သိုင်းရွိုက်ဟော်မုန်း (Thyroid Hormone) နဲ့ အိပ်ဟောက်ရှူပိတ်ရောဂါ ဘယ်လိုဆက်စပ်မှုရှိလဲ❓

သိုင်းရွိုက်ဟော်မုန်း ရဲ့ အဓိကတာဝန် ကတော့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ပုံမှန်လည်ပတ်နိုင်စေရန် လုပ်ဆောင်ပေးနေတဲ့ ဟော်မုန်း တစ်မျိုးဖြစ်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေထဲက ခန္ဓာကိုယ်ရဲ့ ကြွက်သားတည်ဆောက်မှုနဲ့ ဖြိုခွဲမှု အပိုင်းတွေမှာ အဓိက သက်ရောက်မှုဖြစ်စေတယ်။

📌သိုင်းရွိုက်‌ဟော်မုန်းများတဲ့ ရောဂါ (Hyperthyroid)

သိုင်းရွိုက်‌‌ဟော်မုန်းများတဲ့သူတွေမှာဆိုရင် ပုံမှန်ထက် ဇီဝကမ္မဖြစ်စဉ်တွေ ဖြစ်ပျက်မှုများတဲ့အတွက် နှလုံးခုန်မြန်ခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်း၊ ညဘက်တွေမှာ ချွေးစေးပြန်ကာ အိပ်မရဖြစ်ခြင်း စတဲ့ လက္ခဏာတွေကြောင့် ညဘက်တွေမှာ ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရရှိနိုင်မှာမဟုတ်ပါဘူး။ သိုင်းရွိုက်ဟော်မုန်းများခြင်းအပြင်လည်ပင်းကြီးရောဂါနှင့် တွဲဖြစ်ပါက အသက်ရှူလမ်းကြောင်းကို ကျဥ်းစေပြီး အိပ်နေစဥ် အသက်ရှူရပ်ခြင်း (Obstructive Sleep Apnea) ကိုလည်းဖြစ်စေနိုင်ပါတယ်။ OSA ‌ရောဂါအခံရှိသူတွေမှာလည်း လည်ပင်းကြီးရောဂါကြောင့် ရှိပြီးသား‌ OSA ရောဂါအခြေအနေကိုလည်း ပိုဆိုးစေပါတယ်။

📌သိုင်းရွိုက်‌ဟော်မုန်းနည်းတဲ့ ရောဂါ (Hypothyroid or Underactive Thyroid)

သိုင်းရွိုက်‌‌ဟော်မုန်းနည်းတဲ့သူတွေမှာ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဥ်တွေ နှေးတာကြောင့် အဆီတွေကို ‌ချေဖျက်နိုင်စွမ်းကျဆင်းပြီး အဝလွန်ခြင်းဖြစ်လာတတ်ပါတယ်။ လည်ပင်းနားတစ်ဝိုက်မှာ အဆီစုတာများလာခြင်း၊ လည်ပင်းကြွက်သားများပြေလျော့လာခြင်းကြောင့် အသက်ရှူလမ်းကြောင်းကျဥ်းခြင်း၊ ပိတ်ခြင်းတွေဖြစ်ပြီး အိပ်နေစဥ်အသက်ရှူရပ်ခြင်း (OSA) ရောဂါဖြစ်စေနိုင်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းနဲ့ အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) က အပြန်အလှန်ဆက်စပ်မှုရှိနေတတ်ပါတယ်။ အထက်မှာဖော်ပြ ထားတဲ့ အတိုင်း သိုင်းရွိုက်ဟော်မုန်းအနည်းအများကြောင့် OSA ရောဂါဖြစ်နိုင်သလို OSA ရှိခြင်းကြောင့်လည်း သိုင်းရွိုက်ဟော်မုန်းနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ OSA ရောဂါရှိသူတွေမှာဆိုရင် ကောင်းမွန်တဲ့ အိပ်စက်ခြင်း မရရှိတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်တွေကို ကမောက်ကမ ဖြစ်စေပါတယ်။ (Reference – National Library of Medicine) သိုင်းရွိုက်ဟော်မုန်း အနည်းအများ‌မမှန်ခြင်းကလည်း ဒီဖြစ်စဥ်တွေထဲက တစ်ခုအပါအဝင်ဖြစ်တာကြောင့် OSA ရှိသူတွေအနေနဲ့လည်း မိမိရဲ့ နေထိုင်စားသောက်မှုပုံစံကို ဆင်ခြင်ခြင်းဖြင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲအန္တရာယ်ဖြစ်တဲ့ သိုင်းရွိုက်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်စေဖို့ ဗဟုသုတ မျှဝေပေးလိုက်ပါတယ်။