အကြားအာရုံလေ့ကျင့်ခြင်း (Auditory Training)

အကြားအာရုံလေ့ကျင့်ခြင်း (Auditory Training) နှင့် အကြားအာရုံ ပြန်လည်သန်စွမ်းအောင်ပြုလုပ်ခြင်း (Auditory Rehabilitation) က မတူညီပါဘူး။ အကြားအာရုံလေ့ကျင့်တယ်ဆိုတာက ကိုယ်တိုင်အိမ်မှာ စမတ်ဖုန်းများနှင့်လည်း လုပ်ဆောင်နိုင်ပြီး အကြားအာရုံပြန်လည်သန်စွမ်းအောင် ပြုလုပ်တာက တတ်ကျွမ်းပညာရှင်‌တွေနဲ့ ဆေးရုံ၊ မှာ လေ့ကျင့်ရတာဖြစ်ပါတယ်။

အကြားအာရုံ ပြန်လည်သန်စွမ်းအောင်ပြုလုပ်ခြင်း (Auditory Rehabilitation) က ခွဲစိတ်နားကြားကိရိယာ (Cochlear Implant) တပ်ဆင်ထားသူတွေနှင့် Auditory Processing Disorder ကဲ့သို့ အကြားအာရုံထိခိုက်ထားသူတွေကို အဓိက ထားပါတယ်။

အကြားအာရုံလေ့ကျင့်ခြင်းကတော့ အသက်ကြီးခြင်းကြောင့်ဖြစ်တဲ့ အကြားအာရုံကျဆင်းခြင်း (Age-related Hearing Loss)၊ နားကြားကိရိယာတပ်ခါစသူတွေ၊ နားကြားကိရိယာတပ်ရန် မလိုအပ်သေးသော အကြားအာရုံချို့ယွင်းခြင်းအဆင့်ရှိသူတွေမှာ လုပ်ဆောင်နိုင်ပါတယ်။

Auditory Training ပြုလုပ်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ

နားထောင်နိုင်စွမ်းတိုးတက်အောင် လေ့ကျင့်ခြင်းက နားအတွင်းက ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြန်ကောင်းအောင်လုပ်ပေးတာမျိုးမဟုတ်ပါဘူး။ ဦးနှောက်ရဲ့ ဘာသာပြန်တဲ့ စွမ်းရည်ကို ‌‌လေ့ကျင့်ပေးခြင်း ဖြစ်ပါတယ်။

  • စကားသံများ ကွဲပြားလာနိုင်ခြင်း။
  • လူအများနှင့် ဆက်သွယ်နိုင်သောစွမ်းရည် တိုးတက်လာခြင်း။
  • နားကြားကိရိယာများ၏ စွမ်းဆောင်ရည်ကို ပိုမိုထိရောက်စေနိုင်ခြင်း။
  • ပိုမိုကောင်းမွန်သော လူနေမှုဘဝကို ရရှိစေနိုင်ခြင်း။

အိမ်မှာ လေ့ကျင့်လို့ရနိုင်မည့်နည်းလမ်းများ

(၁) လေ့ကျင့်ပါ။

သင့်ရဲ့ အကြားအာရုံစွမ်းရည် တိုးတက်အောင် ပြုလုပ်နိုင်ဖို့ အရေးကြီးဆုံး နည်းလမ်းက လေ့ကျင့်ဖို့ ဖြစ်ပါတယ်။ စားသောက်ဆိုင် စျေးဆိုင်တန်းတွေလို အသံတွေ ရှုပ်နေတဲ့နေရာမှာ ကြိုးစားပြီး နား‌လည်အောင် နားထောင်ကြည့်ပါ။ အိမ်မှာလည်း အခြားသူများနှင့် စကားပြောချိန်မှာ တီဗီ သို့မဟုတ် ရေဒီယိုအသံတွေကို နောက်ခံ ဖွင့်ထားခြင်းဖြင့်လည်း လေ့ကျင့်နိုင်ပါတယ်။

(၂) အသံလာရာကို ခန့်မှန်းပါ။

မျက်စိမှိတ်ထားပါ။ ထို့နောက် သင်နှင့်စကားပြောသူကို အခန်း၏ နေရာအမျိုးမျိုးသို့ ရွှေ့စေပြီး စကားပြောခိုင်းပါ။ အသံလာရာ‌နေရာ၊ အကွာအဝေးကို ခန့်မှန်းကြည့်ပါ။

(၃) တရားထိုင်ပါ။

အသံတွေကို ဦးနှောက်က ဘာသာပြန်ပေးတာကြောင့် အာရုံစူးစိုက်မှုကောင်းအောင် တရားထိုင်ခြင်းကလည်း အသံတွေကို ခွဲခြမ်းစိတ်ဖြာနိုင်မှု အတွက် အရေးကြီးပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ တရားထိုင်ခြင်းဟာ အာရုံစူးစိုက်မှု အားကောင်းစေပြီး သင့် ခန္ဓာကိုယ်တစ်ခုလုံးနှင့် ဦးနှောက်ကို သွေးလည်ပတ်မှုကောင်းစေတယ်လို့ တွေ့ရပါတယ်။

(၄) အသံများကို ခွဲခြမ်းစိတ်ဖြာပါ။

မိမိကိုယ်တိုင် အသံများကို လိုက်နားထောင်ခြင်း (Active Listening) ဖြင့် ဦးနှောက်က အသံတွေကို သေချာမှတ်မိနိုင်ပါတယ်။ မျက်လုံးမှိတ်ထားပြီး မိမိပတ်ဝန်းကျင်က အသံတွေကို တစ်ခုချင်းစီ စက္ကန့်အနည်းငယ်ကြာ အာရုံစူးစိုက်ထားပြီး မည်သည့် အသံ ဖြစ်ကြောင်းကို ခွဲခြမ်းစိတ်ဖြာပါ။

(၅) သီချင်းဆိုပါ။

ဆူညံသံများတဲ့နေရာမှာ သီချင်းဆိုခြင်းက စကားသံကို သေချာကြားနိုင်စေဖို့ အထောက်အကူပြုတယ်လို့ သုတေသီတွေက ဆိုကြပါတယ်။

Reference