CPAP mask တွေ ကအမျိုးအစားအများကြီးပဲ။ ဘာတွေကွာခြားတာလဲ?

CPAP စက်တွေကို ကျန်းမာရေးအတွက် အသုံးချကြတဲ့အခါ ရွေးချယ်စရာ Mask အမျိုးအစားတွေ အများကြီးရှိတာကို တွေ့ရတဲ့အခါ လူနာတွေ အမေးအများဆုံးဖြစ်တဲ့ ဘာကွာလဲ နဲ့ ဘာအမျိုးအစားကို ရွေးရမလဲ ဆိုတာ ကို အသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်။

ထိရောက်တဲ့ကုသမှုရှိဖို့ ကိုယ့်မျက်နှာနဲ့ ကိုက်ညီတဲ့mask အမျိုးအစားနဲ့ ကွက်တိ ကျတဲ့size ကိုရွေးချယ် တတ်ဖို့ အလွန်ရေးကြီးပါတယ်။

Mask တွေကို အကြမ်းဖျင်း အနေနဲ့ 

၁။ Full Face Mask

၂။Nasal Mask

၃။Nasal Pillow Mask

၄။Hybrid Mask

၅။Nasal Prong Mask

၆။Total Face Mask

၇။Oral Mask ဆိုပြီး ၇ မျိုးခွဲထားပြီး တစ်ခုချင်းဆီမှာ Mask Frame , Mask headgear နဲ့ Mask Cushion ဆိုပြီး အစိတ်အပိုင်းသုံးခုပါပါတယ်။ Size တွေက များသောအားဖြင့်Small, Medium, Large ၃ ခုရှိပြီး တချို့ brand တွေမှာတော့ XL ထိပါ ရနိုင်တဲ့ အမျိုးအစားတွေရှိပါတယ်။

အသုံးအများဆုံးက အပေါ်ဆုံး သုံးခုဖြစ်တဲ့

၁။ Full Face Mask

၂။ Nasal Mask

၃။ Nasal Pillow Mask တို့ပဲဖြစ်ပါတယ်။

လူနာရဲ့

*မျက်နှာ အနေအထားနဲ့ အရွယ်အစား

*တစ်ဦးချင်းစီရဲ့ အကြိုက် နဲ့ သက်တောင့်သက်သာ ဖြစ်မှု

*ပါးသိုင်းမွှေး နဲ့ မုတ်ဆိတ်မွှေးရှိမရှိ

*မွန်းကြပ်ပိတ်လှောင်ခြင်း ကိုကြောက်တဲ့စိတ် (Claustrophobia)ရှိမရှိ 

*နှာခေါင်းနဲ့ အသက်ရှုလမ်းကြောင်းအကျဉ်းအကျယ်၊ နှာခေါင်းရောဂါ(ဥပမာ အကြိတ်၊အသားပို) ရှိမရှိ ပေါ်မူတည်ပြီး ရွေးချယ်ရမှာ ဖြစ်ပါတယ်။

၁။ Full Face Mask (နှာခေါင်းနဲ့ ပါးစပ် နှစ်မျိုးလုံးအုပ်သော mask)

ဘေးလေးဘက်ကနေ ကြိုးနဲ့ လုံခြုံစွာဆွဲထားပြီး ခိုင်ခံ့တဲ့ ပုံစံအနေအထားနဲ့ နှာခေါင်းရော ပါးစပ်ပါအုပ်တဲ့ mask အမျိုးအစားဖြစ်ပါတယ်။

ဒါတွေဖြစ်ရင်ရွေးပါ။

၁။ နှာခေါင်းရော ပါးစပ်ရောနဲ့ အသက်ရှူလေ့ရှိတဲ့သူ

၂။အိပ်နေစဉ် ပါးစပ် ပွင့်တတ်တဲ့အတွက် မေးသိုင်းကြိုး သီးသန့်မသုံးချင်တဲ့သူ။

၃။မကြာခဏ နှာစေး ပြီးနှာခေါင်းပိတ်တတ်သူနဲ့ နှာခေါင်းမှ အကြိတ်ကဲ့သို့ အလုံးရှိသောသူ။

အားနည်းချက်

၁။နှာခေါင်းရော ပါးစပ် ပါအုပ်ထားတာဖြစ်တဲ့အတွက် ထူထဲနေတဲ့ ပုံစံကို စိတ်မသက်မသာ ဖြစ်တတ်တဲ့သူ

၂။မွန်းကြပ်ပိတ်လှောင်ခြင်း ကိုကြောက်တဲ့စိတ် (Claustrophobia) ရှိတဲ့သူ

၃။ air leakage က nasal mask ထက် ဖြစ်နိုင်ချေပိုများခြင်း

၂။ Nasal Mask (နှာခေါင်းသီးသန့် အုပ်သော Mask)

နှာခေါင်းကိုပဲသီးသန့်အုပ်ထားတာဖြစ်တဲ့အတွက် ညဘက်မျက်မှန် တပ်ပြီး စာဖတ်တတ်တဲ့သူတွေ နဲ့ ရှင်းရှင်းလင်းလင်း ဖြစ်တာ ကြိုက်တဲ့သူတွေ ရွေးသင့်တဲ့ mask အမျိုးအစားဖြစ်ပါတယ်။ လူနာတွေအများဆုံးရွေးတဲ့ အမျိုးအစားလည်းဖြစ်ပါတယ်။

ဒါတွေဖြစ်ရင်ရွေးပါ။

၁။ Full Face Mask ကဲ့သို့ ထူထဲသော mask ပုံစံကို မကြိုက်သောသူ

၂။ ပါးပါးပြီး တပ်ဆင်ရလွယ်ကူသော ရိုးရှင်းသော design ကိုကြိုက်သောသူ

အားနည်းချက်

၁။ နှာစေးနှာပိတ်မကြာခဏဖြစ်တတ်သူနဲ့ နှာခေါင်းလမ်းကြောင်းတွင် အကြိတ်၊အသားပို နှင့် အခြား ရောဂါ ရှိသူတွေကတော့ အသက်ရှူခြင်းမှ မသက်မသာဖြစ်စေနိုင်တဲ့အတွက် မရွေးချယ်သင့်ပါဘူး။

၂။ တကယ်လို့ ကိုယ်က အိပ်နေစဉ် ပါးစပ်ပွင့်တတ်တဲ့သူဆိုရင်တော့ ပါးစပ်နဲ့လည်ချောင်းခြောက်ခြင်း ကိုခံစားရနိုင်တဲ့အတွက် မေးသိုင်းကြိုး (Chin Strap) သီးသန့်သုံးဖို့ လိုကောင်းလိုနိုင်ပါတယ်။

၃။ Nasal Pillow Mask (နှာခေါင်းအဝ တွင် နှာခေါင်းပေါက်နဲ့ကွက်တိ ဖြစ်စေသော အဆို့ပါသော Mask)

ဒါတွေဖြစ်ရင်ရွေးပါ။

အားသာချက်က အထက်ဖော်ပြပါ Nasal Mask နဲ့တူတူပဲ ဖြစ်ပါတယ်။

ဒါကိုမှ ကိုယ်က မျက်နှာအသားအရေနဲ့ mask ထိစပ်နေမှုအနည်းဆုံးကိုလိုချင်တယ်ဆိုရင်တော့ ဒီ Mask အမျိုးအစားကိုရွေးချယ်သင့်ပါတယ်။

အားနည်းချက်

အထက်ဖော်ပြပါ Nasal Mask နဲ့တူတူပဲဖြစ်ပါတယ်။

ကောင်းသောနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။