အကြားအာရုံချို့ယွင်းနေတဲ့ လုပ်ဖော်ကိုင်ဖက်ကို ဘယ်လို အားပေးကူညီပေးနိုင်မလဲ❓

👂 အကြားအာရုံချို့ယွင်းခြင်းက ကမ္ဘာတစ်ဝှမ်းမှာ အဖြစ်များနေလျက်ရှိပါတယ်။ World Health Organization (WHO) ရဲ့ ထုတ်ပြန်ချက်အရ လူဦးရေ သန်း (၄၀၀) ကျော်က အကြားအာရုံထိခိုက်မှုကို ခံစားနေရပြီး (၂၀၅၀) ခုနှစ်မှာ လူဦးရေ သန်း (၇၀၀) ထိမြင့်တက်သွားနိုင်ချေရှိတယ်လို ခန့်မှန်းထားပါတယ်။📊

🚫 အကြားအာရုံချို့ယွင်းခြင်း က ကျနော်တို့နေ့စဥ်ဘဝနေထိုင်မှု နှင့် ပေါင်းသင်းဆက်ဆံရေး၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး နှင့် လုပ်ငန်းခွင်မှာ အခက်အခဲတစ်ချို့ ကို ကြုံတွေ့စေနိုင်ပါတယ်။ ဥပမာအားဖြင့်

☑️ ဖုန်းပြောနေချိန်၊ ဆူညံသောပတ်ဝန်းကျင်တွင် ဆက်သွယ်စကားပြောရန် ခက်ခဲခြင်း။

☑️ လုပ်ငန်းခွင်တွင် အရေးကြီးသော အကြောင်းအရာများကို မကြားလိုက်ဘဲ လွတ်သွားတတ်ခြင်း။

☑️ အထီးကျန်သလိုခံစားရခြင်း။

☑️ စကားသံများကို သေချာကြားရန် အားထုတ်ရခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဖိစီးခြင်း၊ စိုးရိမ်ပူပန်ခြင်း စတဲ့ အခက်အခဲများကို ကြုံရနိုင်ပါတယ်။

သိုပေမဲ့ ကျနော်တို့ အနေနဲ့ ထိုကဲ့သို့သောလုပ်ဖော်ကိုင်ဖက်တွေကို ကူညီဖေးမပေးနိုင်ဖို့ နည်းလမ်းတွေရှိပါတယ်။ ✨💙

📝 (၁) အကြားအာရုံထိခိုက်မှု အကြောင်းနှင့် အကျိုးသက်ရောက်မှုများကို လေ့လာပါ။

တစ်ဖက်လူကို ကူညီပေးနိုင်ဖို့ မိမိကိုယ်တိုင်က အရင်သိနေဖို့ လိုအပ်ပါတယ်။ သူတိုရဲ့ အကြားအာရုံဘယ်လိုတွေဖြစ်ခဲ့လဲဆိုတာနဲ့ ဘယ်လို ဆက်သွယ်ပြောဆိုမှုကို အားသာတယ် ဆိုတာကိုမေးပါ။ အရေးကြီးတာက သူတိုရဲ့ လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး မိမိရဲ့ ထင်မြင်ယူဆချက်တွေပြောခြင်းကို မလုပ်ပါနဲ့။ တစ်ဖက်လူကိုလေးစားမှုရှိရန်လိုအပ်ပါတယ်။

အကြားအာရုံထိခိုက်မှုအကြောင်း လေ့လာနိုင်ရန် သက်ဆိုင်ရာနယ်ပယ်မှ ပညာရှင်များ၊ အကြားအာရုံချို့ယွင်းသူတို့ ကိုယ်တိုင်ရေးထားသော စာအုပ်များ၊ ဆောင်းပါးများကို ဖတ်ပါ။ ပညာပေး ဟောပြောပွဲများ ကို တတ်နိုင်သလောက် တက်ပါ။

📝 (၂) မိမိရဲ့ ပြောဆိုဆက်သွယ်မှု နည်းလမ်းကို ညှိပေးပါ။

စကားပြောရာတွင် သင့်တော်တဲ့နှုန်းနှင့် ကြည်လင်ပြတ်သားအောင်ပြောပါ။ အော်ပြောခြင်း၊ အရမ်းမြန်လွန်း နှေးလွန်းသောအသံဖြင့်ပြောခြင်းကို ရှောင်ပါ။

စကားပြောနေချိန်တွင် တစ်ဖက်လူ၏ မျက်လုံးကိုကြည့်ပါ။ လူကိုမကြည့်ဘဲ စကားပြောနေခြင်း၊ ပါးစပ်အုပ်ထားတဲ့အနေအထားနဲ့ စကားပြောခြင်းကို ရှောင်ပါ။

တစ်ဖက်လူနားလည်သဘောပေါက်လွယ်ရန် လက်ဟန်ခြေဟန် နှင့် မျက်နှာ အမူအရာများကို တတ်နိုင်သလောက် အသုံးပြုပါ။

📝 (၃)လုပ်ငန်းခွင်တွင် အကြားအာရုံထိခိုက် ခြင်း နှင့် ပတ်သက်ပြီး ကာကွယ်နည်းများအကြောင်းကို မျှဝေဗဟုသုတပေးပါ။

မိမိ၏လုပ်ငန်းခွင်အတွင်း အကြားအာရုံချိုယွင်းခြင်းအကြောင်း၊ ဖြစ်စေနိုင်သောအကြောင်းအရင်းများ၊ ဖြစ်နိုင်ချေရှိသူများနှင့် ကြိုတင်ကာကွယ်ခြင်း အကြောင်းများကို ပညာပေးရန် အရေးကြီးပါတယ်။ သိုမှသာ လုပ်ငန်းခွင်အတွင်း ပြောဆိုဆက်ဆံရာမှာ နားလည်မှုပေးနိုင်မည်ဖြစ်ပြီး ပြင်ပလူများထံသို တစ်ဆင့်ပြီးတစ်ဆင့်မျှဝေပေးသွားနိုင်မှာဖြစ်ပါတယ်။

အကြားအာရုံဆုံးရှုံးမှုဆိုတာဘာလဲ၊ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်မှာ အကြားအာရုံထိခိုက်မှုရှိနေလျှင် လုပ်ငန်းခွင်မှာ ဘယ်လို အကျိုးသက်‌ရောက်မှုတွေရှိနိုင်လဲဆိုတာကို သိထားခြင်းဖြင့် နှစ်ဦးနှစ်ဖက်လုံးအတွက် ကောင်းမွန်တဲ့ ပြောဆိုဆက်ဆံရေးတစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်💚🍃