆိုင်ရာရောဂါ ကို ဖြစ်စေပါတယ်။
အဲ့လို ဖြစ်လာပြီ ဆိုရင်တော့ခြေထောက်သည် ထုံခြင်း၊ ကျဉ်ခြင်း၊ နာခြင်း နောက်ပိုင်း ဒီထက် ပိုမို ဆိုးရွားလာပါက ဘာမှကိုမသိတော့တဲ့အထိ ဖြစ်နိုင်ပါတယ်။
ဆီးချိုကြောင့် ဖြစ်လာတဲ့ ခြေထောက်အနာက ဘာလို့အရေးကြီးတာလဲ ?
ဆီးချိုကြောင့် အာရုံကြောဆိုင်ရာရောဂါဖြစ်လာရင် နာကျင်ခြင်းကို မခံစားနိုင်တော့ဘဲ ထုံကျင်နေသည့်အတွက် ခြေထောက်မှာ ရှခြင်း၊ အရည်ကြည်ဖုပေါက်ခြင်းနှင့် အနာဖြစ်နေခြင်းတို့ကို သိနိုင်မည်မဟုတ်ပါ။
ထိုအခါ ဖြစ်ပေါ်လာတဲ့အနာတွေကနေတစ်ဆင့် ပိုးမွှားများဝင်နိုင်ပါတယ်။ သွေးကြောများကလည်းပျက်စီးနေသောကြောင့် သွေးစီးဆင်းမှုမကောင်းဘဲ အနာကျက်ရင်ခက်ခဲစေပါတယ်။ ထိုအခါ အနာသည်ပိုဆိုးလာပြီး ပုတ်သည်အထိဖြစ်လာနိုင်ပါသည်။
ပုတ်လာသည်ဆိုသည်မှာ အနာပတ်လည်က တစ်လျှူးများ၊ ကြွက်သာများ နှင့် အရေပြားတို့သည်ပျက်စီးလာပြီးသေကြေပျက်စီးခြင်းကိုဆိုလိုပါတယ်။
ဆီးချိုအနာကြောင့် ပုပ်လာတဲ့ အစိတ်အပိုင်းတွေကို ကုသမှု မခံယူရင် ဘာတွေဖြစ်လာနိုင်သလဲ ?
ခြေထောက်မှာ အနာဖြစ်လာရင် သို့မဟုတ် ပုပ်လာရင်တော့ သေချာ ဆေးကုသမှု ခံယူသင့်ပါတယ် ပေါ့ဆလို့ မရပါဘူး။ သေချာ ဆေးကုသမှု ယူရင် မသက်သာလာရင်တော့ Amputation လို့ခေါ်တဲ့ ဖြတ်ရတဲ့အထိ ဖြစ်လာနိုင်ပါတယ်။
ဖြတ်တောက်ခြင်းက ခွဲစိတ်မှု တစ်မျိုးဖြစ်ပြီး မကောင်းတော့တဲ့ ခြေချောင်း၊ ခြေဖဝါး သို့မဟုတ် ခြေထောက်အစိတ်အပိုင်းကို ခွဲစိတ်ဖြတ်တောက်ခြင်းဖြင့် ရောဂါပိုးမွှားများ မပြန့်အောင် ကာကွယ်ခြင်းဖြင့် အသက်ကို ကယ်ခြင်း ဖြစ်ပါတယ်။
သတင်းကောင်း အနေနဲ့ ပြောရရင်တော့ ဒီလို ရောဂါ ကြီးကြီးမားမားမဖြစ်အောင် ကြိုတင် ကာကွယ်လို့ ရပါတယ်။
ဒါဆို ကိုယ်ဟာကို ခြေထောက်ပြဿနာ မဖြစ်အောင် ဘယ်လို လုပ်ဆောင်ရမှာလဲ?
ပထမဆုံးအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ကောင်းမွန်အောင်ထိန်းခြင်းဖြင့် အာရုံကြောနှင့် သွေးကြောများ ထိခိုက်ပျက်စီးမှုကို နည်းအောင် ထိန်းထားနိုင်ပါတယ်။
နောက်တစ်ချက် အနေနဲ့ မိမိ၏ခြေထောက်ကို ဂရုတစိုက် စစ်ဆေးကြည့်ရှုနေပြီး ဆရာဝန်နဲ့ ကုသမှု ခံယူတဲ့အခါ ခြေထောက်ကိုပါ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ အလေးအနက် ထားပြီး ကြည့်ရှူ စစ်ဆေးဖို့ လိုအပ်ပါတယ်။
ကျန်းမာသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။