ဆီးချိုရောဂါနှင့်သင်၏ခြေထောက်ကျန်းမာရေး

ဆီးချိုရောဂါဆိုတာ မပေါ့ဆသင့်တဲ့ရောဂါတစ်ခုဖြစ်တယ်။ ဆီးချိုရောဂါဖြစ်နေပြီဆိုရင် တော်တော်များများက သွေးတွင်းသကြားဓာတ်စစ်ခြင်း၊ ကျန်းမာတဲ့ အစားအသောက် ကို ဂရုတစိုက်စားသုံးခြင်း၊ ဆေးဝါးများဖြင့် ထိန်းသိမ်းခြင်းတွေကိုတော့ သတိမလျော့ဘဲ လုပ်တတ်ကြပြီး ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်တဲ့ မိမိ၏ ခြေထောက်ကျန်းမာရေးကိုတော့ နောက်ဆုံးထားပြီးမှ သတိရတတ်ကြတယ်။ ဆီးချိုရောဂါရှိသူများရဲ့ ထက်ဝက်ကျော်က ခြေထောက်နှင့်ဆိုင်တဲ့ ပြဿနာတွေခံစားနေရတယ် ဆိုတာ သတိပြုဖို့လိုအပ်ပါတယ်။ ဆီးချိုရောဂါက ခန္ဓာကိုယ်ရှိ အာရုံကြောများကို ထိခိုက်စေတယ်။ များသောအားဖြင့် ခြေထောက်ရှိအာရုံကြောများကို အထိခိုက်ဆုံးဖြစ်တယ်။ ဒါကြောင့် ကိုယ့်ခြေထောက်ကိုယ် အာရုံခံမှုအားနည်းလာပြီး ခြေထောက်ထိခိုက်လို့ ထိခိုက်မိမှန်းမသိဘဲ မလိုလားအပ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

ဆီးချိုရောဂါသည်များခြေထောက်အနာ မဖြစ်အောင်ဘယ်လိုဂရုစိုက်မလဲ ?

(က) မိမိ၏ ခြေထောက်ကျန်းမာရေးကို အစဉ်တစိုက်စောင့်ကြည့်ခြင်း (ဥပမာ သင်၏ခြေထောက်တွင် ရှရာ၊ပွန်းရာ၊ အနာ၊ အရည်ကြည်အိတ်၊ အသားအရည် အရောင်ပြောင်းလဲခြင်း ၊ အပူချိန်ပြောင်းလဲသွားခြင်း စတာတွေတွေ့ရှိပါက သက်ဆိုင်ရာကျွမ်းကျင်ဆရာဝန်နှင့် ချက်ချင်းပြသသင့်ပါတယ်)။

(ခ) မိမိ၏ခြေထောက်ကို နေ့စဉ်သန့်စင်ပေးခြင်း (သင်၏ခြေထောက်ကို ရေနွေး ၊ဆပ်ပြာအပျော့စားဖြင့် နေ့စဉ်ဆေးသင့်ပါတယ်။ သို့ပေမဲ့ အပြင်းစား ဆပ်ပြာများသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ် ။အပြင်းစားဆပ်ပြာများသည် အသားအရည်ခြောက်သွေ့ခြင်းကိုဖြစ်စေပြီး ခြောက်သွေ့သော အသားအရည်ကြောင့် မလိုလားအပ်သော ပိုးဝင်ခြင်းများဖြစ်ပေါ်တတ်ပါတယ်။

(ဂ) မိမိ၏ခြေထောက်ကို moisturizer (အစိုဓာတ်)နေ့စဉ်လိမ်းပေးခြင်း။

(ဃ) ခြေသည်းပုံမှန်ညှပ်ပေးခြင်း (ခြေသည်းများကို သေသေချာချာညှပ်ပေးခြင်းဖြင့် ပိုးဝင်ခြင်းကိုဖြစ်စေသော ခြေစွယ်ငုတ်ခြင်းကို ကာကွယ်ပြီးသားဖြစ်ပါတယ်)။

(င) သက်သောင့်သက်သာဖြစ်စေသော၊ မိမိခြေထောက်size နှင့် ကွက်တိဖြစ်သော ဖိနပ်များကိုသာ ဝတ်ဆင်သင့်ပါတယ်။ အကယ်၍shoe ဖိနပ်ဝတ်တတ်တဲ့သူဆိုရင် ခြေအိတ်မပါဘဲ မဝတ်ဆင်သင့်ပါ။ မလိုလားအပ်သော အရည်ကြည်ဖု များမဖြစ်ပေါ်အောင်ကာကွယ်ခြင်းဖြစ်ပါတယ်။

(စ) မိမိ၏ သွေးတွင်းသကြားဓာတ်ကို သက်ဆိုင်ရာဆရာဝန်နှင့်ပြသပြီး ထိန်းညှိခြင်း (သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းခြင်းဖြင့် ဆီးချိုရောဂါကြောင့်ဖြစ်စေသော နောက်ဆက်တွဲခြေထောက်အနာများကို ကာကွယ်နိုင်ပါတယ်)။

(ဆ) နှစ်စဉ် မိမိ၏ခြေထောက်ကို သက်ဆိုင်ရာ ဆရာဝန်နှင့်ပြသခြင်း စသည့်အချက်များကို လိုက်နာကျင့်သုံးခြင်းဖြင့် ခြေထောက်အနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။