နားအူခြင်း၊ အသံတစ်ဝီဝီမြည်ခြင်းအတွက် အသံကုထုံး

နားအူခြင်း၊ အသံတဝီဝီမြည်ခြင်းအကြောင်း အသေးစိတ်ကို ဤလင့်တွင် ဖတ်ရှုနိုင်ပါတယ်။

နားအူတာက တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာဆိုရင် ပိုပြီးသိသာပါတယ်။ နားအူတာကို သူ့အလိုလို သက်သာလာစေတဲ့ ကုသနည်းတစ်ခုကတော့ အသံကုထုံးအသုံးပြုခြင်း ပါပဲ။

အသံကုထုံးဆိုတာဘာလဲ❓

အသံကုထုံးဆိုတာကတော့ အသံအမျိုးမျိုးကို အသုံးပြုပြီး နားအူတာကို သတိမပြုမိအောင် ပြုလုပ်ခြင်းပါ။

အသံကုထုံးမှာ ဘာတွေပါဝင်လဲ❓

Ambient sounds လို့ခေါ်တဲ့ တီးလုံးသံအေးအေးလေးတွေ၊ နားအူသံကို ဖုံးပေးနိုင်တဲ့ White Noise၊ Audiobook နားထောင်တာ၊ ငှက်အော်သံ၊ လေတိုက်သံကဲ့သို့ သဘာဝအသံတွေ ပါဝင်ပါတယ်။

အသံကုထုံးကိုဘယ်အချိန်မှာသုံးလဲ❓

တိတ်ဆိတ်နေတဲ့အချိန်မှာဆိုရင် ပိုအသုံးပြုသင့်ပါတယ်။ နားအူတာ၊အသံတဝီဝီမြည်တာက တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာဆိုရင် ပိုကျယ်လာတယ်လို့ ခံစားမိစေတဲ့အတွက် ဒါကိုသတိမထားမိအောင် ပြင်ပဆူညံသံနဲ့ အကြားအာရုံကို ဖုံးလွှမ်းစေတဲ့ သဘောပါပဲ။

အသံကုထုံးအတွက် ဘယ်လိုအသံက အသုံးပြုဖို့ အကောင်းဆုံးလဲ❓

လူတစ်ဦးနဲ့တစ်ဦး နားအူတာခံစားရတဲ့ အသံအကျယ်၊ အနေအထားမတူတာကြောင့် ဘယ်ဟာကအကောင်းဆုံးဆိုပြီး တစ်ထစ်ချပြောလို့မရပါဘူး။

  1. Interesting Sounds
  2. Background Sounds
  3. Relaxing Sounds ဆိုပြီး အုပ်စု၃ခု ခွဲနိုင်တယ်။

Interesting Sounds အမျိုးအစားမှာဆိုရင် အသံအနိမ့် အမြင့် အပြောင်းအလဲတွေ ပါတယ်။ သံစဥ်ထပ်နေတာမျိုး သိပ်မရှိဘူး။ နားထောင်လိုက်ရင် စိတ်ဝင်စားစရာကောင်းနေတာကြောင့် နားအူတာကို အာရုံသိပ်မစိုက်မိစေဘူး။

Background Sounds တွေကတော့ ပန်ကာဖွင့်ထားတဲ့အသံလိုမျိုး အတက်အကျမရှိ တစ်ပြေးညီ မှန်မှန်ကြားနေရတဲ့အသံမျိုးပါ။ တိတ်ဆိတ်နေတဲ့အခန်းထဲမှာဆိုရင် နားအူတဲ့အသံကို အာရုံမစိုက်မိအောင် White noise အနေနဲ့ ဖုံးပေးတဲ့သဘောပါပဲ။

Relaxing Sounds အနေနဲ့ကတော့ နားထောင်လိုက်တာနဲ့ မိမိစိတ်ကို ပေါ့ပါးစေတဲ့ အသံမျိုးကို အသုံးပြုကြပါတယ်။ (ဥပမာ – ရေလှိုင်းသံ၊ မိုးရေစက်အသံ)

📌ကိုယ်ဘာအစီအစဥ်လုပ်မှာလဲဆိုတာအပေါ် မူတည်ပြီး အထက်ပါအုပ်စု ၃ ခုထဲက ဘယ်ဟာကို နားထောင်မလဲဆိုတာကို ရွေးချယ်လို့ရပါတယ်။

📕စာဖတ်ခြင်း၊ အလုပ်လုပ်ခြင်းကဲ့သို့ အာရုံစူးစိုက်မှုလိုတဲ့ အချိန်တွေဆို Interestring Sounds တွေထက် Background Sounds သို့မဟုတ် Relaxing Sounds တွေကို နားထောင်ဖို့သင့်တော်ပါတယ်။

☕မနက်လမ်းလျှောက်ချိန်၊ ရုံးသွားရန်ပြင်ဆင်နေချိန်တွေမှာဆိုရင် အာရုံစိုက်စရာသိပ်မလိုအပ်တာကြောင့် Interesting Sounds တွေကို နားထောင်လို့ရပါတယ်။

🌃အေးဆေးအနားယူချိန်၊ ညအိပ်ရာဝင်ချိန်တွေအတွက်ဆိုရင် Background Sounds သို့မဟုတ် Relaxing Sounds တွေက ပိုပြီးအထောက်အကူဖြစ်ပါတယ်။

ဒါကတော့ ယေဘုယျအားဖြင့် အကြံပေးချက်သဘောပါ။ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူတဲ့အတွက် ကိုယ့်အတွက် အဆင်ပြေမယ့် အသံအမျိုးအစားကို ကိုယ့်စိတ်ကြိုက်ရွေးချယ်တာ ပိုကောင်းပါတယ်??

ဘယ်လောက်အသံအကျယ်ပမာဏနဲ့ နားထောင်မလဲ❓

ဘယ်အသံအမျိုးအစားကို ဘယ်အချိန်မှာ နားထောင်မလဲဆုံးဖြတ်ပြီးသွားရင်တော့ ဘယ်လောက်အသံအကျယ်ပမာဏနဲ့ နားထောင်မလဲဆိုတာ ဆုံးဖြတ်ရပါမယ်။

⚠ တော်တော်များများက အသံကုထုံးရဲ့ အသံက နားအူတဲ့အသံကို လုံးဝဖုံးလွှမ်းနိုင်ရမယ်ဆိုပြီး အသံကျယ်ကျယ်ဖွင့်တာ ကောင်းတယ်ထင်ကြပါတယ်။ ဒါဟာ လွဲမှားနေတဲ့အယူအဆပါ။ အသံကုထုံးမှ အသံပိတ်သွားတဲ့အခါမှာ နားအူတာက ပိုပြီးတော့တောင် ကျယ်သွားစေတတ်ပါတယ်⚠

✅ ဒါကြောင့် အသံကုထုံးမှ အသံကို မိမိရဲ့ နားအူတဲ့အသံနဲ့ အကျယ်ပမာဏအတူတူ သို့မဟုတ် အနည်းငယ် လျှော့ပြီးထားရပါမယ်။ Blending Volume လို့လည်း ခေါ်ပါတယ်။ အသံအကျယ်ပမာဏတူတူထားခြင်းအားဖြင့် ဦးနှောက်ကို နားအူတာကို သတိမထားမိအောင် လေ့ကျင့်ပေးပြီးသားလည်း ဖြစ်စေပါတယ်။

အသံကုထုံးအတွက်အသံကို ဘာနဲ့ဖွင့်လို့ရလဲ❓

ကိုယ့်ပတ်ဝန်းကျင်အနေအထားပေါ်မူတည်ပြီး Tabletop/Bedside Speakers/ နားကျပ်၊ နားကြားကိရိယာတွေအပြင် Smart Phone တွေမှာဆိုရင်လည်း sound therapy application တွေကို Download ဆွဲပြီး အသုံးပြုလို့ရပါတယ်။

အ‌‌‌ကောင်းဆုံး Tinnitus ဖုန်းအက်ပလီကေးရှင်းများ

  1. WIDEX ZEN | Google Play Store | Apple App Store
  2. GN ReSound Tinnitus Relief | Google Play Store | Apple App Store
  3. Starkey Relax | Google Play Store | Apple App Store

အသံကုထုံးက မိမိနိုးနေစဥ်ရော အိပ်ပျော်နေစဥ်မှာပါ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို ပေးနိုင်တာကြောင့် နားအူပြီး အသံတဝီဝီကြားနေရသူတွေအတွက် အသံကုထုံးကို စမ်းသပ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

နားအူတာကိုဖြစ်စေတဲ့အထဲမှာ နားနဲ့မသက်ဆိုင်တဲ့ အကြောင်းအရင်းတွေအများကြီးရှိပေမဲ့ အကြားအာရုံဆုံးရှုံးခြင်းနဲ့ နားအူခြင်းကတော့ ဆက်စပ်မှုရှိပါတယ်။ ဒါကြောင့် နားအူတာက အချိန်တိုအတွင်း လျင်လျင်မြန်မြန် ဆိုးဝါးလာတယ်၊ နားတစ်ဖက်တည်းမှာ ပိုဆိုးတယ်၊ နားအူတာပိုကျယ်လာတယ်၊ နှလုံးခုန်သံနဲ့အတူကြားရတယ်၊ ချာချာလည်မူးတာနဲ့ အတူ တွဲဖြစ်တယ်ဆိုရင်တော့ အကြားအာရုံဆုံးရှုံးမှုရှိရှိ၊ မရှိရှိ ဆရာဝန်နဲ့ ပြသပြီးကုသမှုခံယူသင့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *