အိပ်ရာအနာ လို့ လူကြီးတွေကြားမှာ အသိများတဲ့ Bed Sore ( Pressure Ulcer and Decubitus Ulcer) ဟာ အရေပြား တစ်နေရာကို ဖိအားတစ်ခုနဲ့ အချိန်ကြာမြင့်စွာ ဖိထားမိရင် ဖြစ်လာတဲ့ အနာတစ်မျိုးပါ။ ဖြစ်ပေါ်လာတဲ့အနာဟာ အရေပြားနဲ့ အရေပြားအောက်က တစ်သျှူးကို အနာဖြစ်စေတာဖြစ်ပြီး ထိုင်နေစဉ် သို့မဟုတ် အိပ်နေစဉ် ဖိအားသက်ရောက်လွယ်ပြီး အရေပြားသာသာ ဖုံးထားတဲ့ နေရာတွေ (ဥပမာ – ခြေဖနှောင့်၊ ခြေကျင်းဝတ်၊ တင်ပါးဆုံရိုး နဲ့ မီးညောင်ရိုး နေရာတွေမှာ အဖြစ်များပါတယ်။
ဒါကလည်း အသက်အရွယ် သို့မဟုတ် ရောဂါတစ်ခုခုကြောင့် သိပ်အလှုပ်အရှားမလုပ်နိုင်လို့ အချိန်တော်တော်များများကို အိပ်ရာပေါ် နဲ့ Wheel Chair ပေါ်မှာ ကုန်ဆုံးရတဲ့ လူတွေမှာ အဖြစ်များပါတယ်။
Bed Sore တစ်ခု ဖြစ်ပေါ်လာဖို့ နာရီများစွာနဲ့ ရက်ပေါင်းများစွာ ကြာနိုင်ပြီး အနာအမျိုးအစားပေါ်မူတည်ပြီး ကုသမှု အနည်းငယ်နဲ့ပျောက်ကင်းနိုင်သလို လုံးဝပြန်မပျောက်တော့တာလည်း ရှိပါတယ်။
Bed Sore တစ်ခု ဖြစ်နေပြီဆိုတာ ဘယ်လိုသိနိုင်လဲ?
1.အရေပြားနဲ့ အရေပြား အထိအတွေ့က မူမမှန်ပြောင်းလဲလာမယ်၊
2.ယောင်ကိုင်းလာမယ်၊ ပြည်လိုမျိုး အရည်တွေ ထွက်လာမယ်၊
3.အဲ့အရေပြားတစ်ဝိုက်က အခြားနေရာတွေထက်စာရင် ပိုပူပိုအေးလာမယ်၊
4.အဲ့အရေပြားတစ်ဝိုက်ကို ထိမိရင် နာနေမယ်။
ဒါမျိုးပြောင်းလဲမှုတွေ စပြီး ဖြစ်လာပြီဆိုရင် ကိုယ့်မှာ Bed Sore ဖြစ်နေနိုင်တဲ့အတွက် သတိထားရပါတော့မယ်။ ဘာကြောင့်လဲဆိုရင် တစ်ချို့သော Bed Sore တွေကအရေပြားကို အနာတရ ဖြစ်စေရုံသာမက အတွင်းထိလှိုက်စားပြီး အရေပြားအောက်က အဆီ၊ ကြွက်သားနဲ့ အရိုးထိပါ ပါဝင်စေလို့ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါ မနက်သေးခင် ဖြစ်ဖြစ်ချင်းတည်းက ဂရုစိုက်ပေးဖို့ လိုအပ်တာပါ။
Bed Sore ဖြစ်လေ့ရှိသော နေရာများ
Wheelchair အသုံးပြုရတဲ့ လူနာတွေ က အမြဲထိုင်နေရတာ ဖြစ်တဲ့အတွက် –
၁။ထိုင်တဲ့နေရာတွေဖြစ်တဲ့ မီးညှောင်ရိုး ၊ တင်ပါး
၂။ ထိုင်ရင်းမှီထားတဲ့ လက်ပြင်ရိုးနေရာ၊ ကျောရိုးတစ်လျှောက်
၃။ထိုင်နေရင် wheelchair ပေါ်တင်ထားတဲ့နေရာတွေ ဖြစ်တဲ့ လက်အောက်ဘက်၊ အနောက်ဘက်၊ ခြေထောက် အနောက်ဘက်
အမြဲ ကုတင်ပေါ် အိပ်နေရတဲ့ လူနာတွေက-
၁။ဦးခေါင်း အနောက်ဘက်၊ ဘေးဘက်
၂။လက်ပြင်ရိုး
၃။တင်ပါးဆုံရိုး၊ ကျောအောက်ဘက်၊ မိညောင်ရိုး
၄။တင်ပါးဆုံရိုး၊ ခြေကျင်းဝတ်၊ ဒူးခေါင်းအနောက်ဘက်
Bed Sore ဘာကြောင့်ဖြစ်တာလဲ? ဘယ်လိုလူတွေမှာ ဖြစ်တာလဲ?
အလှုပ်အရှားမရှိတဲ့ လူတွေဟာ ထိုင်နေရင် ဖြစ်စေ လှဲနေရင်ဖြစ်စေ နေရာ တစ်ခုကို ဖိအားခုနဲ့ အချိန်ကြာမြင့်စွာ ဖိမိထားလျက်သားဖြစ်နေတဲ့အတွက် အဲ့နေမှာ အရေပြားကို သွေးစီးဆင်းမှု အနှောင့်အယှက်ဖြစ်စေပြီး ပွတ်တိုက်မှုတစ်ခု ဖြစ်ပေါ်လာတာနဲ့ လွယ်ကူစွာ အနာတရဖြစ်စေတာပါ။
Bed Sore တစ်ခုဖြစ်ပေါ်ဖို့ အချက်သုံးချက်လိုပါတယ်။
၁။ဖိအားတစ်ခု (Pressure) : ဖိအားတစ်ခုနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို ဖိထားလိုက်တဲ့အခါ အဲ့နေရာမှာ သွေးစီးဆင်ူမှု နည်းသွားပါတယ်။ သွေးမှာ တစ်သျှူးကိုပေးမဲ့ အစာအာဟာရနဲ့ အောက်ဆီဂျင်ကိုသယ်ဆောင်လာတဲ့အခါ ဒီ သွေးစီးဆင်းမှုအနှောင့်အယှက်က တစ်သျှူးကို ထိခိုက်စေပြီး ပျက်ဆီးတဲ့အထိ ဖြစ်သွားစေပါတယ်။ ဒီကိစ္စဟာ ကြွက်သွားနဲ့ အဆီနည်းတဲ့နေရာတွေဖြစ်တဲ့ မိညှောင်ရိုး၊ ကျောရိုး၊ လက်ပြင်ရိုး၊ တင်ပါးဆုံရိုး၊ ခြေမျက်စိ နဲ့ တံတောင်ဆစ်တွေမှာ အဖြစ်များပါတယ်။
၂။ပွတ်တိုက်မှု( Friction) : အရေပြားနဲ့ အဝတ် သို့မဟုတ် အိပ်ရာခင်းနဲ့ပွတ်တိုက်ခြင်းက အခုနက သွေးစီးဆင်းမှု အားနည်းနေတဲ့ နေရာတွေမှာ အနာတရဖြစ်ဖို့ ပိုအားပေးပါတယ်။ အထူးသဖြင့် အရေပြားက စိုစွတ်နေတဲ့အချိန် ပွတ်တိုက်မှုက အနာဖြစ်ဖို့ ပိုလွယ်ကူစေပါတယ်။
၃။ပွန်းမှု (Shear) : အရာဝတ္ထုနှစ်ခုက မတူညီတဲ့ direction နှစ်ခုကို သွားနေတုန်းတွေ့ဆုံလာရင် ပွန်းမှု ဖြစ်ပေါ်ပါတယ်။ ဥပမာ ခေါင်းအုံးပေါ် ခေါင်းတင်ထားတုန်း ကိုယ်က အောက်ကို လျှောဆင်းလိုက်မယ်ဆိုရင် ခေါင်း၊ လက်ပြင်ရိုး၊ ကျောရိုးတွေက အိပ်ရာခင်းနဲ့ခေါင်းအုံး မှာ ပွန်းမှု ဖြစ်နိုင်တာမျိုးပါ။
Bed Sore ဆိုတာ အနာဖြစ်ရုံသတ်သတ်လား?
Bed Sore ဟာအနာဖြစ်ရုံသတ်သတ် ဆို ကျမတို့ဟာ အနာမှာဆေးထည့်လိုက်ရုံနဲ့ပျောက်ကင်းတဲ့အတွက် စကားထဲတောင်ထည့်ပြောနေမှာ မဟုတ်ပါဘူး။
Bed Sore မှတစ်ဆင့် ပိုမိုပြင်းထန်တဲ့ အသက်အန္တရာယ်ရှိတဲ့ အရေပြားနှင့်တစ်သျှူးထဲသို့ပိုးဝင်ခြင်း (Cellulitis) ၊ အရိုးနှင့် အဆစ်များသို့ပိုးဝင်ခြင်း (Bone and Joint Infection) နဲ့ သွေးထဲ ပိုးဝင်ခြင်း(Sepsis) တွေအပြင် Cancer ထိပါ ပြင်းထန်တဲ့အခြေအနေကို ရောက်နိုင်ပါတယ်။
ဒါကြောင့် လှုပ်ရှားမှုမရှိတဲ့သူတွေ၊ ဆီးမထိန်းနိုင်လို့ အရေပြားမှာ ဆီးလက်ကျန်တွေ ပေကျံနေနိုင်တဲ့သူတွေ၊ အာရုံကြောမကောင်းလို့ အထိုင်အအိပ်ကြာလာရင် နာကျင်မှုမခံစားရလို့ လှုပ်ရှားဖို့ သတိမေ့နေတဲ့သူတွေ၊ အစားကောင်းကောင်းမစားလို့ အနာဖြစ်လာရင် ကောင်းမွန်စွာအနာကျက်မမြန်တဲ့သူတွေ၊ သွေးစီးဆင်းမှု အနှောင့်အယှက်ဖြစ်စေမဲ့ ရောဂါတစ်ခုခုရှိတဲ့သူတွေမှာ Bed Sore အဖြစ်များပါတယ်။
ဒါကြောင့် အနာတစ်ခုခုဖြစ်လာပြီဆို မပေါ့သင့်ဘဲ ဆရာဝန်ပြသင့်တဲ့အချိန်မှာ ပြရမှာဖြစ်ပါတယ်။
မိမိက Bed Sore ဖြစ်နိုင်ချေရှိတဲ့ လူတွေထဲပါရင် မဖြစ်အောင်ဘယ်လို ကာကွယ်ရမလဲ?
မကြာခဏ ထိုင်တဲ့ပုံစံနဲ့ အိပ်တဲ့ ပုံစံကို ပြောင်းပေးပါ။
၁။မိမိ ကိုယ်ခန္ဓာအလေးချိန်သက်ရောက်နေတဲ့နေရာကို တစ်နေရာတည်းဖြစ်မနေအောင် မကြာခဏ ပုံစံပြောင်းပေးပါ။
၂။မိမိက wheelchair ပေါ်မှာအမြဲ ထိုင်နေရတဲ့သူဖြစ်ပါက ကိုယ်အပေါ်ပိုင်းအား ကို သုံးပြီး လက်ရမ်းကို ထောက်ကာ မကြာခဏ ခန္ဓာကိုယ် အနေအထားကိုပြောင်းပေးပါ။
၃။ထိုင်ရတာ သက်တောင့်သက်သာဖြစ်မဲ့ Cushion ပုံစံနဲ့ Pressure ကို ခံနိုင်မဲ့ အထူးCushion အမျိုးအစားကို ရွေးချယ်ဖို့ စဉ်းစားပါ။ အလယ်မှာ အပေါက်ပါတဲ့ Cushion အမျိုးအစားတွေကတော့ ဘေးဘက်တွေကို pressure ပိုပိစေတဲ့အတွက် မရွေးသင့်ပါ။
၄။တကယ်လို့ မိမိ ကုတင်က ဦးခေါင်းပိုင်းကိုမြှင့်လို့ရတယ်ဆိုရင် ၃၀ ဒီဂရီထက်မပိုဘဲ မြှင့်ထားပါ။ ဒါက ပွန်းမှု (Shear) ကိုကာကွယ်ပေးမှာပါ။
အရေပြားကို အမြဲသန့်ရှင်းခြောက်သွေ့နေအောင် ဂရုစိုက်ပါ။
၁။ကိုယ်ခန္ဓာ အရေပြား အထူးသဖြင့် ဆီးမထိန်းနိုင်တဲ့လူနာတွေမှာ ဆီးကျန်တွေထိတွေ့မှုရှိနိုင်တဲ့နေရာတွေကို သေချာ သန့်ရှင်းပေးရပါမယ်။
၂။အစိုဓာတ်ထိန်း Cream တွေသုံးသင့်ရင်သုံးပြီး အိပ်ရာခင်း အသားကြမ်းတွေနဲ့ အဝတ်အထည် အသားကြမ်းတွေ သုံးခြင်းမှရှောင်ပါ။
၃။နေ့တိုင်း ခန္ဓာကိုယ်ရဲ့ အရေပြားပြောင်းလဲမှုကို စောင့်ကြည့်ပါ။
ဆရာဝန်နဲ့ ဘယ်အချိန်ရောက်ရင် ပြသင့်ပြီလဲ?
တကယ်လို့ မိမိ အရေပြားမှာ ပြောင်းလဲမှုတစ်ခုခုဖြစ်လာလို့ ၂၄နာရီမှ ၄၈နာရီ အတွင်းတိုးတက်မှု မရှိဘူးဆိုရင် ဆရာဝန်ပြဖို့ လိုအပ်ပါပြီ။
တကယ်လို့ ပိုးဝင်ခြင်း လက္ခဏာတွေဖြစ်တဲ့ အဖျား၊ ပြည်တည်ခြင်း၊ အနာမှ အနံ့ဆိုးထွက်ခြင်း၊ အရေပြား အရောင်ပြောင်းလဲခြင်း၊ ရောင်ရမ်းခြင်းတွေရှိလာပြီဆို ချက်ချင်း ဆရာဝန်နဲ့တိုင်ပင်ရပါမယ်။